အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်သာ မရပါက လာမယ့် နွေရာသီမှာ အပြောင်းအရွှေ့ အသုံး စရိတ် ပေါင် သန်း ၅၀ အောက်သာ ရရှိဖွယ် ရှိနေတယ်လို့ Football London က ဖော်ပြ လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ယခုနှစ် ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ငါးနေရာမှာသာ ရပ်တည် နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော် ခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက် ထားနိုင်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေပါသေးတယ် ။

အာဆင်နယ် အသင်းရဲ့ အသုံးစရိတ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အပေါ် မူတည် နေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရင် ခေါ်သင့်တဲ့ ကစားသမား စာရင်း နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့ရင် ခေါ်သင့်တဲ့ ကစားသမား စာရင်း ကို ဖော်ပြ ပေးလိုက်ပါတယ် ။

ချန်ပီယံလိဂ် ဝင်ခွင့် မရရင် ခေါ်သင့်တဲ့ ကစားသမားများ
************************************

အမည် – အစ်ဆာ မန်ဒီ ( Aissa Mandi )
ကစားတဲ့နေရာ – နောက်ခံလူ
အသင်း – ရီးရဲလ်ဘက်တစ်
အသက် – ၂၇ နှစ်
တန်ကြေး – ပေါင် ၁၅ သန်း

မန်ဒီ ဟာ အရပ် ခြောက်ပေ ရှိတဲ့ နောက်တန်းကကစားသမား တစ်ဦး ဖြစ်ပြီး အမြင့်ဘော အသာရမှုမှာ ၅၁.၆ ရာခိုင်နှုန်း အထိ ရှိပြီး ဥရောပ ထိပ်သီး လိဂ် ငါးလိဂ်ခုက အမြင့်ဘော အားအကောင်းဆုံး ဗဟိုနောက်ခံလူ ၁၀ ဦး စာရင်းမှာ ပါဝင်ပါတယ် ။ ဒါ့အပြင် မန်ဒီဟာ ပြိုင်ဘက် အသင်းရဲ့ တိုက်စစ် လမ်းကြောင်းကို တွက်ဆပြီး ဖျက်ထုတ် ရာမှာလည်း ကောင်းမွန်ပြီး တစ်ပွဲပျှမ်းမျှ ၄.၁၉ ကြိမ် အထိ ပြုလုပ် ထားနိုင်ပါတယ် ။

အမည် – နီကို ရှားဇ် ( Nico Schulz )
ကစားတဲ့ နေရာ – ဘယ်နောက်ခံလူ
အသင်း – ဟော့ဖန်ဟိမ်း
အသက် – ၂၆ နှစ်
တန်ကြေး – ပေါင် သန်း ၂၀

မော်ဒန် ဘောလုံး လောကမှာ ညာ / ဘယ် နောက်ခံလူ တစ်ဦးရဲ့ တာဝန် ဟာ တိုက်စစ်ကိုလည်း လိုက်ပါ ကစားရသလို ခံစစ်ကိုလည်း ဆင်းကူ ပေးရပါတယ် ။ ရှားဇ် ဟာ ယခုနှစ် ရာသီ ဘွန်ဒက်စ်လီဂါ မှာ ဂိုးဖန်တီးမှု ငါးကြိမ် ပြု လုပ်ပေးထားပြီး ဥရောပ ထိပ်သီး လိဂ်ငါးခုမှာ သူ့ထက် ဂိုးဖန်တီးမှု များတဲ့ ဘယ်နောက်ခံလူ ဆိုလို့ အာနိုး တစ်ဦးတည်းသာ ရှိပါတယ် ။ ရှားဇ် ဟာ ပြေးအားလည်း ကောင်းသလို အလိမ်အခေါက်လည်း ကျွမ်းကျင်တာကြောင့် အာဆင်နယ် အသင်း ခေါ်ယူသင့်တဲ့ ကစားသမား တစ်ဦးပါ ။

အမည် – စတီဖန်နို ဆန်စီ ( Stefano Sensi )
နေရာ – ကွင်းလယ်လူ
အသက် – ၂၃ နှစ်
အသင်း – ဆာဆူအူလို
တန်ကြေး – ပေါင် ၁၂ သန်း

AMF အဖြစ်ကော CDM အဖြစ်ပါ ကစားနိုင်တဲ့ ဆန်စီ ကို ခေါ်ယူဖို့ အသင်းကြီတော်တော်များများက စိတ်ဝင်စား နေကြပြီး အေစီမီလန် ၊ ဘာစီလိုနာ တို့လို အသင်းတွေတောင် ပါဝင် နေပါတယ် ။ ဆန်စီ ဟာ ဒီရာသီမှာ ဆာဆူအူလို အသင်းအတွက် နှစ်ဂိုး သွင်းယူကာ လေးဂိုး ဖန်တီးပေးထားပြီး သူ့ရဲ့ ဘောလုံး ပေးပို့မှု တိကျနှုန်းဟာ ၉၀.၇၃ အထိ ရှိတာကြောင့် တကယ့်ကို အထင်ကြီးလောက် စရာပါပဲ ။

ချန်ပီယံလိဂ် ဝင်ခွင့် ရရင် ခေါ်ယူသင့်တဲ့ ကစားသမားများ
*************************************

အမည် – ဂျိုအာချင် အန်ဒါဆင် ( Joachim Andersen )
ကစားတဲ့နေရာ – ဗဟို နောက်ခံလူ
အသင်း – ဆမ်ဒိုးရီးယား
အသက် – ၂၂ နှစ်
တန်ကြေး – ပေါင် ၂၂ သန်း

အပေါ်မှာ ဖော်ပြခဲ့တဲ့ မန်ဒီ လိုပဲ အရပ်အမောင်း မြင့်မားတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ၆ ပေ ၄ လက်မ ရှိပါတယ် ။ အန်ဒါဆင် ဟာ အောင်မြင်တဲ့ ဘောလုံး ဖျက်ထုတ်မှု ၃၀.၇၇ % အထိ ပြုလုပ် ထားနိုင်ပြီး လီဗာပူး နောက်ခံလူ ဗန်ဒိုက် ၊ ဘိုင်ယန်မြူးနစ် နောက်ခံလူ ပါဗက်တို့ထက် ပိုမို ကောင်းမွန်တဲ့ စံချိန်ကို ပိုင်ဆိုင် ထားပါတယ် ။ ဒါ့အပြင် အန်ဒါဆင် ဟာ တစ်ပွဲကို ဘောလုံး ပေးပို့မှု ပျှမ်းမျှ ၅၆ ကြိမ် အထိ ပြုလုပ် နိုင်ပြီး ပျှမ်းမျှ ၉၁ % အထိ အောင်မြင်အောင် ပေးပို့ ထားနိုင်ပါတယ် ။

အမည် – ဒစ်ဂ်နီ ( Digne )
ကစားတဲ့နေရာ – ဘယ်နောက်ခံလူ
အသင်း – အဲဗာတန်
အသက် – ၂၅ နှစ်
တန်ကြေး – ပေါင် ၃၅ သန်း

ဘာစီလိုနာ အသင်းကနေ အဲဗာတန် အသင်းကို ရောက်ရှိလာတဲ့ ဒစ်ဂ်နီ ဟာ ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ဘယ်နောက်ခံလူ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။ ဒစ်ဂ်နီ ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ် နိုင်ခဲ့တဲ့ အပြင် တစ်ပွဲပျှမ်းမျှ ဘောလုံး ကြားဖြတ်ရယူနိုင်မှုဟာလည်း ၅.၈ ကြိမ် အထိ ရှိပါတယ် ။

အမည် – ဟော့ဆန် အော်ရာ ( Houssem Aouar )
ကစားတဲ့နေရာ – ဗဟို ကွင်းလယ်လူ
အသင်း – လိုင်ယွန်
အသက် – ၂၀
တန်ကြေး – ပေါင်သန်း ၄၀

လိုင်ယွန် အကယ်ဒမီ ထွက် လူငယ် ကစားသမားလေး ဟော့ဆန် အော်ရာ ဟာ ဒီရာသီ မှာ လိုင်ယွန်အသင်း အတွက် ၂၉၀၀ မိနစ် အထိ ကစားပေးထားပါတယ် ။ အော်ရာ ဟာ ခံစစ်ဆင်းကူရာမှာတော့ အနည်းငယ် အားနည်းပေမယ့် တိုက်စစ် လိုက်ပါရာမှာတော့ ကောင်းကောင်း ကစားနိုင်တဲ့သူပါ ။ ဒီရာသီမှာ လိုင်ယွန် အသင်းအတွက် ခုနှစ်ဂိုး သွင်းယူ ပေးထားပြီး သုံးဂိုး ဖန်တီးပေးထားတဲ့ အော်ရာ ဟာ ရမ်ဆေး နေရာကို အစားထိုးနိုင့်မယ့် ကစားသမား တစ်ဦးပါ ။

Ref – Football London

SPORTS MYANMAR