အာဆင်နယ် အသင်းဟာ လာမယ့် ရာသီသစ် အတွက် နည်းပြ အဖွဲ့ ကို ပြန်လည် ပြင်ဆင် မွမ်းမံဖို့ ပြင်ဆင် နေပြီး လက်ထောက်နည်းပြ စတိဗ်ဘိုးလ် နေရာမှာ ဂန္တဝင် ကစားသမား ဖရက်ဒီ ယွန်းဘတ် ကို ခန့်အပ်ဖို့ ပြင်ဆင် နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာပါတယ် ။

ဂန်းနားတို့ရဲ့ ဂန္တဝင် ကစားသမား ယွန်းဘတ် ဟာ ယခု လက်ရှိ အချိန်မှာ အာဆင်နယ် ယူ-၂၃ အသင်း ရဲ့ နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင် နေတာလည်း ဖြစ်ပါတယ် ။ Football London ရဲ့ ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ ယွန်းဘတ်ကို အမ်မရီ ရဲ့ လက်ထောက် နည်းပြ အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ထောက် နည်းပြ စတိဗ်ဘိုးလ် နေရာမှာ ယွန်းဘတ် ကို ခန့်အပ်ဖို့ ကြိုးပမ်း နေတာ ဖြစ်ပြီး အသက် ၅၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စတိဗ်ဘိုးလ် နဲ့ လမ်းခွဲ ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ် ။

အာဆင်နယ် အသင်း ရဲ့ နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ စတိဗ်ဘိုးလ် ဟာ ၂၀၀၁ ခုနှစ် ကတည်းက အာဆင်နယ် အသင်း ရဲ့ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်လာခဲ့တဲ့သူလည်း ဖြစ်လာပါတယ် ။

အူနိုင်း အမ်မရီ ရဲ့ လက်ထောက် နည်းပြ ဖြစ်လာဖွယ် ရှိနေတဲ့ ယွန်းဘတ် ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် ယူ-၂၃ အသင်းကို ပရီးမီးယားလိဂ် ၂ မှာ ဒုတိယ နေရာ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။ ယွန်းဘတ် ရဲ့ ပထမဆုံးရာသီမှာ အာဆင်နယ် ယူ-၂၃ အသင်းဟာ ၂၂ ပွဲ ကစားရာမှာ ၁၀ ပွဲနိုင် ၊ ၇ ပွဲသရေ ကျ ခဲ့ပါတယ် ။

အာဆင်နယ် အသင်းမှာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ ကစားခဲ့တဲ့ ယွန်းဘတ် ဟာ ၂၀၁၅/၂၀၁၆ ရာသီတုန်းက နည်းပြ ဘဝ အစကို အာဆင်နယ် ယူ-၁၅ အသင်းကို ကိုင်တွယ်ပြီး စတင် ခဲ့ပါတယ် ။ အဲ့နောက်မှာတော့ ယွန်းဘတ်ဟာ ဝုလ်ဘတ် အသင်းရဲ့ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင် ခဲ့ပါတယ် ။

၂၀၁၈ ခုနှစ်မှာတော့ ယွန်းဘတ် ဟာ အာဆင်နယ် အသင်းကို ပြန်ရောက် လာခဲ့ပြီး အာဆင်နယ် ယူ-၂၃ အသင်း နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင် နေတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းလူငယ် ကစားသမားတစ်ဦး ဖြစ်တဲ့ တိုဘီ အိုမိုလီ ကလည်း ယွန်းဘတ် ကြောင့် သူတို့ လူငယ် ကစားသမားတွေ ပိုကောင်းလာကြောင်း ထုတ်ဖော် ပြောကြား ထားပါတယ် ။

အိုမိုလီ က ” သူ ( ယွန်းဘတ် ) က ကျနော်တို့ကို ကစားပုံအသစ် နဲ့ မိတ်ဆက် ပေးခဲ့တာပါ ။ ဘောလုံး ပြန်ရအောင် ကစားဖို့ နဲ့ တစ်ဖက် အသင်း ကစားသမားတွေကို အပြင်းအထန် ဖိအားပေးပြီး ကစားတာမျိုးတွေပေါ့ ။ နောက်ပြီးတော့ ကိုယ့်ဘက်မှာ ဘောလုံး မရှိတဲ့ အချိန်မှာကော ဘယ်လို တုန့်ပြန် ကစားရမလဲဆိုတာ သင်ပေးပါတယ် ။ ”

” နောက်တန်းကနေ တိုက်စစ်ဆင်တာတို့ ၊ ဘောလုံး အမြန်ပေးတာတို့ကောပေါ့ ။ ကျနော်ကတော့ နည်းပြကြီး ယွန်းဘတ် နဲ့ သူ့ အဖွဲ့ ဝင်တွေရဲ့ ကြိုးစား အားထုတ်မှုကို သဘောကျပါတယ် ။ သူတို့ဆီကနေ ပညာတွေ အများကြီး ရပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR