ယာဂန်ကလော့ က ပြီးခဲ့တဲ့ နယူးကာဆယ် နဲ့ ဘာစီလိုနာ အသင်း တို့နဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့ နိုင်ပွဲအတွက် အဓိကကျကျ စွမ်းဆောင် ပေးခဲ့တဲ့ အိုရီဂီ ကို ချီးကျူး ပြောဆို သွားခဲ့ပြီး လီဗာပူးမှာ ဒီဗို့အိုရီဂီ ရက်သတ္တပတ် ဖြစ်ခဲ့တယ်လို့ ဟာသလုပ်ကာ ပြောလိုက် ပါတယ်။

ဒီရာသီ လီဗာပူး အသင်း အတွက် ပွဲကစားခွင့် နည်းပါး ခဲ့တဲ့ အိုရီဂီ ဟာ ပြီးခဲ့တဲ့ တစ်ပတ် စနေနေ့ က နယူးကာဆယ် ကို စိန့်ဂျိမ်းပက် မှာ ၃ – ၂ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ အသင်း အတွက် အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူ ပေးခဲ့ပြီး ပရီးမီးယားလိဂ် title race ကို နောက်ဆုံးနေ့ အထိ ပို့ဆောင် ပေးခဲ့ပါတယ်။

ထို့နောက် လီဗာပူး အသင်းဟာ ဘာစီလိုနာ အသင်း နဲ့ ကစား ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ရောဘတ်တိုဖာမီနို နဲ့ မိုဟာမက် ဆာလား တို့ ဒဏ်ရာ ရနေ ခဲ့တာကြောင့် တိုက်စစ်ပိုင်း အခက်အခဲတွေ ကြုံတွေ့ ခဲ့ရပေမယ့်လည်း အိုရီဂီ ဟာ လီဗာပူး အတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုး သွင်းယူ ပေးခဲ့ပြီး အန်ဖီး ကလပ်ကို ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက် စေခဲ့ပါတယ်။

liverpool

ကလော့က ဒီရာသီမှာ ပွဲထွက် ကစားခွင့် ၆ ကြိမ် သာ ရရှိ ခဲ့ပေမယ့် ၆ ဂိုး သွင်းယူ ပေးခဲ့တဲ့ အိုရီဂီ ရဲ့ စွမ်းဆောင် ပေးခဲ့မှုကို ချီးကျူး ပြောဆိုလိုက် ပါတယ်။

ကလော့ က “သူ စွမ်းဆောင် ပြသ ခဲ့တဲ့ ပုံစံတွေ အရ ဒါဟာ ‘ဒီဗို့အိုရီဂီ ရက်သတ္တပတ်’ လို့ ပြောလို့ ရပါတယ်။ နယူးကာဆယ် နဲ့ ပွဲမှာ သူ့ရဲ့ ခေါင်းတိုက် သွင်းဂိုးဟာ ရူးလောက်စရာ ပါပဲ။ ဘာစီလိုနာ ကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာ သူလုပ်ပြ ခဲ့တာကိုတော့ ကျွန်တော်တို့ ပြောနေ စရာတောင် မလိုပါဘူး။ ထရန် အလက်ဇန်းဒါးအာနိုး ထောင့်ကန်ဘော ကို ဒီလို လျှင်လျှင်မြန်မြန် နဲ့ ကန်တင် ပေးခဲ့တာဟာ ကျွန်တော် အသက်ရှင်နေသမျှ ဘောလုံး လောက ထဲမှာ မြင်တွေ့ ရမယ့် ကစားသမား တစ်ဦးရဲ့ ဥာဏ်ကောင်းလွန်းတဲ့ အခိုက်အတန့် တွေထဲက တစ်ခု ဖြစ်လာမှာပါ။

ဒါပေမယ့် ကန်သွင်းရ လွယ်ကူတဲ့ ဘောလုံးတော့ မဟုတ်ပါဘူး။ ဘောလုံးဟာ ၁၀ ကြိမ် မှာ ၉ ကြိမ်လောက် ခုန်နေ ခဲ့တာပါ။ ဒီဘောလုံးဟာ ပွဲကြည့်စင်ထဲ ရောက်သွား နိုင်တဲ့ ဘောလုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးပိုက်ထဲကို ရောက်သွား ခဲ့ပါတယ်။ ဒါဟာ ယုံကြည်မှု က ဘာကို လုပ်နိုင်သလဲ ဆိုတာ ပြသလိုက်တာ ဖြစ်တဲ့ အပြင် အိုရီဂီသာ ဒါကို မတွေးဆ နိုင်ခဲ့ရင် ဒီလောက် အရေးပါတဲ့ အခိုက်အတန့်ကို လက်လွတ် သွားမှာ ဖြစ်ပါတယ်။ ဒါဟာ အ၇မ်း ကောင်းတဲ့ သွင်းဂိုး ပါပဲ။

သူပွဲကစားခွင့် အများကြီး မရခဲ့တာကို စဉ်းစား လိုက်ရင် ခင်ဗျားတို့ အနေနဲ့ ကျွန်တော်ဟာ ဒီကစားသမား ကို သိပ်မကြိုက်ဘူး ဒါမှမဟုတ် သူ့ကို သိပ်မယုံကြည်ဘူးလို့ ထင်နေ နိုင်ပါတယ်။ တကယ်တော့ ဒါဟာ မမှန်ကန် ပါဘူး။ ဒီဗို့ဟာ ကံမကောင်း ခဲ့တာပါ။ သူ့အနေနဲ့ ဒီလိုပုံစံမျိုးနဲ့ ပြန်လည် ထွန်းတောက် လာခဲ့တဲ့ အတွက် ကျွန်တော် အရမ်း ပျော်ရွှင် မိပါတယ်။” လို့ ဆိုသွားပါတယ်။

liverpool

ဒါ့အပြင် ကလော့က ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ လီဗာပူးရဲ့ အသင်းခေါင်းဆောင် ပီသစွာ နဲ့ စိတ်ဓာတ်ပြင်းပြင်း ကစားကာ ခြေစွမ်းပြလျက် ရှိနေတဲ့ ဂျော်ဒန်ဟန်ဒါဆန် ကို ချီးကျူး လိုက်ပါတယ်။

ကလော့ က “ဒီရာသီ ကုန်ဆုံးပြီးနောက် ဟန်ဒါဆန် အပေါ် အသိအမှတ် ပြုမှုတွေ ချီးကျူးမှုတွေ ရှိမလာ ခဲ့ဘူး ဆိုရင်တော့ ရိုးရိုးသားသား ပြောရရင် ကျွန်တော့် အနေနဲ့ လူတွေ အပေါ် အနည်းငယ် လေးစားမှု ကင်းမဲ့ သွားပါလိမ့်မယ်။ ကျွန်တော်တို့ သူ့ကို တိုက်စစ်ပိုင်း ကို အားပြု ကစားခိုင်း ခဲ့ပြီးနောက် သူခြေစွမ်း ပြနေလို့ ပြောတာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူဟာ အခြား နေရာတွေမှာ ကစားပြီး အကောင်းဆုံး ကစား ခဲ့တဲ့ ပွဲတွေ အများကြီး ရှိခဲ့လို့ပါ။ ဒါကို သံသယ ဖြစ်စရာ မရှိပါဘူး။ ဥပမာ နံပါတ် ၆ နေရာ က သက်သေ ပါပဲ။” လို့ ပြောလိုက် ပါတယ်။

လီဗာပူး အသင်းဟာ ယနေ့ည Title race ရဲ့ အဆုံးအဖြတ် ပွဲစဉ် အဖြစ် ၀ုဖ်အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ၎င်းတို့ရဲ့ အထက် ၁ မှတ် အသာ မှာ ရပ်တည် နေတဲ့ အမှတ်ပေး ဖလား ပြိုင်ဘက် မန်စီးတီး ကတော့ ဘရိုက်တန် အသင်းကို အဝေးကွင်း မှာ သွားကစား ရမှာ ဖြစ်ပါတယ်။