အာဆင်နယ် အသင်း နောက်ခံလူ မူစတာဖီ က အဇာဘိုင်ဂျန် နိုင်ငံ ၊ ဘာကူ မြို့ မှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အသင်းဖော် မီခီတာရန်း လိုက်ပါမကစားတဲ့ အတွက် စိတ်မကောင်း ဖြစ်မိကြောင်း နဲ့ အသင်းသား အားလုံးဟာ မီခီ အတွက် ဖလား ရယူပေးဖို့ စိတ်အား ထက်သန် နေကြတယ်လို့ ဆိုပါတယ် ။

မီခီတာရန်း ဟာ နောက်တစ်ပတ် ဗုဒ္ဓဟူး နေ့မှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို လိုက်ပါ မကစားဖို့ ဆုံးဖြတ်လိုက်ကြောင်း အာဆင်နယ် အသင်းက ထုတ်ပြန် ကြေညာလိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ မီခီတာရန်း ရော သူ့ရဲ့ မိသားစု နဲ့ ပါ သေချာ ဆွေးနွေး တိုင်ပင်ပြီး ကစားသမား ကိုယ်တိုင်က လိုက်ပါ မကစားဖို့ ဆုံးဖြတ် ခဲ့တာလည်း ဖြစ်ပါတယ် ။

မီခီတာရန်း နဲ့ မွေးရပ်မြေ နိုင်ငံ ဖြစ်တဲ့ အာမေးနီးယား နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကျင်းပမယ့် အဇာဘိုင်ဂျန် နိုင်ငံ တို့ဟာ ၁၉၈၈ ခုနှစ် ကတည်းက နယ်မြေ ပြဿနာ အငြင်းပွားမှု ရှိနေတာ ဖြစ်ပြီး နိုင်ငံရေး အရ တင်းမာ နေကြတဲ့ နိုင်ငံ နှစ်နိုင်ငံလည်း ဖြစ်ပါတယ် ။

အဇာဘိုင်ဂျန် အစိုးရ တာဝန်ရှိသူတွေက မီခီတာရန်း ကို ဗိုလ်လုပွဲ မှာ စိတ်ချလက်ချ ပါဝင် ကစားဖို့ အာမခံ ထားပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာမှာ စိုးရိမ်တာကြောင့် မီခီ ကိုယ်တိုင်က လန်ဒန်မှာ ကျန်ရစ်ခဲ့ဖို့ ဆုံးဖြတ် လိုက်တာလည်း ဖြစ်ပါတယ် ။

မီခီတာရန်း ရဲ့ အသင်းဖော်တွေ ဖြစ်တဲ့ အူဘာမီယန်း ၊ ကော့စီရယ်နီ ၊ ပီတာဆက်ခ်ျ တို့ကလည်း ယူရိုပါလိဂ် ဗိုလ်လုပွဲ ကျင်းပမယ့် နေရာဟာ ပြဿနာ တစ်စုံ တစ်ခု ရှိမနေသင့်ကြောင်း နဲ့ ကစားသမား အားလုံး ကစားဖို့ သင့်တော့်မယ် နေရာမျိုးသာ ဖြစ်သင့်ကြောင်း ဝေဖန် ပြောကြား ထားပါတယ် ။

ယခု အခါမှာတော့ ဂျာမနီ နောက်ခံလူ မူစတာဖီ ကလည်း အာဆင်နယ် အသင်းသား အားလုံးဟာ မီခီတာရန်း အတွက် ဖလား ရယူ ပေးဖို့ စိုင်းပြင်း နေကြကြောင်း ပြောကြားလိုက်ပါတယ် ။ မူစတာဖီ က kicker နဲ့ အင်တာဗျူးမှာ ” မီခီတာရန်း လိုက်ပါ မကစားနိုင်တဲ့အတွက် တကယ့်ကို စိတ်မကောင်း စရာပါပဲ ။ ”

” သူက ကျနော်တို့ ဗိုလ်လုပွဲ တက်ရာ လမ်းကြောင်းမှာ ပွဲတော်တော်များများ ကစားပေးခဲ့သူပါ ။ ကျနော်တို့ အားလုံးရဲ့ စိတ်ထဲမှာ မီခီ အတွက် အနိုင် ကစားဖို့ ဆန္ဒ ရှိနေကြပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

မီခီတာရန်း ဟာ ဒီရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာ အာဆင်နယ် အသင်း အတွက် ၁၁ ပွဲ ပါဝင် ကစား ပေးထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြု လုပ် ထားပါတယ် ။ မီခီတာရန်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားစဉ်တုန်းက ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာ ဂိုးသွင်း နိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR