အရေးအသားပိုင်းမှာ ကမ္ဘာကျော်လွန်းပါတယ် ဆိုတဲ့ အင်္ဂလန် မီဒီယာတွေကို မန်စီးတီး အသင်းက လှည့်ကွက်တစ်ခု နဲ့ အတူ အသာစီး ရယူပြသွားခဲ့ လုပ်ရပ်တစ်ခု မကြာခင်က ဖြစ်ပေါ်ခဲ့ပါတယ်။

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က သူ့အသင်းရဲ့ အောင်မြင်မှုတွေကို မီဒီယာတွေက ချီးကျူးသင့်သလောက် မချီးကျူးဘူးလို့ စွပ်စွဲ ထားခဲ့တာ ဖြစ်သလို ၊ လီဗာပူး နဲ့ ယူနိုက်တက် တို့ ဆိုရင် အသားပေးလွန်းတယ်လို့ မှတ်ချက် ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ဖလား သိမ်းပိုက်ပြီး ခါစတုန်းကလဲ ဒေးလီးမေလ်က သူတို့ရဲ့ ခေါင်းကြီးပိုင်းမှာ မန်စီးတီး ဖလား ရတဲ့ အကြောင်းအရာ ထက် ၊ ပေါ့ဘာ နဲ့ ပရိသတ် တစ်ဦးတို့ စကားများခဲ့တဲ့ အကြောင်းကိုသာ ဦးစားပေး ဖော်ပြခဲ့တာကိုလဲ ပက်က ထောက်ပြ ခဲ့ဖူးပါတယ်။

ဝက်ဖို့ဒ် အသင်းကို အနိုင်ယူပြီး ၊ ပြည်တွင်း ဖလား 3 လုံး ဆွတ်ခူး အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သတင်း ထောက် တစ်ဦးက မန်စီးတီး ရဲ့ အောင်မြင်မှု ကို မမေးပဲ ၊ ပက် ရဲ့ ဆုကြေး လစာ တွေနဲ့ ပတ်သက်တဲ့ မေးခွန်းကို မေးမြန်းခဲ့တာကြောင့် ၊ ဒီလို သမိုင်းဝင် အခိုက်အတန့်မျိုးမှာ ဒီမေးခွန်းပဲ မေးစရာ ရှိတာလား ဆိုပြီး ၊ ပက်ဂွာဒီယိုလာဟာ သတင်းထောက်တွေ အပေါ် ဒေါသ ထွက်ခဲ့ပြန်ပါတယ်။

မီဒီယာတွေဟာ စီးပွားရေး လုပ်ငန်းသမားတွေ ဖြစ်တာကြောင့် လူအများ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုသာ အသားပေးဖော်ပြနေခဲ့ကြပြီး ၊ မန်စီးတီး ရဲ့ အောင်မြင်မှု ကိုတော့ ထိုက်သင့်တဲ့ ဂုဏ်ပြုရေးသားမှုတွေ အများကြီး မရှိခဲ့တာတော့ သေချာပါတယ်။

ဒါကြောင့် မန်စီးတီး အသင်းဘက်ကတော့ အဲဒီ အကြောင်းကို ပညာသား ပါပါ နဲ့ တုန့်ပြန် ပြသွားခဲ့ပြီး ၊ သူတို့ရဲ့ ဆုဖလား အောင်မြင်မှုတွေ အကြောင်း ၊ မီဒီယာ တွေရဲ့ စာမျက်နှာထက်ပေါ် အလိုအလျှောက် ရောက်ရရှိသွားအောင် လုပ်ဆောင်ပြသွားနိုင်ခဲ့ပါတယ်။

အဲဒီ အစီအစဉ်ကတော့ Trophy Prank အစီအစဉ်ပဲ ဖြစ်ပါတယ်။

မန်စီးတီးဟာ အသင်းရဲ့ အမာခံ ပရိသတ်အချို့ထဲက ၊ လတ်တလော မွေးနေ့တွေနဲ့ တိုက်ဆိုင်တဲ့ သူတွေကို သီးသန့်ဖိတ်ကြားကာ ပရီးမီးယားလိဂ် ဖလားကြီး နဲ့ အတူတူ အောင်ပွဲခံဖို့ အသင်းထံ ဖိတ်ခေါ်ခဲ့ပါတယ်။

အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဒီဘရိုင်း နဲ့ အဂွေးရိုး တို့ဟာ လဲ ဒီအစီအစဉ်မှာ အဓိက နေရာကနေ ပါဝင်ခဲ့ကြတာပါ။ ပရိသတ်တွေ ရောက်ရှိလာချိန်မှာတော့ ၊ သူတို့ အားလုံးဟာ ပရီးမီးယားလိဂ် ဖလားကြီးကို ကိုင်မြှောက်ရင်း အတူတူ အောင်ပွဲခံကာ သီချင်းတွေ အော်သီဆိုခဲ့ကြပါတယ်။

အဲဒီလို က ခုန်နေချိန်မှာတော့ ဆု ဖလားကြီးဟာ ရုတ်တရက်ဆိုသလို ၊ အထပ် အမြင့်ပေါ်ကနေ ပြုတ်ကျသွားခဲ့ကာ ၊ လုံးဝ တစ်စစီ ကွဲထွက် သွားခဲ့တာပါ။ ချက်ခြင်း ဆိုသလို အွန်လိုင်း တစ်ခုလုံးက မန်စီးတီး ကစားသမားတွေ အောင်ပွဲခံတာ ကြမ်းလွန်းလို့ ပရီးမီးယားလိဂ် ဖလားကြီး ကွဲကြေသွားပြီ ဆိုတဲ့ အသံတွေ ချက်ခြင်း ဆူညံသွားခဲ့ ပါတယ်။

အင်္ဂလန် မီဒီယာတွေကလဲ ဒီအကြောင်းကို သူ့ ထက်ငါ အလုအယက် ဖော်ပြခဲ့ကြတာပါ။ အဲဒီ အချိန်ရောက်မှ မန်စီးတီး ရဲ့ ပရီးမီးယားလိဂ် ဖလားဟာ ကျကွဲခြင်း ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ အတူ သတင်းမီဒီယာ တွေ ၊ ပရိသတ်တွေ ရဲ့ နှုတ်များတွေမှာ တသသ ဖြစ်နေလာခဲ့ပါတယ်။

တကယ်တော့ ကျကွဲသွားတဲ့ ဖလားဟာ အတုကြီးသာ ဖြစ်ပြီး ………..ပရိသတ်တွေ ကို ရင်ခုန်စိတ်လှုပ်ရှားမှု ပေးချင်လို့ မန်စီးတီး ရိုတ်ကူးရေး အဖွဲ့သားတွေ နဲ့ ဒီဘရိုင်း ၊ အဂွေးရိုး တို့ ပေါင်းစပ်ပြီး ဖန်တီးသွားခဲ့ကြတာပါ။

ဖိတ်ကြားခံရတဲ့ ပရိသတ်တွေဟာလဲ နောက်ပိုင်းမှာ တကယ့် ဖလား အစစ်အမှန် နဲ့ ဓါတ်ပုံရိုတ်ကူးခွင့် ရရှိခဲ့သလို ၊ အောင်ပွဲလဲ အတူတူ ခံသွားခဲ့ကြပါတယ်။

နောက်ဆုံး အမြတ်ကျန်သွားတာတော့ မန်စီးတီးပေါ့…………….သူတို့ ပရီးမီးယားလိဂ် ဖလား အကြောင်း မီဒီယာတွေကို အသည်းအသန် ဖော်ပြလိုက်ကြတယ်လေ။

ဘယ်လောက်အထိ ညဏ်ကောင်းလိုက်တဲ့ လှည့်ကွက်လဲဗျာ……………