မန်ချက်စတာစီးတီး ၀ါရင့် ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗား က ပရီးမီးယားလိဂ် ဖလား ကို ကိုင်မြှောက် နိုင်ဖို့ထက် ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ ပိုမို ခက်ခဲတယ်လို့ ၀န်ခံ ပြောဆိုလိုက်ပြီး စပိန် ကွင်းလယ်လူ က လီဗာပူး အသင်းဟာ မက်ဒရစ် မှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားတယ်လို့ ဆိုလိုက် ပါတယ်။

မန်စီးတီး ဟာ ယခုလ အစောပိုင်း မှာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ အထူး ပြိုင်ဘက် ဖြစ်ခဲ့တဲ့ ယာဂန်ကလော့ ရဲ့ လီဗာပူး အသင်း ထက် တစ်မှတ် အသာ ရကာ အမှတ်ပေး ချန်ပီယံဆု ကို ကာကွယ် နိုင်ခဲ့ပြီး ဆေးလ်ဗား ဟာ ဆိုရင်လည်း မန်ချက်စတာ ကလပ် အတွက် အလွန် အရေး ပါတဲ့ ကဏ္ဍ ကနေ ပါဝင် အသုံးတော် ခံခဲ့ ပါတယ်။

သို့ပေမယ့်လည်း စီးတီး ရဲ့ ဥရောပ ဖလား ရည်မှန်းချက် ကတော့ ဝေးနေဆဲ ဖြစ်ပြီး ပက်ဂွာဒီယိုလာ ရဲ့ အသင်း ဟာ ဒီရာသီ မှာလည်း ကွာတားဖိုင်နယ် အဆင့်မှာ တော့တင်ဟမ် အသင်းကို အဝေးဂိုး စည်းမျဉ်း နဲ့ အတူ ရှုံးနိမ့် ခဲ့ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါတယ်။

ဆေးလ်ဗား ဟာ မန်စီးတီး အသင်း ရဲ့ တစ်ရာသီပြီး တစ်ရာသီ တိုးတက် လာမှုတွေကို အကဲ ဖြတ်သွား ခဲ့တဲ့ အပြင် လီဗာပူး အသင်းသာ ဒီရာသီ ချန်ပီယံလိဂ် မှာ ဗိုလ်စွဲ နိုင်ခဲ့မယ် ဆိုရင် မန်စီးတီး ရဲ့ ပရီးမီးယားလိဂ် အောင်မြင်မှု ထက် ပိုမို ကြီးကြယ် ခမ်းနားမှာ ဖြစ်တယ်လို့ ၀န်ခံ ပြောဆို သွားခဲ့ ပါတယ်။

ဆေးလ်ဗား က “ ကျွန်တော်တို့ ကလပ်ဟာ နှစ်တိုင်း နှစ်တိုင်း ပိုပို တိုးတက် လာနေ ပါတယ်။ အခု ဆိုရင် ကျွန်တော်တို့ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ အောင်မြင်မှု ရဖို့ အတွက် ပစ်မှတ် ထားနေပါတယ်။ ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ဟာ ပိုမို ခက်ခဲ ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ ရှုံးထွက် ပြိုင်ပွဲ တစ်ခု ဖြစ်နေလို့ ပါပဲ။ အကယ်လို့များ ကိုယ့်အသင်း ဟာ တစ်ပွဲ တစ်လေ အာရုံ စူးစိုက်မှု ပျက်ယွင်း ခဲ့မယ် ဆိုရင် ပြိုင်ပွဲ ကနေ ထွက်ခွာ သွားရ နိုင်ပါတယ်။ ကျွန်တော်တို့ အသင်းလည်း ဒီလိုမျိုး ဖြစ်ခဲ့ ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲ ကတော့ ပိုပြီး မှန်မှန်လေး သွားပါတယ်။ ကိုယ့် အနေနဲ့ တစ်နှစ်လုံး အချိန် ရပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ် ဖလား နဲ့ ကာရာဘောင် ဖလား တို့မှာ လုံလောက်တဲ့ ကံကောင်းမှုတွေ ရှိခဲ့ပါတယ်။ ဒါဟာ ဘောလုံး လောက ဖြစ်ပါတယ်။ ကိုယ့်အသင်း အနေနဲ့ ရှုံးနိမ့် ခဲ့တဲ့ အခါမှာလည်း နိုင်ခဲ့တုန်းက လိုမျိုး ပွဲအပေါ် လက်ခံမှု ရှိရပါမယ်။ ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ် တွေပါ။ ဒီလိုမျိုး လုပ်နိုင်ဖို့ အရမ်း ခက်ခဲတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့ နှစ်က မန်စီးတီး ရဲ့ ချန်ပီယံလိဂ် အိမ်မက်ကို ဖျက်ဆီး ပစ်ခဲ့တဲ့ လီဗာပူး အသင်းဟာ လာမည့် ဇွန်လ ၁ ရက်နေ့ မက်ဒရစ် မှာ ကျင်းပမယ့် ချန်ပီယံလိဂ် ဖိုင်နယ် မှာ အင်္ဂလန် ပြိုင်ဘက် တော့တင်ဟမ် နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရမှတ် ၉၇ မှတ်ထိ ရရှိ ခဲ့ပြီး အဆင့်လေး နေရာ ရရှိ ခဲ့တဲ့ တော့တင်ဟမ် ထက် ၂၆ မှတ် ထိ များပြား ခဲ့ပါတယ်။ ဆေးလ်ဗားက လီဗာပူး အသင်း ဟာ ပိုမို ရေပန်း စားနေ ပေမယ့်လည်း မက်ဒရစ်မှာ မထင်မှတ် ထားတာတွေ ဖြစ်တက်တယ်လို့ သတိပေး သွားပါတယ်။

မန်စီးတီး ကွင်းလယ်လူ က “သီအိုရီ အရ ကတော့ ဒီလိုမျိုး အကောင်းဆုံး ရာသီကို ဖြတ်သန်း ခဲ့တဲ့ လီဗာပူး အသင်း က ပိုမို ရေပန်းစား ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်တက် ပါတယ်။ ကျွန်တော်တို့ အားလုံး ဒီရာသီ ချန်ပီယံလိဂ် မှာ ရူးလောက်စရာ အခြေအနေတွေ ဖြစ်တဲ့ နောက်ဆုံး မိနစ် သွင်းဂိုးတွေ ၊ comebacks တွေကို မြင်တွေ့ ခဲ့ပြီး ပါပြီ။ ဘာမဆို ဖြစ်နိုင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM