တီတို ဗီလာနိုဗာ ဟာ ဘာစီလိုနာ အသင်း ကို ၁ ရာသီ သာ ကိုင်တွယ် နိုင် ခဲ့ပြီး ကျန်းမာရေး ကြောင့် အနားယူ ခဲ့ရ ပါတယ် ။ အခု ဆိုရင် သူ ကွယ်လွန် ခဲ့တာ ၅ နှစ် ကြာသွားခဲ့ ပါပြီ ။ ဘာစီလိုနာ ကို ကိုင်တွယ် တဲ့ တစ်နှစ် အတွင်း မှာ လာလီဂါ ဖလား ကို အရယူ ပေးနိုင် ခဲ့ တဲ့ အပြင် အသင်း က ထာဝရ ကျေးဇူးတင် နေရ လောက်တဲ့ လုပ်ဆောင် မှု တစ်ခု ကို လည်း ပြုလုပ် ပေးသွား ခဲ့ ပါတယ် ။

တီတို ဗီလာနိုဗာ ဟာ ဘာစီလိုနာ လူငယ် အသင်း သား ဟောင်း တစ်ဦး ဖြစ်ပြီး ဂွာဒီယိုလာ စီနီယာ အသင်း နည်းပြ ဖြစ်လာ ချိန် မှာ လူငယ် အသင်း ကို နည်းပြ အဖြစ် ကိုင်တွယ် ခဲ့ ပါတယ် ။ နောက်ပိုင်း မှာတော့ ဂွာဒီယိုလာ ရဲ့ စီနီယာ အသင်း မှာ လက်ထောက် ဖြစ်လာ ခဲ့ပြီး ၂၀၁၂-၁၃ ရာသီ မှာ တော့ နည်းပြ ဖြစ်လာခဲ့ ပါတယ် ။

အဆိုပါ ရာသီ မှာ ဘာစီလိုနာ ဟာ အဆင့် ၂ နေရာ က အသင်း ကို ၁၅ မှတ် အထိ ဖြတ်ကာ လာလီဂါ မှာ ဗိုလ်စွဲ ခဲ့ပြီး သမိုင်း တစ်လျောက် အမှတ်ပြတ်မှု အများဆုံး အဖြစ် စံချိန် တင်နိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ၂၀၁၂ ဒီဇင်ဘာ ကတည်းက ဗီလာနိုဗာ ဟာ ကင်ဆာ ဝေဒနာ ကို စတင် ခံစား နေရပြီး အသင်း တာဝန်တွေ ကို မကြာ ခဏ ဆိုသလို လွဲချော် လာခဲ့ ပါတယ် ။

ရာသီ အကုန် မှာတော့ ဗီလာနိုဗာ ဟာ ရာထူး ကနေ နှုတ်ထွက် ခဲ့ပြီး ၁ နှစ် အကြာ ၊ ၂၀၁၄ ဧပြီ မှာတော့ ကင်ဆာ နဲ့ ကွယ်လွန် သွားခဲ့ရ ပါတယ် ။ ဒီလို မကွယ်လွန် ခင် ၆ ရက် အကြာ မှာ လုပ်ဆောင် ခဲ့တဲ့ အရာ တစ်ခု ဟာ ဘာစီလိုနာ အသင်း အတွက် အလွန် အရေးပါ ခဲ့စေခဲ့ ပါတယ် ။

ဗီလာနိုဗာ ရဲ့ အနီးကပ် မိတ်ဆွေ လည်း ဖြစ် ၊ အလုပ် အကိုင် ကိစ္စ တွေကို လည်း ပါဝင် ကူညီပေး ခဲ့တဲ့ ဂျော်ဒီ ရူရာ က ဗီလာနိုဗာ ဟာ ဘာစီလိုနာ ရဲ့ အတု မရှိ သူရဲ ကောင်း လီယွန်နယ် မက်ဆီ ကို အသင်းမှာ ဆက်လက် နေထိုင် သွားဖို့ ဖျောင်းဖျ နိုင် ခဲ့တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“တီတို ဟာ နောက်ဆုံး အခြေ အနေ ကို ရောက် နေပါပြီ ။ လီယို က အဲ့အချိန် မှာ အနာဂါတ် အတွက် စဉ်းစား နေတာ တွေ ရှိခဲ့ ပါတယ် ။ တီတို မကွယ်လွန် ခင် ၆ ရက် လောက် အလိုမှာ သူတို့ တွေ့ခဲ့ကြ ပါတယ် ။ နာရီ အတော်ကြာ စကားတွေ ပြောခဲ့ ကြပြီး မက်ဆီ က ဘာစီလိုနာ မှာ ဆက်ပြီး နေဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။ ဒါက ဘာစီလိုနာ အပေါ် မှာ အကြီးအကျယ် လွှမ်းမိုး သက်ရောက် ခဲ့တာပါ” လို့ ဂျော်ဒီ ရူရာ က ပြောပြ ခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ဗီလာနိုဗာ နောက်ပိုင်း ၆ နှစ် ကာလ အတွင်း မှာ ဆုဖလား ပေါင်း ၁၂ ခု အထိ ရယူ ပိုင်ဆိုင် နိုင် ခဲ့ ပါတယ် ။ အဲ့ဒီ အထဲ မှာ ချန်ပီယံ လိဂ် ဖလား ၊ လာလီဂါ ဖလား ၃ လုံး အပြင် အခြား ဆုဖလား တွေ ပါဝင် ခဲ့ ပါတယ် ။

အကယ်၍ မက်ဆီ သာ ဘာစီလိုနာ ကနေ ထွက်ခွာ သွားခဲ့ မယ် ဆိုရင် လက်ရှိ ဘာစီလိုနာ ဟာ ဘယ်လို အသင်းမျိုး ဖြစ်နေ မလဲ ဆိုတာ တွေးဖို့ မ၀ံ့ရဲ စရာပါပဲ ။ ဒါပေမယ့် အခု အချိန် မှာတော့ မက်ဆီ ကိုယ်တိုင် ဘာစီလိုနာ ဟာ ဥရောပ မှာ သူ ကစားမယ့် တစ်သင်းတည်း သော အသင်း ပါလို့ ထုတ်ဖော် ပြောဆို ပြီး ကစား သမား ဘ၀ နေ၀င်သည် အထိ ကစားသွားဖို့ စိတ်ပိုင်း ဖြတ်လိုက်ပြီ ဖြစ် ပါတယ် ။

ဒီလို ဆုံးဖြတ်ခဲ့မှု တွေ ဟာ တီတို ဗီလာနိုဗာ တစ်ဦးတည်း ကြောင့် ဟုတ်ချင် မှ ဟုတ်နိုင်ပေမယ့် သွားလေသူ နည်းပြကြီး ဟာ ဘာစီလိုနာ အတွက် အလွန် အဖိုးထိုက်တန်တဲ့ အလုပ်တစ်ခု ကို လုပ်ဆောင်ပေး နိုင်ခဲ့တယ် ဆိုတာ ကိုတော့ ငြင်းနိုင် မယ် မထင် ပါဘူး ။

SPORTS MYANMAR