မေး – အာဆင်ဝင်းဂါး ရဲ့ ခေတ်အလွန်မှာ အာဆင်နယ်ဟာ ဂါဇီဒစ် ၊ မစ်လင်တက် တို့ပါ ထပ်ပြီး ဆုံးရှုံးသွားခဲ့ ပါတယ်။ အဲဒီတော့ ဗီနိုင်း………ရှင် နဲ့ ရာအူး တို့ဟာ အသင်းကို ဘယ်လိုပုံစံတွေနဲ့ ပြန်လည် တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ကြသလဲ။

ရာအူး – အဲဒီ အကြောင်းက လောလောဆယ်မှာ ဖြစ်နေတဲ့ အရာပါ။ ကျနော် ဂါဇီဒစ် နဲ့ ပထမဆုံး တွေ့ခဲ့တဲ့ အချိန်ကတည်းက အာဆင်ဝင်းဂါး ခေတ်အလွန် မှာ အသင်းကို ဘယ်လို တည်ဆောက် ကြမလဲ ဆိုတာ ဆွေးနွေးခဲ့တာဗျ။

တကယ်တော့ တိုင်ပင်ကြတယ် ဆိုတာထက် ၊ ဂါဇီဒစ် က ကျနော့်ကို စာရွက် အဖြူအလွတ်ကြီးပေးပြီး ၊ မင်း တည်ဆောက်ချင်တဲ့ ပုံစံရဲ့ မော်ဒယ်ကို ချရေးကြည့်စမ်းကွာ ဆိုပြီး ပြောတာပါ။ အဲဒါနဲ့ ကျနော်တို့လဲ အသင်းကို ဒီလို ဒီလို ဖြစ်တယ် တည်ဆောက်ကြည့်ချင်တယ်လို့ ပြောပြီး ၊ နောက်ဆုံးမှာ သူနဲ့ အပြီးသတ် သဘောတူညီမှု ရယူပြီး ရှေ့ဆက်မယ့် စီမံကိန်း တစ်ခုကို ရေးဆွဲလိုက်တာပေါ့။ အဲဒီ ကနေ စပြီး အာဆင်နယ်ကို ကျနော် ရောက်လာတော့ တာပါပဲ။

အရင်ကတော့ အင်္ဂလန်မှာ အသုံးပြုတဲ့ နည်းစနစ်တွေက မန်နေဂျာ က အားလုံးကို တာဝန်ယူပြီး မောင်းနှင်ရတာပေါ့။ အသုံးစာရိတ်တွေ ၊ အသင်းရဲ့ အ၀င်အထွက်တွေ ၊ ရှေ့ဆက်မယ့် အစီအစဉ်တွေ က အစ သူပဲ ဆုံးဖြတ်ချက် ချတာလေ။ ကျနော်တို့ ရဲ့ လုပ်ကိုင်မယ့် ပုံစံက အဲဒါနဲ့ ပုံစံ မတူပါဘူး။

အရင်ဆုံး အဓိက အာရုံစိုက်ထားတာက စီနီယာ အသင်းကြီးရဲ့ အောင်မြင်မှု အတွက်ပေါ့။ အဲဒီ တာဝန်အတွက် အဓိက လှုပ်ရှားရမယ့် သူက မန်နေဂျာ ဆိုတာထက် ၊ နည်းပြချုပ် ဆိုတဲ့ ခေါင်းစဉ် အောက်မှာပဲ ဆက်ပြီးတော့ Run ရမှာပါ။ နည်းပြချုပ်ဟာ အသင်းရဲ့ စွမ်းဆောင်ရည်တွေ ၊ ရလာဒ်တွေ ၊ အောင်မြင်မှုတွေ အားလုံးအားလုံးကို တာဝန်အများဆုံး ယူရတဲ့သူ ဖြစ်ရမှာပါ။

အဲဒီ စီနီယာ အသင်းကြီး နဲ့ အဓိက ချိတ်ဆက်မယ့် လမ်းကြောင်းက အကယ်ဒမီပေါ့။ အကယ်ဒမီ ရဲ့ အရေးပါပုံကို ကျနော်တို့ အားလုံးက အကြွင်းမဲ့ လက်ခံယုံကြည်တဲ့သူ တွေချည်းပါပဲ။ ဥရောပရဲ့ ကြီးကျယ်ခမ်းနားပြီး ရေရှည် တည်တံ့တဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အသင်းတွေ အားလုံးကို ပြန်ကြည့်လိုက်မယ် ဆိုရင် လကပ်တွေ အားလုံးဟာ အကယ်ဒမီကို အခြေခံ တည်ဆောက်ခဲ့တာလေ။ ဒါဟာ ငွေကြေးပိုင်း အရ ပြောတာ မဟုတ်ပါဘူး ၊ အသင်းရဲ့ အမှတ်တံဆိပ် တစ်ခု အနေနဲ့ ပြောတာပါ။ အေဂျက်ဆိုရင် အကယ်ဒမီ နဲ့ တွဲပြီး မြင်ကြတာ ဖြစ်သလို ၊ ဘာစီလိုနာ ၊ ဘိုင်ယန် မြူးနစ် တို့ဆိုရင်လဲ ဒီအတိုင်းပါပဲ။

ဒါကြောင့် အသင်းရဲ့ ပင်တိုင်ကျောရိုး လှုပ်ရှားပုံဟာ အဲဒီ နှစ်ခုနဲ့ ဆက်စပ်နေပါလိမ့်မယ်။ အကယ်ဒမီ ရဲ့ မျိုးဆက်သစ်တွေ မွေးထုတ်ပေးမယ့် လမ်းကြောင်းဟာ စီနီယာ အသင်းကြီးဆီ တိုက်ရိုတ် သက်ရောက်နေမှာပါ။ အခြားတစ်ဖက်မှာတော့ ဈေးကွက်ထဲကနေ ကစားသမားကောင်းတွေ ရှာဖွေဖို့ အတွက်ပေါ့။ ဒီအပိုင်းကိုတော့ အားကစား ဒါရိုတ်တာက တာဝန်ယူပြီး လှုပ်ရှားပါလိမ့်မယ်။ ကျနော်တို့ သတ်မှတ်ထားတဲ့ အားကစား ဒါရိုတ်တာ ဆိုတာ အသင်းရဲ့ ချမှတ်ထားတဲ့ မူဝါဒကို ရေရှည်ကြည့်ပြီး အကောင်ထည်ဖော် နိုင်တဲ့ လူမျိုးဖြစ်ရပါမယ်။ Medium and Long Term Vision ပေါ့။ သူဟာ နည်းပြချုပ် နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး အလုပ်လုပ်ရမယ်။

နည်းပြချုပ် လိုအပ်ချက်တွေကို အစအဆုံး နားလည်ရမယ်။ အကယ်ဒမီ နဲ့ စီနီယာ အသင်းကြီးရဲ့ အကြားမှာ အဓိက ကြားခံနယ် အဖြစ် လုပ်ကိုင်ရှာ ဖြစ်သလို ၊ ဈေးကွက် အကြောင်းလဲ နားလည်နေတဲ့ သူမျိုး ဖြစ်ရမှာပါ။ အဲဒီ လုပ်ငန်း စဉ်ကြီးကို ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြတဲ့ နေရာမှာ အဓိက စံထားမယ့် ပေတံကြီး နှစ်ခုကို ကျနော်တို့ သတ်မှတ်ထားပါတယ်။

တစ်ခုက စီနီယာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အမြဲတမ်း အမြင့်ဆုံး ဖြစ်နေဖို့ အတွက်ပါ။ အဲဒီ အပိုင်းကို တာဝန်ယူထားတဲ့ ကစားသမားတွေ နည်းပြတွေဟာ ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာ အရ လုပ်ဆောင်ချက်တွေ အားလုံးက အမြင့်ဆုံး အထိ ရှိနေဖို့ လိုပါတယ်။

တစ်နောက်တစ်ချက် ကတော့ Data Aanalysis ပေါ့ ။ ဒီဘက်ခေတ်မှာ လေ့လာ သုံးသပ်ချက်တွေက အရမ်းကို အရေးပါလာ ပါပြီ။ ကွင်းအတွင်းမှာလဲ ကိုယ့် ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာတိုင်းတာ ရမှာတွေ ရှိနေသလို ၊ ကွင်းပြင်ပက ပြိုင်ဘက်တွေ ရဲ့ အကြောင်းလဲ လေ့လာ သုံးသပ်ရမယ့် အပိုင်းတွေလဲ အများကြီးပါပဲ။ ဒါမှ ပွဲတွေ ကစားရင် ရလာဒ်ပိုင်း အရ အထောက်အကူတွေ အများကြီး ဖြစ်နိုင်မှာပါ။

နောက်ဆုံး ရာထူးကတော့ Operation ဒါရိုတ်တာပါ။ သူဟာ ထိပ်ပိုင်းက ဆုံးဖြတ်ချက်တွေ နဲ့ အောက်ဘက်မှာ ရှိတဲ့ အနေအထားတွေကို အဓိက ဆက်သွယ်ပေးရမယ့် သူပေါ့။ ဥပမာ ပြောရရင် ကစားသမားတွေ ရဲ့ စာချုပ် ကိစ္စတွေ ၊ လစာ ကိစ္စတွေကို သူကပဲ တာဝန်ယူပြီး လုပ်ဆောင်ရမှာပါ။

ဒါတွေ အားလုံးကတော့ အသွင်သစ် နဲ့ တည်ဆောက်နေတဲ့ အာဆင်နယ် ရဲ့ ဖွဲ့စည်းပုံ အကြမ်းဖျင်းပေါ့ဗျာ………

မေး – ဆိုလိုချင်တဲ့ သဘောက ငါတို့ အသင်းမှာ ဒီနေရာတွေ ၊ ဒီလို ကစားသမားတွေတော့ အားဖြည့်ဖို့ လိုတယ်ဆိုပြီး အူနိုင်းအမ်မရီက ပြောလာတဲ့ အချိန်ရောက်ရင် ၊ အားကစား ဒါရိုတ်တာ နဲ့ အော်ပရေးရှင်း ဒါရိုတ်တာ တို့က အဓိက တာဝန်ယူပြီး ကစားသမားတွေ ရှာဖွေမှာ ၊ ပြီးရင် အဖွဲ့လိုက် စုပြီး ဆုံးဖြတ်ချက်ချ ချကြမယ် ဆိုတဲ့ သဘောလား။

ရာအူး – မှန်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက် ချတာကလဲ အစည်းအဝေး တစ်ခုထဲနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး အစည်းအဝေးတွေက ရှိနေမှာပါ။ ဟိုအကြောင်းအရာ ကို ကင်းထောက်က တင်ပြလိုက် ၊ လေ့လာသုံးသပ်သူတွေက သုံးသပ်ချက်တွေ တင်ပြလိုက်နဲ့ပဲ အကောင်းဆုံး အချက်တွေ ဆွဲထုတ်ရင်း ရှေ့ဆက်ကြမှာပါ။

မေး – တကယ်တော့ အပြောင်းအရွှေ့ ကာလ က အချိန်တိုတိုလေးနော်။ ရှင်တို့ ပြောတဲ့ Process အရ ဆိုရင် အဲဒီ အခိုက်အတန့်အတွင်း ပစ်မှတ်တွေ သတ်မှတ်ဖို့ ၊ ခေါ်ယူမှုတွေ လုပ်ဆေင်ဖို့ အတွက် အချိန်လုံလောက်မှု ရှိပါ့မလား။

ရာအူး – မေးခွန်းကောင်းပါ ။ တကယ်တော့ အပြောင်းအရွှေ့ ကာလဆိုတာ ကစားသမားသစ် မှတ်ပုံတင် ပေးတယ် ၊ ညှိနှိုင်းမှုတွေ လုပ်ကြရင်း နဲ့ စာချုပ်တွေ ချုပ်ဆိုဖို သတ်မှတ်ပေးထားတဲ့ ကာလပါ။ ကျနော်တို့ အနေနဲ့ အဲဒီ အချိန်ရောက်မှာ အစက စပြီး လုပ်လို့တော့ မရဘူးပေါ့ဗျာ။

အဲဒီ မတိုင်ခင် ကတည်းက ကိုယ်ပစ်မှတ်ထားနေတဲ့ ကစားသမားရဲ့ အေးဂျင့်တွေ နဲ့ တွေ့ရတယ် ၊ ကလပ်တွေ နဲ့ စကားပြောထားရတာပေါ့။ ပြောရရင် အားလုံးကို တစ်လျှောက်လုံး ပြင်ဆင်ထားခဲ့ရတာ ဖြစ်ပြီး ၊ အပြောင်းအရွှေ့ ကာလရောက်မှပဲ အဆုံးသတ်လို့ ရနိုင်တယ်လို့ ဆိုလိုချင်တာပါ။

မေး – ရှင်တို့ အခု အသစ်ဆွဲလိုက်တဲ့ Business model မှာ အားကစားဒါရိုတ်တာ ရာထူးပါတယ် ဒါပေမယ့် အခုချိန်ထိ အဲဒီနေရာကို မခန့်အပ်ရသေးဘူးနော်။ အဲဒီတော့ ဘယ်လို လုပ်ဆောင်နေလဲ မသိဘူး။

ရာအူး – မှန်ပါတယ် ………မှန်ပါတယ်…..အဲဒီ ရာထူးဟာ လုပ်ငန်း တစ်ခုလုံးအတွက် အရေးပါတဲ့ ရာထူး တစ်ခုပါ။ အကြာခင်မှာလဲ အားကစား ဒါရိုတ်တာ တစ်ယောက် ခန့်အပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကံကောင်းတာ တစ်ခုက ကျနော်တို့ အာဆင်နယ်မှာ ၀န်ထမ်းကောင်းတွေချည်းပဲ ပိုင်ဆိုင်ထားတာပါ။ လွတ်နေတာ ဆိုလို့ အဲဒီ တစ်နေရာပဲ ကျန်တော့သာ ဖြစ်ပေမယ့် ၊ ဒါကိုတော့ အားလုံးက ၀ိုင်းဖြည့်ပေးပြီး လုပ်နေကြပါတယ်။

အရင်ကတည်းကလဲ ဒီရာထူးက တစ်ခါမှ မရှိခဲ့ဖူးတော့ ၊ အဲဒီလို ဖြည့်လုပ်ပေး ရတဲ့အတွက် ဘယ်သူမှ အပန်းတော့ မကြီးပါဘူး။

မေး – ရာအူး……….လက်ရှိ အပြောင်းအရွှေ့မှာ ရှင် ပစ်မှတ်ထားနေတဲ့ ကစားသမားတွေ အကြောင်းရော နည်းနည်းလောက် မပြောပြချင်ဘူးလား။

ရာအူး – ပြောနိုင်တာ တစ်ခုက ကစားသမားသစ် ခေါ်ယူဖို့ အတွက် အာရုံစူးစိုက်မှု အပြည့်နဲ့ လုပ်ဆောင်နေတယ် ဆိုတာပါ။ အားကစား ဒါရိုတ်တာ မရှိပေမယ့်လဲ နည်းပြချုပ် နဲ့ အတူတူ တိုင်ပင်ပြီး ပစ်မှတ်ထားမယ့် ကစားသမားတွေ ရှာထားပြီးပါပြီ။ ဘယ်သူက အဓိက ပစ်မှတ်လဲ ဆိုတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့် အာဆင်နယ် ကို ပိုမိုတောင့်တင်းစေမယ့် ကစားသမားမျိုးတွေ နဲ့ တရားဝင် စကားပြောထားပြီးပါပြီ။


မေး – အာဆင်နယ် ရဲ့ လက်ရှိ အနေအထားက ချန်ပီယံလိဂ် ၀င်ခွင့်ရလိမ့်မယ်လို့ အာမခံချက်တော့ မရသေး မို့လား။ အဲဒီ အတွက် ကစားသမားသစ်တွေကို စည်းရုံးရတဲ့ အပေါ်မှာ အခက်ခဲတွေများ ရှိနေလား။

ရာအူး – အာဆင်နယ် ဆိုတာက ကလပ်အသင်းကြီး တစ်ခု ဆိုတာ လူတိုင်းက သိထားသလို ၊ ကမ္ဘာ့ဘောလုံး ပြယုဂ် တစ်ခုပဲလေ။ အသင်းမှာ ရှိတဲ့ ပရိသတ် ထုထည်အားနဲ့ အတိတ်က အောင်မြင်မှု မှတ်တမ်းတွေက သက်သေပါပဲ။ ဒါကြောင့် ဘောလုံးသမား တစ်ယောက်ကို အာဆင်နယ်က စိတ်ဝင်စားနေတယ်လို့ သွားပြောလိုက်တာက ၊ အခြား ကလပ်တွေ နဲ့တော့ မတူပါဘူး။ ချန်ပီယံလိဂ် ၀င်ခွင့်အတွက်တော့ အနည်းနဲ့ အများ စိုးရိမ်တာပေါ့။

လက်ရှိအနေအထားအရ ယူရိုပါလိဂ် ကနေ ၀င်ခွင့်ရဖို့ အတွက်လဲ မျှော်လင့်ထားပါတယ်။ အူနိုင်းကလဲ ယူရိုပါလိဂ်မှာ ဆရာကြီး တစ်ဆူ ဆိုတာတောာင် ကျနော်ဖြင့် ဗီနိုင်းနဲ့ ပြောဖြစ်နေပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် အဲဒီ ပြိုင်ပွဲ ၀င်ခွင့်ရသွားရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါပေမယ့် အာဆင်နယ် ရဲ့ အနာဂတ် စီမံကိန်းတွေကြောင့်ပဲ ကစားသမားတွေကို အတော်အသင့် ဆွဲဆောင်ထားပြီးပါပြီ။

မေး – အာဆင်နယ် ပရိသတ်တွေ ဆိုလို့ ၊ သူ့ တို့ နားထဲမှာ သိပ်မရှင်းပဲ ဖြစ်နေတဲ့ အကြောင်းအရာ တစ်ခု မေးချင်ပါတယ်။ အခု ကစားသမားသစ်တွေ ခေါ်ယူမယ့် အကြောင်းပြောနေပေမယ့် ၊ အသင်းမှာ ရှိတဲ့ ကစားသမားကောင်းတွေရော ဘယ်လို ထိန်းဖို့ ပြင်ဆင်ထားလဲပေါ့။ ဥပမာ အာရွန် ရမ်ဆေးလို ကစားသမားမျိုးကို ဘာဖြစ်လို့ အလွတ်ကြေးနဲ့ လက်လွှတ်လိုက်ရတဲ့ အကြောင်းလေး ပြောပြပေး စေချင်ပါတယ်။

ရာအူး – မေးခွန်းကောင်း တစ်ခုပဲဗျာ…..အဲဒီလို မေးတဲ့အတွက်လဲ ကျေးဇူး တင်ပါတယ်။

ဒီလိုလေး ပြောကြည့်ချင်တယ်ဗျာ။ ကစားသမား တစ်ယောက်ရဲ့ စာချုပ်ဟာ ဘယ်လို အကြောင်းကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် နောက်ဆုံးနှစ်ထဲကို ရောက်သွားပြီ ဆိုတာနဲ့ ပြသနာက စ ပါပြီ။ တစ်နှစ်သာ ကျန်တော့တဲ့ ကစားသမား တစ်ယောက်ကို ခေါ်ယူချင်တဲ့ ကလပ်တွေကလဲ အများသားဗျ။ အထူးသဖြင့် ခြေစွမ်းကောင်းမယ် ၊ အသက်အရွယ်ပိုင်းအရ ရှိသေးတယ် ဆိုရင် ပိုပြီးတော့တောင် လိုချင်ကြပါသေးတယ်။

သူတို့ အနေနဲ့ကလဲ အဲဒီ လို ကစားသမားမျိုးကို ခေါ်ယူဖို့ ပထမ တစ်ချက် ပြောင်းရွှေ့ကြေး ဘယ်လောက် ရှိလဲ စဉ်းစားရတယ် ၊ နောက်တစ်ခုက လစာ ဘယ်လောက် ပေးနိုင်မလဲ ဆိုတာ ထပ်ပြီး စဉ်းစားရတယ်လေ။ ရမ်ဆေး ရဲ့ ကိစ္စမှာတော့ ခေါ်ချင်တဲ့ ကလပ် တွေ အနေနဲ့ ပြောင်းရွှေ့က အလကား ဖြစ်နေပြီး ၊ လစာ အကြောင်းပဲ ခေါင်းထဲ ထည့်ထားစရာ ရှိတာပါ။

အခြား ကလပ်တွေလဲ ဒီလို အနေအထားမျိုးတွေ ကြုံဘူးပါတယ်။ အဓိက အချက်က အသင်းမှာ သတ်မှတ်ထားတဲ့ လစာ နှုန်းထား ပမာဏပါ။ အသင်းတစ်သင်း မှာ တည်ငြိမ်တဲ့ လည်ပတ်မှု ရှိဖို့အတွက် လစာ သတ်မှတ်ချက်က အရမ်းကို အရေးကြီးပါတယ်။

ဒီနေရာမှာ ရမ်ဆေးက သူ့အတွက် ကမ်းလှမ်းမှု ရထားတဲ့ စာချုပ်ကို ပြောပြပါတယ်။ သူကလဲ အသင်းကနေ မထွက်ချင်ပါဘူး ၊ ဒါပေမယ့် ကျနော်တို့ဘက်ကလဲ အဲဒီ ပမာဏမျိုးအထိ တိုးပေးဖို့ မဖြစ်နိုင်ဘူးလေ။ တကယ်လို့ အတိုင်းအတာ တစ်ခုအထိ တိုးပေးမယ် ဆိုရင်တောင် အသင်းမှာ မမျှတတဲ့ ပုံစံမျိုးတွေ ဖြစ်လာနိုင်တာကြောင့်ပဲ ၊ လက်လွတ်လိုက်ရတာပါ။ ဒီလိုပဲ ကျနော် ပြောချင်ပါတယ်။

မေး – ၀ဲဘက် ရဲ့ အနေအထားကရော…….

ရာအူး – ရမ်ဆေး နဲ့ အတူတူပါပဲ။ ကျနော်တို့ကလဲ သူ့ကို အသင်းမှာ ဆက်ရှိချင်ပေမယ့် ၊ တစ်ဖက်မှာ ပိုကောင်းတဲ့ ကမ်းလှမ်းမှုတွေ ရှိနေလို့ သူလဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် ချသွားခဲ့တာပါ။

မေး – အမျိုးသမီး ဘောလုံး အသင်း ပြောရင်း နှုတ်ဆက်ကြရအောင်ရှင်………သူတို့ ရဲ့ ဒီရာသီ အောင်မြင်မှု အပေါ် မှတ်ချက် ပြောပေးပါဦး။

ရာအူး – အရမ်း ကို ဂုဏ်ယူစရာပါ။ အထူးသဖြင့် မန်စီးတီး အမျိုးသမီးကို ကျော်ဖြတ်နိုင်ခဲ့တာကို ပေါ့ဗျာ။ ကျနော်တို့က အမျိုးသမီး ဘောလုံး လောကကို တန်ဖိုးထားသလို ၊ ယုံကြည်မှုလဲ အပြည့်ရှိပါတယ်။ ဒါကြောင့် အမျိုးသမီး အသင်းကိုလဲ အာရုံစူးစိုက်မှု အပြည့်နဲ့ ဆက်လက် တည်ဆောက် သွားမျာပါ။

ကျေးဇူးတင်ပါတယ်…………