၁၉၉၉ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အထိတကြိမ်၊ ၂၀၀၈-၂၀၀၉ရာသီမှာ တကြိမ် အေစီမီလန် အသင်းမှာ လာရောက် ကစားခဲ့တဲ့ ယူကရိန်း တိုက်စစ်မှူးကြီး ရှက်ဗ်ချန်ကို ကို ဆန်စီရိုမှာနောက်ထပ်တကြိမ် မြင်တွေ့ရဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။အဆိုပါ မီလန် မြို့ခံအသင်းနဲ့ အတူ စီးရီးအေဖလား ၊ ချန်ပီယံလိဂ်ဖလား အပါအဝင် အောင်မြင်မှု အများ အပြားရရှိခဲ့တဲ့ ရှက်ဗ်ချန်ကို ဟာ အခုတကြိမ်မှာတော့ အသင်းဟောင်းကို နည်းပြ အဖြစ် ပြန်လည် တာဝန်ယူချင်နေတာဖြစ်ပါတယ်။

အသက် ၄၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရှက်ဗ်ချန်ကို ဟာ လတ်တလောမှာတော့ သူ့ရဲ့ နိုင်ငံ အသင်းဖြစ်တဲ့ ယူကရိန်း လက်ရွေးစင် အသင်းကိုကိုင်တွယ်နေတာဖြစ်ပြီး ကစားဖော်ဟောင်းတွေဖြစ်တဲ့ အင်ဇာဂီ၊ ဂတ်တူဆို ၊ဆီးဒေါ့ဖ် တို့လိုအနာဂတ်ဂတ်မှာ အေစီမီလန် အသင်းကိုပြန်ပြီး ကိုင်တွယ်လိုနေတာဖြစ်ပါတယ်။

ဂတ်တူဆို ဟာ လက်ရှိ အချိန်မှာ အေစီမီလန် အသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး ၊ အင်ဇာဂီကတော့ ၂၀၁၄-၁၅ ဘောလုံးရာသီ၊ ဆီးဒေါ့ဖ်က ၂၀၁၄ ခုနှစ်မှာကိုင်တွယ်ထားခဲ့ကြဖူးတာဖြစ်ပါတယ်။

DAZN နဲ့ အင်တာဗျူး မှာ ရှက်ဗ်ချန်ကို က – – – ” အေစီမီလန် အသင်းဟာ ကျွန်တော့် ဘဝထဲက အသင်းတသင်းဖြစ်ပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်က ယူကရိန်း လက်ရွေးစင် အသင်းနဲ့ အတူ အလုပ်ရှုပ်နေသလို ဂတ်တူဆိုကလည်း ဒီအသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးနေပါတယ်။

ဒါပေမယ့် သေချာတာ တခုကတော့တချိန်ချိန်မှာ အေစီမီလန် အသင်းကို ကျွန်တော်နည်းပြ ခွင့်ရချင်တယ်ဆိုတာပါပဲ။ဘာကြောင့် လည်းဆိုတော့ ကျွန်တော်ဟာ အဲ့ဒီအသင်းရဲ့ ပရိသတ် တွေ၊ ကစားဖော်ဟောင်း တွေနဲ့ သံရောစဉ် တွေ အများကြီး ရှိနေတာကြောင့်ဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ တနေ့နေ့ တချိန်ချိန်မှာ အေစီမီလန် အသင်းကို နည်းပြဖို့ ဟာ ကျွန်တော့်ရဲ့ အလှည့်ဖြစ်လာကောင်းဖြစ်လာနိုင်ပါတယ်” လို့ပြော ခဲ့ပါတယ်။ဒီရာသီ အေစီမီလန် အသင်းဟာနည်းပြကြီး ဂတ်တူဆိုရဲ့ လက်အောက်မှာ ရုန်းကန်နေရတာဖြစ်ပြီးနောက်ဆုံး ပြိုင် ပွဲစုံ ၁၀ ပွဲမှာ နိုင်ပွဲ ၃ပွဲသာ ရရှိထားခဲ့ပါတယ်။

သူတို့ဟာ ကိုပါအီတာလီယာ ဖလားဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင် ခဲ့ပေမယ့် လာဇီယို အသင်းကို အရေးနိမ့်ခဲ့ရလို့ ဖိုင်နယ် အဆင့်နဲ့ ဝေးခဲ့ရပြီး ဖလားလက်မဲ့ ရာသီတခုကို ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။စီးရီးအေ ပြိုင်ပွဲမှာ လည်း ပွဲစဉ်၃၅ အပြီး မှာ ရမှတ် ၅၉ မှတ်နဲ့ယအဆင့် ၅နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် လေး နေရာက အတ္တလန်တာ အသင်းနဲ့ ၃မှတ်ကွာဟနေပါတယ်။

အရပ် ၆ပေ အမြင့်ရှိတဲ့ ရှက်ဗ် ချန်ကို ဟာ ကစားသမား ဘဝမှာ အေစီမီလန် ၊ ချဲဆီးလ် ၊ ဒိုင်နမိုကိဗ် အသင်းတွေမှာကစားခဲ့ပြီး အေစီမီလန် အသင်းအတွက် လိဂ်ပွဲ ၂၄၄ ပွဲကစား ၁၂၇ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ တဲ့ ဂိုးသွင်းစက်တဦးလည်းဖြစ်ပါတယ်။