လီဗာပူး အသင်း ဟာ မနေ့ည က ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် မှာ ဝုလ်ဗ် အသင်း ကို ၂ဂိုးပြတ် နဲ့ အနိုင် ရခဲ့ပေမယ့် ၄င်းရဲ့ အဓိက ပြိုင်ဖက် မန်စီးတီး ကလည်း အဝေးကွင်း မှာ ဘရိုက်တန် အသင်း ကို ၁ – ၄ နဲ့ အနိုင် ရခဲ့တာကြောင့် ဒီနှစ် မှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု နဲ့ ထပ်လွဲ ခဲ့ရပြီ ဖြစ်ပါတယ် ။ လီဗာပူး အသင်း ဟာ ၁၉၉၂ က ပရီးမီးယားလိဂ် လို့ အမည်ပြောင်း ခေါ်တွင် ခဲ့ကတည်း က အမှတ်ပေး ဖလား ချန်ပီယံဆု ကို မရရှိ ခဲ့တာ ဖြစ်ပါတယ် ။

ဒီနှစ် မှာတော့ လီဗာပူး တို့ ၁၉၉၂ နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အလွန့်အလွန် နီးစပ် ခဲ့ပေမယ့် ဒုတိယ နေရာ နဲ့သာ ကျေနပ် ခဲ့ရပါတယ် ။ လီဗာပူး အသင်း ဟာ ဒီရာသီ မှာ ၄င်းတို့ရဲ့ အကောင်းဆုံး ပုံစံ ကို ရရှိနေပြီး လိုအပ် တဲ့ နေရာတွေမှာ လည်း ကစားသမား ကောင်းတွေကို ဝယ်ယူ အားဖြည့် နိုင်ခဲ့သလို ရမှတ် ၉၇ မှတ် အထိ ပိုင်ဆိုင် နိုင်ခဲ့ပါတယ် ။

သို့ပေမယ့် လည်း မန်စီးတီး ရဲ့ နောက်ပိုင်း တည်ငြိမ်တဲ့ ခြေစွမ်း နဲ့ ရလဒ် တွေကြောင့် လီဗာပူး တို့ ဒီနှစ် ချန်ပီယံဆု နဲ့ ထိုက်တန် တဲ့ နှစ်တနှစ် ဖြစ်ခဲ့ပေမယ့် ကံဆိုးစွာပဲ ထပ်မံ လွဲချော် ခဲ့ပြီ ဖြစ်ပါတယ် ။ ချယ်လ်ဆီး နည်းပြ ဆာရီ ကတော့ ယာဂင် ကလော့ပ် နဲ့ လီဗာပူး တို့ရဲ့ လက်ရှိ အခြေအနေ အပေါ် စာနာ နားလည်မှု အပြည့် ရှိကြောင်း ပြောဆို ခဲ့သလို ၄င်းကိုယ်တိုင် လည်း စီးရီးအေ မှာ နာပိုလီ အသင်း နဲ့ အတူ ရမှတ် ၉၁ မှတ် အထိ ရရှိ ခဲ့ပြီး ဂျူဗင်တပ် အသင်း ကို မကျော်ဖြတ် နိုင်ခဲ့တဲ့ အနေအထား နဲ့ နှိုင်းယှဉ် ပြောဆို ခဲ့ပါတယ် ။

ဆာရီ က ” အခုတော့ ကျွန်တော် ဟာ ကလော့ပ် အကြောင်း စဉ်းစား နေပါတယ် ။ ခင်ဗျား ဟာ ပရီးမီးယားလိဂ် လို ခက်ခဲတဲ့ လိဂ်တလိဂ် မှာ ရမှတ် ၉၇ မှတ် အထိ ရယူထားပြီးမှ အခုလို ချန်ပီယံ ဆုကို ဆုံးရှုံး လိုက်ရတယ် ဆိုတဲ့ ခံစားချက် ဟာ တကယ်ကို ခက်ခဲ လှပါတယ် ။ ကျွန်တော် လည်း နာပိုလီ နဲ့ နောက်ဆုံး ဘောလုံး ရာသီ စီးရီးအေ မှာ ဒီလိုပဲ ကံမကောင်းခဲ့ဘူး လို့ ထင်ပါတယ် ။ ”

” ကျွန်တော် ဟာ နာပိုလီ နဲ့ နောက်ဆုံး ရာသီ မှာ ရမှတ် ၉၁ မှတ် အထိ ရရှိ ခဲ့ပြီး ဒုတိယ ဆုပဲ ရရှိ ခဲ့တဲ့ အတွက် ကျွန်တော် ဟာ ကလော့ပ် ရဲ့ စိတ်ထဲ ဘယ်လို ခံစား နေရမလဲ ဆိုတာ နားလည် ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ဆာရီ က ချယ်လ်ဆီး အသင်း ကနေ ထွက်ခွာတော့ဖို့ သတင်းတွေ ပြေးနေတဲ့ အီဒင် ဟာဇတ် နဲ့ ပတ်သက်ပြီးတော့ လည်း အခုလို ပဲ ဝန်ခံမှု တခု ပြုလုပ် သွားခဲ့ပါတယ် ။

ဆာရီ က ” အပတ်တိုင်း မှာ ကျွန်တော် ဟာ တူညီ တဲ့ အဖြေတခု ကိုပဲ ဆက်တိုက် ဖြေကြား နေရပါတယ် ။ ကျွန်တော် မသိပါဘူး ။ ကျွန်တော် သေချာ သိတာ တခု က အီဒင် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၇ခုမှာ အကောင်းဆုံး ကြိုးစားပြီး အသင်း အတွက် ပေးဆပ် ကစားခဲ့တယ် ဆိုတာပါပဲ ။ သူဟာ ချယ်လ်ဆီး အသင်း မှာ အကောင်းဆုံး စွမ်းဆောင် ခဲ့ပြီးပါပြီ ။ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တဦး လည်း ဖြစ်နေပါပြီ ။ ”

” ကျွန်တော့ အမြင်မှာတော့ သူဟာ အကောင်းဆုံး ကစားသမား ၂ ဦး သို့မဟုတ် ၃ဦး စာရင်း ထဲမှာ ဝင်နေပြီ လို့ ထင်ပါတယ် ။ နောက်ပြီး ကျွန်တော် တို့ဟာ ဒီရာသီ အကုန် သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အပေါ် လေးစား သွားဖို့ လိုတယ် လို့ ထင်ပါတယ် ။ ကျွန်တော် အပါအဝင် ချယ်လ်ဆီး ပရိသတ် တွေ အားလုံး သူ့ကို အသင်း မှာ ဆက်ရှိ ဖို့ မျှော်လင့် ကြမှာပါပဲ ။ ဒါပေမယ့် လောလောဆယ် မှာ သူဘယ်လို တွေးနေလဲ ကျွန်တော် လည်း မသိပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အီဒင် ဟာဇတ် ဟာ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၆ဂိုး ၊ ဂိုးဖန်တီးမှု ၁၅ ကြိမ် အထိ ပြုလုပ် ပေးခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဆု ကိုလည်း ဆွတ်ခူး ခဲ့ပြီး ဖြစ်ပါတယ် ။ ၄င်းရဲ့ ချယ်လ်ဆီး အသင်း ကတော့ ပရီးမီးယားလိဂ် မှာ ရမှတ် ၇၂ မှတ် နဲ့ အဆင့် ၃ နေရာ မှာ ရပ်တည် ခဲ့ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR