ဂန်းနား တို့ရဲ့ တိုက်စစ်မှူးဟောင်း အီယန်ရိုက် က နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အာဆင်နယ် အသင်း ခေါ်ယူသင့်တဲ့ ကစားသမား သုံးဦး နဲ့ အသင်းကနေ ထွက်ခွာဖွယ် ရှိတဲ့ ကစားသမား ငါးဦး နာမည် ကို ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် ရာသီသစ် အတွက် နောက်တန်း ၊ ကွင်းလယ် နဲ့ တောင်ပံ တိုက်စစ် နေရာ တို့ကို အင်အား ဖြည့်တင်းဖို့ လိုအပ် နေတာလည်း ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အပေါ် မူတည်နေပါတယ် ။

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်သာ မရပါက ယခု နွေရာသီမှာ အပြောင်းအရွှေ့ အသုံး စရိတ် ပေါင် သန်း ၅၀ အောက်သာ ရရှိဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရင်တော့ ပိုများတဲ့ ပမာဏကို အသုံးပြုဖွယ် ရှိနေပါတယ် ။

ဒါကြောင့် အီယန်ရိုက် က ယခု နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အာဆင်နယ် နည်းပြ အမ်မရီ အဓိက ပစ်မှတ်ထား ခေါ်ယူ သင့်တဲ့ ကစားသမား သုံးဦး ကို ပြောကြား လိုက်ပါတယ် ။ အဆိုပါ ကစားသမား သုံးဦးကတော့ လက်စတာ နောက်ခံလူ ဘန်ချီဝဲလ် နဲ့ ကွင်းလယ်လူ တိုင်လီမန် ၊ လိုင်လီတောင်ပံ ကစားသမား နီကိုလပ်စ် ပီပီ တို့ပဲ ဖြစ်ပါတယ် ။

အီယန်ရိုက် က Mirror Football နဲ့ အင်တာဗျူးမှာ “ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဘန်ချီဝဲလ် က ပွဲတိုင်း ပိုပို ကောင်းလာနေတဲ့ ကစားသမားပါ ။ အခုဆို အင်္ဂလန် လက်ရွေးစင် တောင် ဖြစ်နေပါပြီ ။ နောက်ပြီးတော့ တိုင်လီမန် ပေါ့ ။ မိုနာကို ကနေ လက်စတာ ကို အငှား လာကစားတဲ့သူ့ကို အသင်း တော်တော်များများက ချိတ်ဆက် နေကြပါပြီ ။ သူ့ကိုလည်း မဖြစ်မနေ ခေါ်သင့်ပါတယ် ။ ”

” နောက်တစ်ယောက်ကတော့ နီကိုလပ်စ် ပီပီပေါ့ ။ သူက မြန်နှုန်း ရော စကေး ရော ရှိတဲ့ တောင်ပံ ကစားသမား တစ်ဦးပါ ။ ဒီကစားသမားတွေကိုသာ ခေါ်နိုင်ရင် ဘယ် အသင်းမဆို သိပ်ကောင်းသွားမှာပါ ။ ဒါ ကျနော် အရိုးသားဆုံး ပြောတာပါပဲ ။ သူတို့ အသက်အရွယ် နဲ့ ဆို အခုလက်ရှိ အသင်းတွေမှာ နှစ်အနည်းလောက်ပဲ ကစားတော့မှာပါ ။ သူတို့က ကျနော် စိတ်ကူးယှဉ်ထားတဲ့ ကစားသမားတွေပါ ။ ”

ဆက်လက်ပြီး အီယန်ရိုက် က အာဆင်နယ် အသင်း ရောင်းထုတ် သင့်တဲ့ ကစားသမား နာမည်တွေကိုလည်း ပြောကြား လိုက်ပါတယ် ။ ” ဒန်နီဝဲလ်ဘက် ၊ ဒေးဗစ် အော့စ်ပင်နာ ၊ မိုဟာမက် အယ်နီနီ ၊ ကားလ်ဂျက်ကင်ဆန် ၊ စတီဖန် လက်ခ်ျစတိုင်နာ တို့က အသင်းကနေ ထွက်ခွာသင့်တဲ့ ကစားသမားတွေပါ ။ ”

” အသင်းမှာ ကိုယ့်အတွက် အနာဂတ်လည်း မရှိဘူး ၊ ပုံမှန် နေရာ တစ်ခုလည်း မရဘူး ဆိုရင်တော့ အသင်းမှာ ဘာဆက်လုပ် နေတော့မှာလည်းဗျာ ။ အဲ့ အသင်းကနေ ဘယ်နည်းနဲ့ ပဲ ဖြစ်ဖြစ် ထွက်ခွာသင့်ပါတယ် ။ ” လို့ ပြောကြား သွား ခဲ့ ပါ တယ် ။

SPORTS MYANMAR