အာဆင်နယ် အသင်း နောက်ခံလူ မူစတာဖီ က မေလ ၂၉ ရက်နေ့မှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အမှားတစ်ခုဟာ ပေးဆပ်မှု ကြီးမား သွားနိုင်တာကြောင့် သတိကြီးကြီး နဲ့ ကစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်း လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၁ ဂိုး အထိ ခွင့်ပြု ထားရပြီး အဝေးကွင်း ပွဲစဉ်တွေမှာ Clean-sheet တစ်ပွဲသာ ရယူ ထားနိုင်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရာသီကုန်ခါနီးမှာ နောက်တန်း အမှားတွေကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော် သွားခဲ့တာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် မှာ အဆင့် ငါး နေရာမှာသာ ရပ်တည် နိုင်ခဲ့တာကြောင့် လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ လိုအပ် နေတာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဥရောပ ပြိုင်ပွဲတွေမှာ ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ၂၅ နှစ် ကျော်ကြာ ရှိနေပြီလည်း ဖြစ်ပါတယ် ။ ဒီရာသီမှာတော့ အာဆင်နယ် အသင်းဟာ ဥရောပ ဖလား အောင်မြင်မှု ဝေးကွာနေမှုကို ရပ်တန့်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်ထား နိုင်ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၀၆ ခုနှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘာစီလိုနာ အသင်းကို ရှုံးနိမ့်ပြီး နောက်ပိုင်း ဥရောပ ပြိုင်ပွဲကြီးတွေမှာ ပထမဆုံးအကြိမ် အဖြစ် ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်း နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

မူစတာဖီ က ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်မှီ အင်တာဗျူး တစ်ခုမှာ ” ကျနော်တို့ အသင်းက ကစားသမား တော်တော်များများက အခုလို ဗိုလ်လုပွဲ ကြီးတွေ မကစားဖူးကြ တဲ့သူတွေပါ ။ ဒါကြောင့် ကျနော်တို့ အတွက် တကယ့်ကို ကြီးကျယ်တဲ့ ပွဲပါပဲ ။ ဗိုလ်လုပွဲ ကစားဖူးကြတဲ့သူတွေ ရော ၊ ဗိုလ်လုပွဲကို အခုမှ ပထမဆုံး ကစားဖူးကြမယ့် သူတွေကော အားလုံး စိတ်အားတက်ကြွ နေကြပါတယ် ။ ”

” အတွေ့အကြုံ မရှိတဲ့ ကစားသမားတွေကလည်း သူတို့ရဲ့ ပထမဆုံး အကြိမ် ဗိုလ်လုပွဲ အတွက် စိတ်လှုပ်ရှား နေကြပြီး အစွမ်းကုန် ပေးဆပ် ကစားချင်နေကြသလို အနိုင် ရယူဖို့လည်း စိတ်အား ထက်သန် နေကြပါတယ် ။ ဒါကြောင့် ဖလား ရယူနိုင်ဖို့က အရမ်း အရေးကြီးပါတယ် ။ ”

” ကစားသမား ဘဝ အဆုံးသတ်ကျရင် ဖလား ဘယ်လောက် ရယူနိုင်ခဲ့သလဲ ဆိုတာပဲ ရေတွက်ကြတာပါ ။ ခင်ဗျား ဘယ်လောက် ဘောလုံး ရှင်းထုတ်နိုင်သလဲ ဆိုတာကို မထည့်တွက်ကြပါဘူး ။ ဒါကြောင့် ကျနော်တို့ အားလုံး အတွက် အရမ်း အရေးပါပါတယ် ။ အမှားတစ်ခု လုပ်မိတာနဲ့ ပေးဆပ်မှု ကြီးမား သွားနိုင်ပါတယ် ။ ဒါကြောင့် ဂရုတစိုက် ကစားဖို့ အရေးကြီးပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR