အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂၂ နှစ်တာ ကာလ အတွင်းမှာ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်နဲ့ ဗိုလ်စွဲခဲ့တဲ့ အသင်းဟာ အကောင်းဆုံး အသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်ဝင်းဂါး ဟာ အာဆင်နယ် အသင်းကို ၁၉၉၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကာလရှည်ကြာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ၊ အက်ဖ်အေ ဖလား ၇ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ အာဆင်းဟာ အာဆင်နယ် အသင်းကို ၁၉၉၈၊၂၀၀၂၊၂၀၀၄ ခုနှစ်တွေမှာ ပရီးမီးယားလိဂ် ဖလား ရရှိအောင် စွမ်းဆောင် ပေးနိုင် ခဲ့ပါတယ် ။

အာဆင်ဝင်းဂါး ကတော့ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက တစ်ရာသီလုံး ရှုံးပွဲ မရှိ ဗိုလ်စွဲခဲ့တဲ့ ” Invincibles Squad ” ဟာ သူ အာဆင်နယ် အသင်းကို ကိုင်တွယ် ခဲ့တဲ့ သက်တမ်း တစ်လျှောက် အကောင်းဆုံး ဖြစ်တယ်လို့ beIN Sports နဲ့ အင်တာဗျူးမှာ ဖြေကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်နဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်ပြီး ၃၈ ပွဲကစားရာမှာ ၂၆ ပွဲနိုင် ၊ ၁၂ ပွဲသရေ နဲ့ ရှုံးပွဲ လုံးဝ မရှိခဲ့တာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရာသီကုန်ဖို့ လေးပွဲအလိုမှာကတည်းက ချန်ပီယံဆု ကို သိမ်းပိုက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

အာဆင်း က ပရီးမီးယားလိဂ် ဖလား ရခဲ့တဲ့ သုံးကြိမ်မှာ ဘယ်နှစ်ခုနှစ် အသင်းက အကောင်းဆုံးလဲ ဆိုတဲ့ မေးခွန်းကို ” ရှုံးပွဲ မရှိ ဗိုလ်စွဲခဲ့တဲ့ အသင်း ပေါ့ဗျာ ၊ ဖြေရ သိပ်လွယ်တဲ့ မေးခွန်းပါပဲ ၊ ကျနော့်ရဲ့အမြဲတမ်း အိပ်မက်က တစ်ရာသီလုံး ရှုံးပွဲ မရှိ ဗိုလ်စွဲဖို့ပါ ၊ ဒါကြောင့် အဲ့ဒီနှစ် အသင်းကို ဆန့်ကျင်ပြီး ကျနော် ရွေးချယ်မှာ မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် ကျနော် အာဆင်နယ် အသင်းကို ရောက်စတုန်းက ရှိတဲ့ လူစာရင်းနဲ့ ၁၉၉၈ ခုနှစ်တုန်းက ဗိုလ်စွဲ ခဲ့တဲ့ အသင်း အကြောင်းလည်း ထည့်ပြောချင်ပါတယ် ။ အဲ့တုန်းက အဒမ်၊စတိဗ်ဘိုးလ်၊ဝှစ်တာဘန်း၊ကီယွန်၊ဒီဇွန်တို့က အသင်းရဲ့အဓိက ကစားသမားတွေပါ။ ”

” သူတို့က အာဆင်နယ် အသင်းအတွက်ဆို အသက်တောင်ပေးဝံတဲ့ ကစားသမားတွေပါ ၊ စင်္ကြန်လမ်းမှာ ရန်ဖြစ်ရင်တောင် ကိုယ့်ကစားသမားဘက်က အမြဲရပ်တည်ပေးကြတဲ့သူတွေပါ ၊ အာဆင်နယ် အသင်းကို စကိုင်ကိုင်ချင်းမှာပဲ သူတို့နဲ့ တွေ့ဆုံ ခွင့်ရခဲ့ပါတယ် ။ အသင်းအတွက် တိုက်ပွဲဝင်ဖို့ အမြဲ အဆင်သင့် ဖြစ်နေကြသူတွေပါ ။ ”

” နောက်ပြီးတော့ ဒုတိယ မျိုးဆက် ကစားသမားတွေကလည်း ထူးခြားပြီး အသင်းတိုင်းက ရှိန်ရတဲ့သူတွေချည်းပါပဲ ၊ နောက်တန်းမှာဆို လော်ရန်၊ကိုလိုတိုရေး၊ကမ်းဘဲလ်၊အက်ရှ်လေကိုးလ် နဲ့ ဂိုးသမား လေမန်း တို့က ထူးခြားတဲ့ အရည်အချင်း ရှိကြသူတွေပါပဲ ။ အဲ့ဒီအသင်းနဲ့ဆို ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို သွားဖို့ အဆင်သင့်ပါပဲ ၊ အဲ့လောက်ထိကို အရှိန်အဝါကောင်းတဲ့ အသင်းပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

၂၀၀၃-၂၀၀၄ ခုနှစ် အာဆင်နယ် အသင်း လူစာရင်း
**********************************************

ဂိုး – လေမန်း၊စတူးဝပ်တေလာ၊ရာမီရှာဘန်း။
နောက်တန်း- အက်ရှ်လေကိုးလ်၊မာတင်ကီယွန်၊ဆိုင်ဂန်၊ဆိုးကမ်းဘဲလ်၊ကိုလိုတိုရေး၊လော်ရန်၊ကလစ်ချီ။
အလယ်တန်း-ဗီအဲရာ၊ပီရက်စ်၊ယွန်းဘတ်၊ရေးပါလာ၊အီဒူး၊ဂီလ်ဘာတိုဆေးလ်ဗား။
ရှေ့တန်း- အွန်နရီ၊ကနူး၊ဝီးတော့၊ဘားကမ့်၊ရေးယက်စ်၊အလီယာဒီယေး။