အင်္ဂလန် မန်နေဂျာဟောင်း ဆမ်အလာဒိုက်က မော်ရီစီယို ပိုချက်တီနို အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အတွက်နဲ့ တော့တင်ဟမ်ကို စွန့်ခွာ သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး အကြောင်းရင်း ကတော့ စပါးဟာ ပိုမို တောင့်တင်းတဲ့ လူအင်အား ကို ပိုင်ဆိုင် ထားလို့ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

ဒီရာသီ ရဲ့ ဒုုတိယအကြိမ်မြောက် နိုင်ငံတကာ ပွဲစဉ်တွေ ပြီးနောက် မြောက်လန်ဒန် ကလပ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရဲ့ အဆင့် ၉ နေရာမှာ ရပ်တည် နေပြီး ထိပ်ဆုံးမှာ ဦးဆောင် နေတဲ့ လီဗာပူး အသင်းနဲ့ ၁၃ မှတ်ထိ ကွာဟ နေတာကြောင့် ပိုချက်တီနို ရဲ့ အနာဂတ်ဟာ စောင့်ကြည့် ခံနေရတဲ့ အနေအထားမှာ ရှိနေ ပါတယ်။

အိုလီဂန်နာ ဆိုးရှား ရဲ့ မန်ချက်စတာယူနိုက်တက် အသင်း အခြေအနေက တော့တင်ဟမ် ထက်တောင် ဆိုးနေပြီး အိုးထရပ်ဖို့ဒ် ကလပ်ဟာ ဒီရာသီ ၈ ပွဲ အပြီးမှာ တန်းဆင်းဇုန်ရဲ့ အထက် ၂ မှတ် အကွာမှာ ရှိနေပြီး နော်ဝေး နည်းပြဟာ ကြီးမားတဲ့ ဖိအားတွေအောက် ကျရောက် နေပါတယ်။

ပိုချက်တီနိုဟာ မန်ယူနို်က်တက် နဲ့ ကာလရှည် သတင်း ထွက်ပေါ် နေခဲ့တဲ့ မန်နေဂျာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ ဟိုဆေး မော်ရင်ညို ရာထူးမှ ထုတ်ပယ် ခံခဲ့ ရပြီးနောက် ယူနိုက်တက် နည်းပြ ရာထူး အတွက် အထူး ရေပန်းစား ခဲ့ပေမယ့်လည်း ကလပ် တာဝန်ရှိသူတွေဟာ ကစားသမားဟောင်း ဖြစ်သူ ဆိုးရှားကို ယာယီ နည်းပြ အဖြစ် တာဝန်ပေးခဲ့ပြီး ရလဒ်တွေ ကောင်းမွန် ခဲ့တာကြောင့် အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ ယူနိုက်တက် ရဲ့ ရလဒ်ဆိုး တွေကြောင့် ဆိုးရှားရဲ့ နည်းပြ ထိုင်ခုံဟာ လှုပ်ခတ် နေခဲ့ပြီး နော်ဝေး နည်းပြသာ ထုတ်ပယ် ခံခဲ့ ရမယ် ဆိုပါက ယူနိုက်တက် နည်းပြ ရာထူး အတွက် ပိုချက်တီနို ဟာ ရေပန်းစားတဲ့ သူတွေ ထဲမှာ ပါ၀င် နေပါတယ်။ ဒါပေမယ့်လည်း ၀က်ဟမ်း နဲ့ နယူးကာဆယ် နည်းပြဟောင်း အလာဒိုက်က ပိုချက်တီနို အနေနဲ့ တော့တင်ဟမ်စတေဒီယမ် မှ အိုးထရပ်ဖို့ဒ်ကို ပြောင်းသွား စရာ အကြောင်း မရှိဘူးလို့ ယုုံကြည် နေပါတယ်။

အလာဒိုက်က “ဒီအချိန်မှာ မော်ရီစီယို ဘယ်ကိုမှ သွားမယ်လို့ ကျွန်တော် မထင်မိ ပါဘူး။ ဒီအချိန်မှာ တော့တင်ဟမ် ဟာ မန်ချက်စတာ ယူနိုက်တက် ထက် လူအင်အား ပိုကောင်း နေပြီး ဒီအချက်က စကား ပြောပါတယ်။ ‘ဒါဟာ မန်ချက်စတာ ယူနိုက်တက် – ကမ္ဘာ့ အကြီးကြယ်ဆုံး ကလပ်တွေ ထဲက တစ်ခု’ လို့တော့ ပြောလို့ ရပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကို ကိုယ်စား ပြုဖို့ အတွက် သူ ထွက်ခွာ ရမယ့် အသင်း ကကော အားနည်း နေလို့လား?” လို့ ဆိုသွား ပါတယ်။

ဆမ်အလာဒိုက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း ဆိုးရှား ရဲ့ အသင်း အနေနဲ့ ဒီလိုသာ ရလဒ်ကောင်းတွေ ရဖို့ ဆက်လက် ရုန်းကန် နေရမယ် ဆိုရင် တန်းဆင်း အန္တရာယ်နဲ့ ရင်ဆိုင် ရလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ ပါတယ်။ ယူနိုက်တက်ဟာ လာမည့် ပွဲစဉ်မှာ ပရီးမီးယားလိဂ်မှာ ဦးဆောင် နေသူ လီဗာပူး နဲ့ ရင်ဆိုင် သွားရမှာ ဖြစ်ပြီး ယာဂန်ကလော့ ရဲ့ အသင်းကို အိုးထရပ်ဖို့ဒ်မှာ ရှံုးနိမ့် ခဲ့မယ် ဆိုရင် တန်းဆင်းဇုန် နဲ့ ပိုမို နီးကပ် သွားမှာ ဖြစ်ပါတယ်။

အလာဒိုက်က “အကယ်၍ ယူနိုက်တက် အနေနဲ့ ယုံကြည်မှုပိုင်း ပျောက်ဆုံး နေပြီး ဒဏ်ရာ ပြသနာတွေ ဒီလိုမျိုး ဆက်ရှိ နေမယ် ဆိုရင် သူတို့ဟာ ဒီထက် ပိုမို ကြီးမားလှတဲ့ ပြသနာတွေနဲ့ ရင်ဆိုင် သွားရမှာ ဖြစ်ပါတယ်။ ကစားသမားတွေဟာ ဒဏ်ရာ တွေကနေ အမြန်ဆုံး ပြန်လာအောင် သိပ်ပြီး ဂရုမစိုက် ကြသလို အချို့ ကစားသမားတွေ ကလည်း အသင်း ရလဒ်ကောင်း နေချိန်မှာသာ ခြေစွမ်းပြ နိုင်ကြပါတယ်။ ဒါဟာ သေချာတဲ့ အချက်အလက်ပါ။

ပေါ့ဘာ အသင်း ကနေ ထွက်ခွာ ချင်တဲ့ ကိစ္စ ကလည်း အနှောက်အယှက် ဖြစ်စေ ပါတယ်။ ပြီးရင် အသင်း ကနေ ထွက်ခွာ ချင်တယ်လို့ နောက်ထပ် ဘယ်သူ ထပ်ပြော အုံးမှာလဲ? မန်ယူနိုက်တက်ဟာ လုံလောက်တဲ့ သွင်းဂိုး အရေအတွက် မရသလို ဒီအပိုင်းမှာ ရုန်းကန် နေရာတာကို မြင်နိုင်ပါတယ်။ သူတို့ ဇယားအောက်ခြေမှာ ရုန်းကန် မနေရဖို့ မျှော်လင့် မိပါတယ်။ ဒါပေမယ့် သူတို့ဟာ အဲဒီဘက်ကို သေချာပေါက် ဦးတည် နေပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM