၀ုဖ်အသင်း မန်ချက်စတာစီးတီး အသင်းကို ၂ – ၀ နဲ့ အနိုင်ယူ ခဲ့ပြီးနောက် ကော်နာကိုဒီဟာ ပြီးခဲ့တဲ့ တစ်ပတ်က လီဗာပူး ပေါ်ပြူလာ အဖြစ်ဆုံးလူ ဖြစ်ခဲ့ပါတယ်။ ကိုဒီဟာ လီဗာပူးမှာ ကြီးပျင်း လာခဲ့သူ ဖြစ်ပြီး အန်ဖီး အကယ်ဒမီ ကနေ ပေါ်ထွက် လာခဲ့ကာ ၂၀၁၄ ခုနှစ်မှာ လီဗာပူး အသင်း ကနေ ထွက်ခွာ သွားခဲ့တာ ဖြစ်ပါတယ်။

ကိုဒီရဲ့ မိသားစုဝင်တွေ အားလုံးဟာ လီဗာပူး ပရိတ်သတ်တွေ ဖြစ်ကြပြီး ၎င်းရဲ့ ညီဟာ ဆိုရင် အီတီဟတ်မှာ စီးတီး ကို အနိုင် ရခဲ့တဲ့ ၀ုဖ်ရဲ့ အဝေးကွင်း ပွဲစဉ်မှာ ပျော်ရွှင်စွာ အောင်ပွဲ ခံနေရာကို တွေ့ခဲ့ ရပါတယ်။ ဒီနေ့ မနက် Soccer AM နဲ့ တွေ့ဆုံ ရာမှာတော့ ကိုဒီဟာ လီဗာပူး ရဲ့ အမှတ်ပေးဖလား စိန်ခေါ် နိုင်စွမ်းကို ပြောသွား ခဲ့ပေမယ့် သူဟာ အသင်းဟောင်း နဲ့ ပြန်လည် ရင်ဆိုင်ဖို့ အားခဲ နေတယ်လို့လည်း ဆိုခဲ့ပါတယ်။

ကိုဒီက “ဒါဟာ ထူးဆန်းတဲ့ ခံစားချက်ပါ။ ကျွန်တော် သူတို့နဲ့ ရင်ဆိုုင် ကစားတဲ့ အခါမှာ အခြား ပွဲတွေထက် ပိုမို အနိုင် ရချင်တဲ့ စိတ်ဖြစ်ခဲ့ ပါတယ်။ ဘာကြောင့် ကျွန်တော် ဒီလို ဖြစ်သလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါဟာ ရာသီ အစောပိုင်းပဲ ရှိနေ သေးတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီရာသီ လီဗာပူး အသင်းဟာ ကတုန်ကယင် ဖြစ်နေတဲ့ပုံ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။

လူတွေ ကတော့ သူတို့ ဂိုးတွေ ဆက်တိုက် ပေးနေရတာ နဲ့ clean sheet မရတာတွေကို ပြောနေ ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ဂိုးပေး ရပေမယ့်လည်း ငါတို့ နောက်ထပ် တစ်ဂိုး သွင်းနိုင်တယ် ဆိုတဲ့ ယုံကြည်မှု ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်က စီးတီးရဲ့ ပုံစံဟာ ဒီလိုမျိုးပါ။ လီဗာပူးဟာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံလိဂ် ဆုဖလား နဲ့ လွဲချော် ခဲ့ပေမယ့်လည်း သူတို့ဟာ နောက်တစ်ကြိမ် ဖိုင်နယ်ကို ပြန်ရောက်အောင် လုပ်ပြီး ဗိုလ်စွဲ နိုင်ခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ မန်နေဂျာဟာ အရမ်း တော်လို့ပါ။

ကျွန်တော် အမှတ်ပေးဖလား နဲ့ ပက်သက်ပြီး အစောကြီး မပြောချင် ပါဘူး။ ဒါပေမယ့် သူတို့ ကြည့်ရတာ မနှစ်ကထက် ပိုကောင်းတဲ့ အခြေအနေကို လုပ်ပြ လိမ့်မယ့်ပုံ ပါပဲ။ ဒါဟာ သူတို့ အတွက် အရမ်းကို ကောင်းတဲ့ မြင်ကွင်း ဖြစ်လာမှာပါ။” လို့ ဆိုသွား ပါတယ်။

ဆက်လက်ပြီး အသက် ၂၆ နှစ် အရွယ် ကစားသမား က ၀ုဖ်အသင်းဟာ မန်စီးတီးကို အနိုင်ယူဖို့ အတွက် ဘယ်လို ပွဲအစီအစဉ် ချမှတ် ခဲ့သလဲ ဆိုတာ ထုတ်ဖော် သွားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံ အသင်းရဲ့ ပထမဦးဆုံး အိမ်ကွင်း ရှုံးပွဲပဲ ဖြစ်ပါတယ်။

ကိုဒီက “ကျွန်တော်တို့မှာ ပွဲအစီအစဉ် သတ်သတ်မတ်မတ် ရှိခဲ့ပြီး ကျွန်တော်တို့ ဒါကို စွဲစွဲမြဲမြဲ လုပ်ခဲ့ ပါတယ်။ ကစားကွက် ပျက်မသွားအောင် နဲ့ စုစည်းမှု ရှိနေအောင် လုပ်ခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့ ပက်သက်ပြီး အကြီးမားဆုံး အရာ ကတော့့ ကျွန်တော်တို့ဟာ ကိုယ်လုပ်ခဲ့တဲ့ ပုံစံကို ဘယ်တော့မှ အပြောင်းအလဲ မလုပ်တာ ပါပဲ။

ပွဲမတိုင်မီ ကတည်းက ကျွန်တော်တို့ အနေနဲ့ ရဲရင့်ဖို့ လိုတယ်။ ဘောလုံး နောက်ပြန် ရောက်သွားတဲ့ အခါတိုင်း ရှေ့ကို ပြန်တက်ဖို့ လုပ်ရမယ်လို့ ပြောထား ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ကိုယ့်ကို နောက်တန်းမှာ အထိုင်ချနေအောင် ပိုမို လုပ်နိုင်တဲ့ အခါ…ကိုယ့်ရဲ့ ပင်နယ်တီ ဧရိယာ ထိပ်နားမှာ ဖြစ်တာကြောင့် ဂိုးပေးရဖို့ ရာခိုင်နှုန်း များသွားမှာပါ။ မန်စီးတီးဟာ ဒီလောက် ကောင်းတဲ့ အသင်း ဖြစ်နေလို့ပါ။

တန်ပြန် တိုက်စစ် ဆင်ခွင့် ရတဲ့ အခါ မြန်နေရ ပါမယ်။ ကျွန်တော်တို့မှာ အရမ်း မြန်တဲ့ ကစားသမားတွေ ရှိနေပြီး ကျွန်တော်တို့ တန်ပြန် တိုက်စစ် ဆင်ခွင့်ရတဲ့ အခါ တက်နိုင်သမျှ မြန်မြန် ကစားဖို့သာ လိုပါတယ်။ ကောင်လေးတွေဟာ အရမ်း တော်ကြပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM