ပရီးမီးယားလိဂ် ကတော့ ဒီရာသီ အကောင်းဆုံး ဘောလုံးသမား ဆု အတွက် ဆန်ကာတင် စာရင်းကို တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပြီး ၊ လီဗာပူး ကစားသမား 3 ယောက် ၊ မန်စီးတီး ကစားသမား 3 ယောက် နဲ့ ချဲဆီး ကစားသမား 1 ယောက် ပါဝင်လာခဲ့ ပါတယ်။ အဲဒီလူတွေကတော့

ဆာလတ်

မာနေး

ဗန်ဒိုက်

အဂွေးရိုး

ဘာနာဒို ဆေးဗား

စတာလင်

ဟာဇက် တို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း PFA ကနေ ချီးမြှင့် ခဲ့တဲ့ အကောင်းဆုံး ဆုတွေ မှာတော့ ဒီရာသီ အကောင်းဆုံး ဘောလုံး သမား အဖြစ် ဗန်ဒိုက်က ဆွတ်ခူး ခဲ့ပြီး ၊ လူငယ် အကောင်းဆုံး ကစားသမားဆု ကိုတော့ စတာလင်က ဆွတ်ခူး ထားခဲ့တာဖြစ်ပါတယ်။

အဂွေးရိုး – ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 5 ရာသီဆက်တိုက် 20+ ဂိုး သွင်းယူ နိုင်ခဲ့တဲ့ ဒုတိယ မြောက် တိုက်စစ်မှုး အဖြစ် မှတ်တမ်း ရေးထိုးထားနိုင်ခဲ့ပြီ ဖြစ်တဲ့ အပြင် ၊ မန်စီးတီး ရဲ့ ဒီရာသီ တိုက်စစ် လမ်းကြောင်းတွေကို အဓိက ပုံဖော် ခဲ့သူ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီရာသီ အလယ် ပွဲကျပ် ကာလတွေမှာ သူ့ရဲ့ ဟတ်ထရစ် သွင်းဂိုးတွေ နဲ့ အတူ ၊ အသင်းသားတွေ ရဲ့ စိတ်ဓါတ်တွေကို အမြင့်ဆုံး အထိ မြင့်တင် ပေးခဲ့သူ ဖြစ်ပါတယ်။

အီဒီဟာဇက် – ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှု အများဆုံး ဘောလုံး သမား အဖြစ် ရပ်တည်ထားနိုင်ခဲ့သလို ၊ သွင်းဂိုးပေါင်း ကလဲ 16 ဂိုး အထိ သွင်းယူ ထားခဲ့တာပါ။

နည်းပြ ဆာရီ ရဲ့ နည်းစနစ် အပြောင်းအလဲတွေ အောက်မှာ ၊ ကျရာ တာဝန်ကနေ အကောင်းဆုံး ဖြစ်အောင် စွမ်းဆောင် ပြခဲ့တာတော့ ဟာဇက် ရဲ့ အရည်သွေးတွေကို ပိုမို ပေါ်လွှင်စေခဲ့တယ်လို့ မှတ်ချက် ပေးရမှာ ဖြစ်ပါတယ်။

မာနေး – ရာသီ အစောပိုင်းမှာ ခြေစွမ်းပြခဲ့ပေမယ့် ၊ ဒီဇင်ဘာ ပွဲကျပ်ကာလမှာတော့ မာနေးရဲ့ စွမ်းဆောင်ရည်တွေဟာ တော်တော်လေးကို မှေးမှိန် ခဲ့ရပါတယ်။

ဒီရာသီမှာ သူ သွင်းယူခဲ့တဲ့ ဂိုးပေါင်း 20 ထဲက 13 ဂိုးဟာ ဒုတိယ ရာသီ ၀က်ရောက်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဂိုးအများစုဟာ ဦးဆောင်ဂိုးတွေ ဖြစ်တဲ့ အပြင် ၊ ပင်နယ်တီ သွင်းဂိုး လုံးဝ ပါဝင်ခြင်း မရှိခဲ့ ပါဘူး။ ဦးဆောင်ဂိုး တစ်ဂိုး ရဲ့ တန်ဖိုးကို ဘောလုံး ပရိသတ်တိုင်း နားလည်ပြီးသား ဖြစ်ကြမှာပါ။

ဆာလတ် – ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒီဆုကို ဆွတ်ခူး ခဲ့တဲ့ ဆာလတ်ဟာ ၊ ဒီရာသီမှာလဲ နောက်တစ်ကြိမ် ဆွတ်ခူး နိုင်ဖို့ ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။

အကယ်၍ ဒီတစ်ကြိမ် ထပ်မံ ဆွတ်ခူး နိုင်ခဲ့ ပါက ရိုနာဒို နောက်ပိုင်း 2 နှစ် ဆက်တိုက် ရယူနိုင်တဲ့ ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ စုစုပေါင်း သွင်းဂိုး 22 ဂိုး နဲ့ အတူ ပရီးမီးယားလိဂ် ရွှေ့ဖိနပ်ဆုကိုလဲ ထပ်မံ သိမ်းပိုက်ဖို့ အကောင်းဆုံး အနေအထားမှာ ရောက်ရှိနေခဲ့ ပါပြီ။

ဘာနာဒို ဆေးဗား – မန်စီးတီး ရဲ့ ကစားကွက်မှာ ကျရာ နေရာကတော့ ပုံစံအမျိုးမျိုး ပြောင်းလဲ ကစားခဲ့ရပေမယ့် ၊ ဘာနာဒို ဆေးဗား ရဲ့ ခြေစွမ်းကတော့ ပြောင်းလဲ ခဲ့ခြင်း မရှိတဲ့ အပြင် ပရီးမီးယားလိဂ် နောက်တန်း ကစားသမားတွေ အတွက် တားဆီးရ ခက်ခဲတဲ့ ကစားသမား တစ်ဦးပါ ဖြစ်လာခဲ့ ပါတယ်။

အထူးသဖြင့် အာဆင်နယ် ၊ ယူနိုက်တက် တို့နဲ့ ပွဲစဉ်တွေမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ သွင်းဂိုးတွေဟာ အသင်းအတွက် အရမ်းကို အရေး ပါခဲ့ ပါတယ်။

စတာလင် – ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အတိုးတက်ဆုံး ဘောလုံးသမား တစ်ယောက်လို့ မှတ်ချက်ပေးရမှာ ဖြစ်သလို ၊ အဆုံးသတ် ပိုင်းတွေက ပိုမို ကောင်းမွန်လာခဲ့တာလဲ ငြင်းကြမယ် မထင်ပါဘူး။

လက်ရှိ အချိန်မှာတော့ သူဟာ မန်စီးတီး တိုက်စစ်ရဲ့ ကြောက်စရာ အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် ရပ်တည်လျှက် ရှိနေပြီ ဖြစ်ပါတယ်။

ဗန်ဒိုက် – ခေတ်အဆက်ဆက် က မေးခွန်းထုတ်ခဲ့ကြတဲ့ လီဗာပူး နောက်တန်းကို ၊ အဖြေ ပေးလိုက်သူက ဗန်ဒိုက်ပါတယ်။ သန်မာတယ် ၊ အမြင့်ဘော ရှင်းတာ ကောင်းတယ် ၊ ဘောလုံးလမ်းကြောင်း တွက်ဆတာ ပါးနပ်တယ် ၊ ဦးဆောင် နိုင်တယ် စတဲ့ အရည်အချင်းတွေဟာ ဗန်ဒိုက်ကို ကမ္ဘာ့အကောင်းဆုံး နောက်တန်း ကစားသမား တစ်ယောက် အဖြစ် သတ်မှတ်ခံရဖို့ အဓိက အသားချက်တွေ ပါပဲ။

လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် ကစားသမားတွေဟာ ဗန်ဒိုက်ကို တစ်ယောက်ချင်း အနေအထားနဲ့ ဖြတ်ကျော် နိုင်တဲ့ ပုံစံမျိုး လုံးဝကို မရှိခဲ့သေးပါဘူး။ သူဟာ PFA က ချီးမြင့်တဲ့ အကောင်းဆုံး ဆုကို ဆွတ်ခူး ထားသူ ဖြစ်တာကြောင့် ၊ ဒီဆုကိုလဲ သိမ်းပိုက်ဖို့ ရေပန်းစားတယ်လို့ ဆိုရမှာပါ။