လိုင်လီ အသင်း နည်းပြ ခရစ္စတိုဖာ ဂဲလ်တီယာ က တောင်ပံ ကစားသမား နီကိုလပ်စ် ပီပီ ဟာ လာမယ့် ရာသီသစ်မှာ အသင်းမှာ ဆက်ကစားတော့မှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။ ဒီသတင်းဟာ တောင်ပံ တိုက်စစ်ကစားသမား တစ်ဦး ရှာဖွေနေတဲ့ အာဆင်နယ် အသင်းနည်းပြ အူနိုင်း အမ်မရီ အတွက် သတင်းကောင်း တစ်ရပ်လည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ နီကိုလပ်စ် ပီပီကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကတည်းက ကြိုးပမ်း နေတာပါ ။ နီကိုလပ်စ် ပီပီကို ခေါ်ယူဖို့ အာဆင်နယ် အသင်းအပြင် မန်ယူနိုက်တက် ၊ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း စိတ်ဝင်စား နေကြပါတယ် ။

ယခု အခါမှာတော့ လိုင်လီ အသင်း နည်းပြ ခရစ္စတိုဖာ ဂယ်တီယာ က နီကိုလပ်စ် ပီပီ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြု လိုက်တာကြောင့် ဘာစီလိုနာ ၊ လီဗာပူး ၊ ချဲလ်ဆီး တို့ပါ ခေါ်ယူဖို့ မျက်စိကျ နေကြတယ်လို့ သတင်းတွေ ထွက်ပေါ် လာပြန်ပါတယ် ။

လိုင်လီ နည်းပြ ဂယ်တီယာ က Canal + နဲ့ အင်တာဗျူးမှာ နီကိုလပ်စ် ပီပီ ရဲ့ အနာဂတ် နဲ့ ပက်သက်ပြီး ” နီကိုလပ်စ် ပီပီ ထွက်ခွာ တော့မှာပါ ။ ယနေ့ ဘောလုံးလောက မှာ ဖြစ်နေကြပါပဲ ။ သူ က အခုအချိန်မှာ ခြေစွမ်းပိုင်း အကောင်းဆုံး အချိန်ကို ရောက်နေပါတယ် ။ ဘယ်အသင်းကို ပြောင်းမလဲ ဆိုတာ သူကိုယ်တိုင် ရွေးချယ် ဆုံးဖြတ် သွားမှာပါ ။ ”

” ဥရောပ ထိပ်တန်း အသင်းကြီးတွေ သူ့ကို အပြိုင်အဆိုင် ခေါ်ဖို့ ကြိုးစားကြတော့မှာပါ ။ သူ သေချာ အချိန်ယူပြီး စဉ်းစား ဆုံးဖြတ်နိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ် ။ သူ လိုင်လီ အသင်းကို စပြောင်းခါစ တုန်းကလိုမျိုး ၊ ပြီးခဲ့တဲ့ နွေရာသီက အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ချက် ချခဲ့သလိုမျိုး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား ထားပါတယ် ။

လိုင်လီ အသင်းဟာ နီကိုလပ်စ် ပီပီ ကို ပြောင်းရွှေ့ ကြေး ယူရို သန်း ၅၀ နဲ့ ၈၀ ကြား ရရှိမှသာ ရောင်းချ ဖွယ် ရှိ နေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် သာ မရပါက နွေရာသီ အသုံးစရိတ် ပေါင်သန်း ၄၀ ဝန်းကျင်သာ ရမယ့် အာဆင်နယ် အသင်းအတွက် အခက်တွေ့ ဖွယ် ရှိ နေပါတယ် ။

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်သာ မရပါက ယခု နွေရာသီမှာ အပြောင်းအရွှေ့ အသုံး စရိတ် ပေါင် သန်း ၅၀ အောက်သာ ရရှိဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရင်တော့ ပိုများတဲ့ ပမာဏကို အသုံးပြုဖွယ် ရှိနေပါတယ် ။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အိုင်ဗရီကိုစ့် တိုက်စစ် ကစားသမား နီကိုလက်စ် ပီပီ ဟာ ယခုနှစ် ရာသီမှာ လိုင်လီ အသင်းအတွက် ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားပေးထားပြီး ၂၄ ဂိုး သွင်းယူကာ ၁၁ ဂိုး ဖန်တီး ပေး ထား ပါ တယ် ။

SPORTS MYANMAR