ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း ကစားခဲ့တဲ့ ပြင်သစ်ဖလား ဗိုလ်လု ပွဲမှာ ရန်းနက်စ် အသင်းက PSG အသင်းကိုပင်နယ်တီမှာ အနိုင်ယူပြီး ချန်ပီယံ ဆုကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။PSG တို့ဟာ ပွဲအစ မိနစ် ၂၀ ကျော် မှာပဲ ဒန်နီအဲဗက်စ်၊ နေမာတို့ ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့် ကင်ပန်ဘီ ရဲ့ OG ဂိုးမီဆာရဲ့ ချေပဂိုးတွေကြောင့် အချိန်ပို နဲ့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။

ပင်နယ်တီကန်သွင်းရာမှာတော့ ၆ လုံးမြောက် ပင်နယ်တီကို ကန်ခဲ့တဲ့ အန်ကွန်ကူက ဝင်အောင် မကန်နိုင်ခဲ့ လို့ PSG အသင်းဒီရာသီမှာပြည်တွင်းဖလား ၁လုံး နဲ့ ပဲကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ပွဲအပြီး ဆုချီးမြှင့်ပွဲ အခမ်းးအနားပြုလုပ်ရာမှာတော့ ဒုတိယဆုလက်ခံယူဖို့ရောက်လာတဲ့ နေမာကို ရန်းနက်စ်ပရိသတ် တဦးကလှောင်ပြောင်ပြောဆို ခဲ့ပုံရပြီး ဒီဘရာဇီးလ် သားကစားသမားက အဆိုပါ ပရိသတ်ကို လက်နဲ့တွန်းထုတ်မှု ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

နေမာရဲ့ လုပ်ရပ်ကြောင့် အဆိုပါ ပရိသတ်ဟာ ဖူးရောင်နဲ့ ဝေဒနာခံစားခဲ့ရပုံရပြီး ဒီအဖြစ်အပျက်နဲ့ပတသက်ပြီး သူ့ရဲ့ လူမှုကွန်ယက်မှာ – ” ကျွန်တော့်ကို အာလူးသီးတလုံး ပေးခဲ့တဲ့ နေမာ “ဆိုပြီး ခေါင်းစဉ်နဲ့အတူ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့လို့အများက သိရှိသွားခဲ့ပြီး နေမာကို ဝေဖန်ပြစ်တင်မှုတွေပြု လုပ်ခဲ့ကြပါတယ်။

အခုချိန်မှာပြင်သစ် ဘောလုံး ဘောလုံး အဖွဲ့ ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒီဘရားဇီးလ်သားကို ၃ပွဲပယ်ပြစ်ဒဏ်နဲ့ နောက်ထပ် ဆိုင်းငံ့ ၂ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်လိုက်တာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ ဒီပွဲမှာ မီးကျည်တွေပစ်ဖောက်ခဲ့ကြတဲ့ နှစ်ဖက် ပရိသတ်တွေရဲ့ လုပ်ရပ်အတွက် PSG အသင်းကို ဒဏ်ငွေယူရို ၃၅,၀၀၀ နဲ့ ရန်းနက်စ် အသင်းကို ဒဏ်ငွေယူရို ၂၃,၀၀၀ ချမှတ်ခဲ့တယ်လို့လည်းသိရပါတယ်။နေမာရဲ့ လုပ်ရပ်ကို PSG အသင်းရဲ့ နည်းပြကြီး တူချယ်က ပွဲအပြီးမှာ ပြစ်တင်သွားခဲ့ပါသေးတယ်။

အင်တာဗျူး တခုမှာ တူချယ်က – – – ” နေမာရဲ့ လုပ်ရပ်ကို ကျွန်တော် မကြိုက်ပါဘူး။တကယ် လုံးဝကို မကြိုက်တာပါ။ဒီလို လုပ်ရပ်မျိုးကို လက်သင့်ခံဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ရှုံး ပွဲကြုံတွေ့ခဲ့ရလို့ လက်ခံနိုင်ဖို့ ခက်ခဲတယ်ဆိုပေမယ့် ပြိုင်ဘက် ပရိသတ်တွေကို လေးစားသမှု ထားရှိဖို့ လိုပါတယ်။ဒီလို အပြုအမူ မျိုးကျူးလွန်လို့ မရပါဘူး” လို့ပြောခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ ဒီရာသီမှာလီဂူးဖလား တလုံးတည်းသာရယူထားနိုင်ခဲ့တဲ့ PSG အသင်းအတွက်ပိုပြီး မျက်နှာပျက်စရာတခုဖြစ်သွားခဲ့တာဖြစ်ပါတယ်။သူတို့ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ယူနိုက်တက်အသင်းကို၁၆သင်းအဆင့်မှာ အရေးနိမ့်ထွက်ခွာထားခဲ့ရတာဖြစ်ပြီးပြင်သစ်လိဂ်ဖလလား ပြိုင်ပွဲ ကွာတားဖိုင်နယ် မှာလည်း ဂူအင်ဂန့်ပ် အသင်းကို အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

PSG အသင်းဟာ နေမာကို ၂၀၁၇ နွေရာသီမှာ ဘာစီလိုနာ အသင်းကနေခေါ်ယူထားခဲ့တာဖြစ်ပြီး ဒီဘရာဇီးလ်သားအတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းဟာ အခုထိ ကမ္ဘာ့စံချိန်တင် ကြေးအဖြစ်ရှိနေတာဖြစ်ပါတယ်။နေမာဟာ PSG အတွက် အခုချိန်ထိ ပြိုင်ပွဲစုံ စုစုပေါင်း ၅၇ ပွဲကစားပေးထားပြီး သွင်းဂိုး ၅၀ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။