ဘောလုံး ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ယူရိုပါလိဂ် ဖိုင်နယ် ကစားပြီး နှုတ်ဆက်ချင်တဲ့ ပီတာဆက်ခ်ျ ရဲ့ ဆန္ဒကတော့ ပြည့်ဝ သွားခဲ့ပါပြီ ။ အာဆင်နယ် အသသင်းဟာ အဝေးကွင်းမှာ ဗလန်စီယာ အသင်းကို လေးဂိုး နှစ်ဂိုး နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၇ နဲ့ အဇာဘိုင်ဂျန် နိုင်ငံ ၊ ဘာကူမြို့ မှာ ကစားမယ့် ဗိုလ်လုပွဲကို တက်လှမ်း သွားခဲ့ပါတယ် ။

ဗိုလ်လုပွဲမှာတော့ အာဆင်နယ် အသင်းဟာ လန်ဒန် မြို့ ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ဂိုးသမား ပီတာဆက်ခ်ျ အတွက်တော့ ကစားသမား ဘဝ နောက်ဆုံး ပွဲ အဖြစ် မေလ ၃၀ ရက်နေ့မှာ အသင်းဟောင်း ချဲလ်ဆီး အသင်း နဲ့ ပြန်လည် ရင်ဆိုင် ရတော့မှာလည်း ဖြစ်ပါတယ် ။

ဘောလုံးလောက မှာ နှစ် ၂၀ ကျော်ကြာ ကျင်လည် ပြီးနောက် ဝါရင့် ဂိုးသမားကြီး ပီတာဆက်ခ်ျ ဟာ ရာသီကုန်ရင် ကစားသမားဘဝကနေ အနားယူ တော့မှာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ထားပါတယ် ။ ချက်လက်ရွေးစင် ဂိုးသမားကြီး ပီတာဆက်ခ်ျ ဟာ ကစားသမားဘဝ တစ်လျှောက် ခမဲလ် ဘယ်ဆာနီ ၊ စပါတပ်ပါရက် ၊ ရန်းနက်စ် ၊ ချဲလ်ဆီး အသင်းတို့မှာ ကစားခဲ့ပါတယ် ။

အသက် ၃၆ နှစ် အ ရွယ် ရှိ ပြီ ဖြစ် တဲ့ ပီတာဆက်ခ်ျ ဟာ ၂၀၁၅ ခုနှစ်တုန်းက ချဲလ် ဆီး အသင်းကနေ အာ ဆင်နယ် အသင်းကို ပြောင်း ရွှေ့လာတာပါ ။ ပီတာဆက်ခ်ျ ဟာ ဘောလုံး ကစားသမား ဘဝကို အာဆင် နယ် အသင်းမှာ တစ်ခန်းရပ် တော့မှာလည်း ဖြစ်ပါတယ် ။

ပီတာဆက်ခ်ျ က BT Sport နဲ့ အင်တာဗျူးမှာ ကစားသမား ဘဝ ကနေ အနားယူဖို့ ဆုံးဖြတ် ခဲ့တာနဲ့ ပက်သက်ပြီး ” အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေတဲ့ အချိန်မှာတော့ ငါ ဆက်ကစားနိုင်သေးတာပဲ တွေးမိတဲ့အချိန်တွေ ရှိပါတယ် ။ ဒါပေမယ့် ကျနော် ဒီဆုံးဖြတ်ချက်ကို သေချာ အချိန်ယူ စဉ်းစားပြီးမှ ချမှတ် ခဲ့တာပါ ။ ”

” ကျနော် နောက်ထပ် နှစ်နှစ်လောက် ကစားနိုင်ပါသေးတယ် ။ ဒါပေမယ့် အရမ်းနောက်ကျ မသွားခင် စောစောစီးစီး အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ ။ ကျနော့်ရဲ့ ကစားသမားဘဝ နောက်ဆုံး အိပ်မက်က ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရဖို့ပါ ။ အခုတော့ အိပ်မက်တွေ တကယ် ဖြစ်လာခဲ့ပါပြီ ။ အခု အချိန်မှာ ချန်ပီယံ ဖြစ်ဖို့ ရည်မှန်း ထားပါတယ် ။ ”

” ကျနော်ရဲ့ အတွေ့ အကြုံ အားလုံးကို အသုံးချပြီး ပွဲမတိုင်မှီ သေချာ ပြင်ဆင် ခဲ့ပါတယ် ။ လေ့ကျင့်ရေး ကွင်းက ပြင်ဆင်မှုတွေက ပွဲအတွက် အဓိက သော့ချက်ပါပဲ ။ ကျနော့် အတွက်ကတော့ ပွဲထွက် ကစားခွင့် ရသည်ဖြစ်စေ ၊ အရန်ခုံမှာ ထိုင်နေရသည်ဖြစ်စေ ကိစ္စ မရှိပါဘူး ။ ကစားခွင့်ရတဲ့ အခါမှာလည်း ယုံကြည်မှု အပြည့်နဲ့ ကစားဖို့ အမြဲတမ်း အဆင့်သင့် ပါပဲ ။ ”

” ကျနော်တို့ လေးဂိုးမြောက် သွင်းဂိုးကို သွင်းယူ ပြီးတဲ့ အချိန်မှာ ဖိုင်နယ် တက်ဖို့ လုံးဝ သေချာသွားတဲ့ အတွက် အရမ်း ပျော်သွားပါတယ် ။ ဖိုင်နယ်ကို တက်လာတဲ့ အသင်းက ထိုက်တန်လို့ ရောက်လာကြတာပါပဲ ။ ကစားသမား ဘဝ နောက်ဆုံးပွဲ ဖြစ်တဲ့ ယူရိုပါလိဂ် ဖိုင်နယ်မှာသာ အသင်းဟောင်း ချဲလ်ဆီး နဲ့ ကစားရရင် တကယ့်ကို အမှတ်ရစရာ ပွဲတစ်ပွဲ ဖြစ်မှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။ ( မှတ်ချက် ။ ။ ပီတာဆက်ခ်ျကို အင်တာဗျူး စဉ်တုန်းက ချဲလ်ဆီး အသင်းပွဲ မပြီးသေးပါဘူး ။ )

ပီတာဆက်ခ်ျ ဟာ ချဲလ်ဆီး အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ အက်ဖ်အေ ဖလား ၄ ကြိမ် ၊ လိဂ်ဖလား ၃ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် ၊ ယူရိုပါလိဂ် ၁ ကြိမ် ၊ ကွန်မြုနဒီဒိုင်း ၂ ကြိမ် ရယူ နိုင်ခဲ့ပြီး အာဆင်နယ် အသင်းနဲ့အတူ အက်ဖ်အေ ဖလား တစ်ကြိမ် ၊ ကွန်မြူနဒီဒိုင်း ၂ ကြိမ် ရယူ ထားနိုင်ပါတယ် ။

SPORTS MYANMAR