စပိန် နာမည်ကျော်နည်းပြ ကြီးဂွာဒီယိုလာဟာ အင်္ဂလန် မြေမှာ လည်း မန်စီးတီး အသင်းကို တကောင်းပြေးတဲ့ ပုံစံမျိုး နီးပါး အထိစွမ်းဆောင်ပေးထားခဲ့တာဖြစ်ပါတယ်။အဖွင့်ရာသီမှာ နည်းပြဘဝပထမဆုံး ဆုဖလား လက်မဲ့ရာသီကို ကြုံတွေ့ ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ရာသီမှာEFL (ကရာဘောင်းဖလား )နဲ့ PLချန်ပီယံဆုတွေကို ရယူပေးနိုင်ခဲ့ပါတယ်။

အခုရာသီမှာလည်း ကွန်မြူနတီဒိုင်း၊ EFL ဖလား ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားတွေရယူပေးထားနိုင်ခဲ့ပြီး FA ဖလားဖိုင်နယ်အဆင့်ကို တက်ရောက်ထားစေနိုင်ခဲ့ပါတယ်။ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် အသင်းတွေနဲ့ အတူ အောင်မြင်မှု တွေ အများအပြားပိုင်ဆိုင်ခဲ့ဖူးတဲ့ ဂွာဒီယိုလာက သူ့ရဲ့ နည်းပြဘဝအချို့ မြိန်ဆုံး အောင်ပွဲဟာ ရီးရဲလ် အသင်းကို ဘာနေဗျူး မှာ ၆-၂ ဂိုးနဲ့ ချေမှုန်း ခဲ့တဲ့ ပွဲဖြစ်တယ်လို့ဆိုပါတယ်။

၂၀၀၉ ခုနှစ် မေလ ၂ရက်နေ့မှာကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်အပြီးမှာ ဘာစီလိုနာ အသင်းက ၇မှတ်အထိ ဖြတ်လိုက်နိုင်တာဖြစ်ပြီး လက်ကျန် လေးပွဲအလိုမှာ ချန်ပီယံဆုကြီးကို ပိုင်ဆိုင်သွားခဲ့ပြီလို့ အများရဲ့ တညီတညွတ်ထဲ အတည်ပြုပေးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

ဒီရာသီမှာ ချန်ပီယံဆုကြီးအတွက်အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့လို့ နည်းပြဘဝအခက်ခဲဆုံး အောင်ပွဲမလားလို့မေးမြန်းရာမှာ ဂွာဒီယိုလာက – – “ကျွန်တော်ကတော့ အဲ့လိုပြောမှာမဟုတ်ပါဘူး။ဘာကြောင့် လည်းဆိုတော့ ဘာစီလိုနာ အတူ ကျွန်တော်ပထမဆုံးရခဲ့တဲ့လာလီဂါ ချန်ပီယံဆုကြီးရှိနေလို့ဖြစ်ပါတယ်။အဲ့ဒီတုန်းက ရီးရဲလ်ကို ဘာနေဗျူးမှာ ၆-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲဟာ တကယ်ကို တုနှိုင်းမဲ့တဲ့ စွမ်းဆောင်ရည်မျိုးဖြစ်ပါတယ်။

ကျွန်တော်ဟာ အဲ့ဒီတုန်းက နည်းပြဘဝ ပထမဆုံး ရာသီကို မွေးရပ်မြေက ကျွန်တော့်နှလုံး သားထဲ ကအသင်းမှာရှိနေခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ ဟာ ကျွန်တော် အချစ်မြတ်နိုးဆုံး အသင်းလည်းဖြစ်ပါတယ်။ဒါပေမယ့် အခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆု ကြီးကို အခက်ခဲဆုံး အနေအထားမျိုးနဲ့ ယှဉ်ပြိုင်ပြီးမှရခဲ့တာဖြစ်ပါတယ်။ဘာကြောင့် လည်းဆိုတော့ လီဗာပူး အသင်းကြောင့် သူတို့အသင်းရဲ့ အရည်အသွေးတွေ ကြောင့်ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ယမန်နေ့ မှာကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီပိတ် ပွဲစဉ်တွေမှာ မန်စီးတီးနဲ့ လီဗာပူး ၂သင်းလုံးအနိုင်ရခဲ့ပေမယ့် ရမှတ် ကွာဟချက် တမှတ်ကြောင့်ပဲ မန်စီးတီးတို့ ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ဒါဟာနောက်ဆုံး၁၀ စုနှစ်တခုအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ ပထမဆုံး အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး မန်စီးတီး အသင်းရဲ့ သမိုင်းမှာစတုတ္ထမြောက်ပရီးမီယားလိဂ် ဆုဖလားကြီး လည်းဖြစ်ပါတယ်။

သူတို့ဟာလာမယ့် စနေနေ့မှာ FA ဖလား ဖိုင်နယ်အဖြစ် ဝက်ဖို့ဒ် အသင်းနဲ့ ကစားသွားရမှာဖြစ်ပြီး အနိုင်ရခဲ့ပါက အင်္ဂလိပ်ဘောလုံး သမိုင်းမှာ တရာသီအတွင်း ပြည်တွင်းဆုဖလား ၃လုံးရယူနိုင်တဲ့ ပထမဆုံးအသင်းလည်းဖြစ်လာတော့မှာဖြစ်ပါတယ်။