အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ်မှာ ဘန်လေ အသင်းကို သုံးဂိုး တစ်ဂိုး နဲ့ အနိုင် ရသွားခဲ့ပြီး အဆင့် ၅ နေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်း အတွက် ဂိုးတွေကိုတော့ အူဘာမီယန်း က နှစ်ဂိုး ၊ အန်ကီတီးယား က သွင်းယူ ပေးခဲ့ပါတယ် ။

အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ကတော့ ဘန်လေ အသင်း နဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပိတ် ပွဲစဉ်မှာ နှစ်ဂိုး သွင်းယူ နိုင်ခဲ့တာကြောင့် ရွှေဖိနပ်ဆုကို မာနေး ၊ ဆာလက်ရှ် တို့နဲ့ အတူ ပူးတွဲ ရ ရှိ သွား ခဲ့ ပါ တယ် ။

အူဘာမီယန်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃၆ ပွဲ ယှဉ်ပြိုင် ကစားပြီး သွင်းဂိုး ၂၂ ဂိုး သွင်းယူကာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် လီဗာပူး တိုက်စစ် အတွဲ ဖြစ်တဲ့ မာနေး ၊ ဆာလက်ရှ် တို့နဲ့ အတူ ပူးတွဲ ရပ်တည် နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

နည်းပြ အမ်မရီ က BBC Sport နဲ့ အင်တာဗျူးမှာ အူဘာမီယန်း ရွှေဖိနပ် ဆုရသွားတဲ့ နဲ့ ပက်သက်ပြီး ” မနေ့က ကျနော် နဲ့ သူ စကား ပြော ဖြစ်ခဲ့ကြပါတယ် ။ ဒီနေ့ပွဲမှာ ရွှေဖိနပ်ဆု ရယူနိုင်ဖို့ အတွက် ကစားချင်ကြောင်း သူ ပြောပါတယ် ။ အသင်းက ကစားသမားတွေကလည်း ကြိုးစား အားထုတ်မှု အပြည့်နဲ့ သူ့ကို ကူညီပေးခဲ့ကြပါတယ် ။ ”

” အူဘာ အနေနဲ့ သူ ပစ်မှတ် ထားထားတဲ့အတိုင်း လုပ်နိုင်ခဲ့ အတွက် ကျနော် တို့အားလုံး အားရ ဝမ်းသာ မိပါတယ် ။ ဒီနေ့ သူ့ အတွက်ပါ ပျော်ရွှင် မိပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဆက်လက်ပြီး အမ်မရီ က ” ကျနော့် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှု အတွက် ဂုဏ်ယူ မိပါတယ် ။ ကျနော်တို့ ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသ နိုင်ခဲ့ကြပါတယ် ။ ကျနော်တို့ ရာသီကုန်ခါနီးမှာ ရလာတဲ့ အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့ပါဘူး ။ ”

” ကျနော်တို့မှာ ယူရိုပါလိဂ် ပြိုင်ပွဲ ရှိပါသေးတယ် ။ ဆုဖလား ရယူဖို့ ကစားသွားမှာပါ ။ ဒီနေ့ အကောင်းဆုံး စွမ်းဆောင်ရည် ပြသ နိုင်ခဲ့ပါတယ် ၊ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ပေမယ့် သူတို့ အားလုံး ကြိုးစား ကစားခဲ့ ကြပါတယ် ။ကစားကွက်ကို သေချာ ပြင်ဆင် ခဲ့ပြီး ပွဲအတွင်း တဖြည်းဖြည်း ကစားကွက် မိလာအောင် ကစားနိုင်ခဲ့ပါတယ် ။ ကျနော်တို့ အတွက်ကော ပရိသတ်တွေ အတွက်ကော ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ် ။ ”

” ကျနော်တို့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာပါ ။ ကျနော်တို့ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့ပါတယ် ။ ပထမပိုင်းမှာ ပြိုင်ဘက်ရဲ့ ထောင့်ကန်ဘောတွေ ၊ ဖြတ်တင်ဘောတွေကြောင့် ရုန်းကန် ရတာကတော့ ထုံးစံ ပါပဲ ။ ဒါပေမယ့် ကျနော်တို့ ခံစစ် ကစားပုံ ကောင်းခဲ့ပြီး အနိုင် ရလဒ် ကို ရယူ နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR