လီဗာပူး အသင်းရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုဟာ ဒီရာသီ ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်ဖို့ အတွက် အထောက်အကူ ဖြစ်စေ လိမ့်မယ်လို့ ပေါလ်အင့်က ဆိုလိုက်ပါတယ်။ ၎င်းက ဥရောပ အောင်မြင်မှုဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် title race မှာ မန်ချက်စတာစီးတီး အသင်းရဲ့ ဖြုတ်ချခြင်းကို ခံခဲ့ ရတဲ့ လီဗာပူး ကစားသမား တွေကို အားတက် စေခဲ့တယ်လို့ ပြောခဲ့ ပါတယ်။

လီဗာပူး နဲ့ မန်စီးတီး တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ရမှတ် တစ်မှတ်သာ ကွာဟမှု နဲ့ ချန်ပီယံ ဆု အတွက် ဆုံးဖြတ်ခြင်း ခံခဲ့ ရကာ ပက်ဂွာဒီယိုလာ ရဲ့ အသင်းဟာ နောက်ဆုံး ပွဲစဉ်မှာ ဘရိုက်တန်ကို နိုု်င်ခဲ့တာကြောင့် ချန်ပီယံဆု အတွက် လုံလောက် ခဲ့ပါတယ်။ လီဗာပူးဟာ အဆိုပါ ရှုံးနိမ့်မှု အပြီး ရက်သတ္တပတ် အနည်းငယ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစား ခဲ့ရပြီး မက်ဒရစ်မှာ တော့တင်ဟမ်ကို ၂-၀ နဲ့ နိုင်ကာ ၆ ကြိ်မ်မြောက် ဥရောပ ချန်ပီယံ ဖြစ်လာ ခဲ့ပါတယ်။

မန်ယူနိုက်တက် နဲ့ လီဗာပူး ကစားသမားဟောင်း အင့်က ဥရောပ အောင်မြင်မှုဟာ လီဗာပူးကို ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အတွက် အခြေအနေ ကောင်းမှာ ရှိနေ စေတယ်လို့ ထောက်ခံ သွားပါတယ်။

အင့်က “လီဗာပူးနဲ့ ပက်သက်ပြီး ကျွန်တော် ကြိုက်တာ ကတော့ တော့တင်ဟမ်ကို ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင် ရရှိခဲ့တာကြောင့် သူတို့မှာ အခု ယုံကြည်မှု ပြည့်ဝနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အမှတ်ပေးဖလား ဆုံးရှံုးခဲ့ခြင်းဟာ သူတို့ကို အတော် နာကျင် စေမှာပါ။ ဒါပေမယ့် အဲဒီနောက်မှာ ကစား ရတဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင် ရရှိခဲ့ပြီး ဖလား ကိုင်မြှောက် နိုင်ခဲ့ခြင်းဟာ ဟာ သူတို့ကို ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အတွက် ယုံကြည်မှု ရှိစေ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က မန်ယူနိုက်တက် မှာ တုန်းက ကျွန်တော်တို့ ဒီလို လုပ်နိုင်ခဲ့ပြီး အဲဒီတုန်းက European Cup Winner’s Cup မှာ ဘာစီလိုနာကို ကျွန်တော်တို့ အနိုင် ရခဲ့ပါတယ်။ ဒါဟာ အထောက်အကူ ဖြစ်စေ ခဲ့ပါတယ်။ ကစားသမား တွေကြားမှာ ခြားနားတဲ့ စိတ်ဓာတ်ကို ခံစားမိ နိုင်ပါတယ်။ ဘာစီလိုနာ ကို အနိုင်ယူပြ ခဲ့တာကြောင့် ဘယ်အသင်းကို မဆို အနိုင် ယူနို်င်စွမ်း ရှိတယ်လို့ ယုံကြည်မှု ဖြစ်သွား ခဲ့ပါတယ်။

လက်ရှိ လီဗာပူး အသင်းမှာလည်း ဒါကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ယုံကြည်မှု ၊ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဖလားကို ဆုံးရှံုးခဲ့တဲ့ အတွေ့အကြံုတွေဟာ သူတို့ကို အခုချိန်မှာ တုန်လှုပ်စေမှာ မဟုတ်ပါဘူး။ အမှတ်ပေးဖလား အကြောင်း ပြောနေမှုတွေ ရှိမှာ မဟုတ်ပါဘူး။ ကလပ်ကလည်း ဒါကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ သူတို့ဟာ တစ်ပွဲချင်းစီကို အာရုံစိုက် သွားမှာပါ။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဖလားကို မန်စီးတီးပဲ ဗိုလ်စွဲမယ်လို့ ကျွန်တော် အမြဲ ခံစားမိ ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော် ဒီလိုမျိုး မခံစား ရတော့ ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာမှာ ရှစ်မှတ် အသာနဲ့ ဦးဆောင် နေပါတယ်။ လီဗာပူးဟာ အရှိန်လျော့ သွားမယ့် အရိပ်အယောင်တွေ ပြသနေခြင်း မရှိသေး ပေမယ့် အင့်ကတော့ ရာသီတစ်လျှောက်လုံး အရာအားလုံး လျှင်လျှင်မြန်မြန် ပြောင်းလဲ သွားနိုင်တယ်လို့ သတိပေး သွားပါတယ်။

အင့် က “မန်စီးတီးကို title race ကနေ လုံးဝ ဖယ်ထုတ် လိုက်စရာ အကြောင်း မရှိပါဘူး။ လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီက စီးတီးရဲ့ ကွင်းကို သွားကန် ခဲ့ရပြီး နိုင်ရင် ၈ မှတ် ဖြတ်နိုင်မယ့် အခွင့်အရေး ရှိခဲ့ ပေမယ့် ရှံုးနိမ့် ခဲ့ပါတယ်။ ဒါဟာ ဇန်နဝါရီမှာ ဖြစ်ခဲ့တာပါ။ ယခုက အောက်တိုဘာလပဲ ရှိနေ ပါသေးတယ်။

အဲလက်စ်ဖာဂူဆန် က ဘောလုံးရာသီဟာ မတ်လ မှ စတင်တယ်လို့ ပြောခဲ့ပါတယ်။ မတ်လမှာ ကောင်းမွန်တဲ့ အနေအထား ရောက်အောင် လုပ်ရမှာ ဖြစ်ပြီး ဒါဆိုရင်တော့ အမှတ်ပေးဖလား ဆွတ်ခူးနို်င်ဖို့ အတွက် အခွင့်အရေး ရှိလာ မှာပါ။ အမှားအယွင်းတွေ အများကြီး ရှိလာ နိုင်ပါသေးတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဒါကို တွေ့ခဲ့ပြီး နောက်ကျ ပင်နယ်တီကြောင့်သာ မဟုတ်ရင် လီဗာပူတို့ ၂-၁ နဲ့ နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အမှတ်တွေ ရလိုက် ဆုံးရှံုးလိုက် ဖြစ်လာ ပါလိမ့်မယ်။

အခုဖိအားက စီးတီးမှာ ကျရောက် နေပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၀ုဖ်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့် ခဲ့လို့ပါ။ တစ်ခါတစ်ရံ ဒီပွဲဟာ နိုင်သင့်တဲ့ ပွဲလို့ အပိုင် တွက်ခဲ့ပေမယ့် ထင်သလို မဖြစ်တက်တာ ရှိတက် ပါတယ်။” လို့ ပြောသွား ပါတယ်။

SM