ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ဂိုးသမားဟောင်းကြီးတဦးဖြစ်တဲ့ ဗန်ဒါဆားက သူ့ရဲ့ ကစားသမား ဘဝအတွင်းမှာ လီဗာပူး အသင်းကို ပြောင်းရွှေ့ဖို့နီးစပ် ခဲ့တဲ့ အကြောင်းကို အခုချိန်မှာ ထုတ်ပြောသွားခဲ့ပါတယ်။ဒီဟော်လန်သားကြီးဟာ၂၀၀၅ကနေ ၂၀၁၁ အတွင်းယူနိုက်တက်အသင်းမှာကစားခဲ့သူဖြစ်ပြီး ဆုဖလားအောင်မြင်မှုအများအပြားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမယ့် ယူနိုက်တက် အသင်းဟာ သူ့ရဲ့ ကစားသမား ဘဝ ပထမဆုံး အင်္ဂလန် ကလပ်အသင်းတော့မဟုတ်တာဖြစ်ပါတယ်။ဗန်ဒါဆားဟာ အေဂျက်အသင်းမှာ ဆယ်စုနှစ်တခုနီးပါးကစားအပြီး အီတလီထိပ်သီး ဂျူဗီအသင်းကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၂ရာသီအကြာမှာပဲ လမ်းခွဲရဖို့ ဖြစ်လာခဲ့ပြီး ထိုအချိန်မှာ လီဗာပူးနဲ့ ဒေါ့မွန်အသင်းတွေရဲ့ ကမ်းလှမ်း မှုတွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။သို့သော်လည်း အကြောင်းကြောင်းကြောင့် နောက်ထပ် ပရီးမီးယားလိဂ်အသင်းတသင်းဖြစ်တဲ့ ဖူလ်ဟမ်အသင်းကို ရောက်သွားခဲ့တာဖြစ်ပါတယ်။ဖူလ်ဟမ်ဟာ လေးရာသီမှာ ကစားခဲ့အပြီး လက်စွမ်းပြသနေခဲ့တဲ့သူ့ကို ထိုခေတ်ထိုအခါက အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတသင်းဖြစ်တဲ့ ယူနိုက်တက်အသင်းကနေခေါ်ယူခဲ့တာဖြစ်ပါတယ်။သူဟာ အိုးထရက်ဖို့ဒ်မြေမှာ ပရီးမီးယားလိဂ်ဖလား၄လုံး၊ ချန်ပီယံဖလားတလုံးအပါအဝင်အောင်မြင်မှုအများအပြားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၄၀အရွယ်မှာ ကစားသမားဘဝကနေ အနားသွားခဲ့ပြီဖြစ်တဲ့ဗန်ဒါဆားက t-online နဲ့ အင်တာဗျူးမှာ – ” အဲ့ဒီတုန်းက ကျွန်တော့်မှာ ရွေးချယ်စရာ ၂ခုရှိခဲ့တာဖြစ်ပြီး ဒေါ့မွန် သို့မဟုတ် လီဗာပူး အသင်းကို ပြောင်းလို့ရနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီနှစ်သင်းလုံးကကျွန်တော့်ကိုခေါ်ဖို့တုန့်နှေးနှေးနိုင်လွန်းတာကြောင့်ဖူလ်ဟမ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ် ” လို့ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးဂိုးသမားတွေထဲမှာပါဝင်တဲ့ ဗန်ဒါဆားက လက်ရှိ ဂျာမန် အသင်းမှာကြုံတွေ့နေရတဲ့ နူအာနဲ့ တာစတီဂျန်ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတဲ့ ပြသနာကို လည်းပြောပြသွားခဲ့ပါတယ်။ဗန်ဒါဆားကဆက်လက်ပြီး-

” ကျွန်တော်က ဂျာမန်နည်းပြမဟုတ်လို့ဒီမေးခွန်းနဲ့တော့မသက်ဆိုင်ပါဘူး။ဘယ်သူ့ကိုရွေးရမယ်ဆိုတာလည်းမသိပါဘူး။ပြောနိုင်တာတခုကတော့နှစ်ယောက်လုံးဟာအရမ်းကောင်းတဲ့ဂိုးသမားတွေဖြစ်တယ်ဆိုတာပါပဲ။အသင်းရဲ့ ကစားကွက်မှာဘယ်သူက အံဝင်သင့်တော်မယ်ဆိုတာ နည်းပြကပဲနောက်ဆုံးမှာဆုံးဖြတ်သွားပါလိမ့်မယ် ” လို့ပြောသွားခဲ့ပါတယ်။နည်းပြကိုဗက်စ်ရဲ့ ဘိုင်ယန်အသင်းနဲ့ ပတ်သက်ပြီး လည်း ဗန်ဒါဆားက – ” ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့က မလွယ်ပါဘူး။အသင်းကောင်းတွေအများကြီးကပြိုင်ဆိုင်နေတယ်ဆိုတာကိုပြီးခဲ့တဲ့ရာသီမှာ့ ကျွန်တော့်အေဂျက်အသင်းကြံုတွေ့ထားပြီးပါပြီ။

ဒါပေမယ့်လည်း ဘိုင်ယန်အသင်းဟာ ချန်ပီယံလိဂ်အောင်မြင်မှုအတွက်ရေပန်းစားတဲ့ အသင်းတွေထဲမှာတော့ အမြဲတမ်းရှိနေပါတယ်။အဆုံးသတ်ချိန်မှာ ဘယ်အသင်းက ဗိုလ်စွဲမယ်ဆိုတာနဲ့ ပတ်သက်ရင်တော့ကျွန်တော့်မှာပြောစရာမရှိပါဘူး ” လို့ပြောခဲ့ပါတယ်။

SM