ဂန်းနားတို့ရဲ့ နောက်ခံလူဟောင်း မာတင်ကီယွန် က ဂျာမနီ ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ရဲ့ လက်ရှိ ပုံစံဟာ သူတို့ ခေတ်မှာသာဆိုရင် အသင်းဖော်တွေရဲ့ ပညာပေး ဆုံးမခြင်း ကို ခံရနိုင်တဲ့ အနေအထားမျိုး ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် သွားခဲ့ပါတယ် ။

မီဆွတ် အိုဇေးလ် ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ဝက်ဖိုဒ့် အသင်း နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ နဲ့ နော်တင်ဟမ် ဖောရက် အသင်း နဲ့ ကာရာဘောင်း ဖလားပွဲ တွေမှာသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။

အိုဇေးလ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာဗျူး တစ်ခုမှာ ဒီရာသီ အသင်းရဲ့ လူစာရင်းမှာ ရွေးချယ် ခံရချိန်တိုင်း ပါဝင် ကစားခွင့် ရဖို့ အဆင်သင့် ဖြစ်နေခဲ့ကြောင်း နဲ့ အာဆင်နယ် အသင်းပွဲကို အိမ်ကနေပဲ ကြည့်ရတဲ့ အချိန်များလာတဲ့ အခါမှာ ကိုယ့်ကိုယ်ကို အားကိုးရာမဲ့သူ တစ်ယောက်လို ခံစားလာရကြောင်း ရင်ဖွင့် ပြောကြား ထားခဲ့ပါတယ် ။

ဒါ့အပြင် အိုဇေးလ် က အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင် ကစားခွင့်ရဖို့ ကြံ့ခိုင်ရေး နည်းပြ နဲ့ အချိန်ပို လေ့ကျင့်ခန်းတွေ လုပ်ကာ သူ့ရဲ့ လိုအပ်ချက်တွေကို ကြိုးစား ပြင်ဆင် နေကြောင်းလည်း ထပ်လောင်း ပြောကြား ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဂန်းနားတို့ရဲ့ ဂန္တဝင် နောက်ခံလူ မာတင်ကီယွန် ကတော့ အိုဇေးလ် ရဲ့ ကွင်းအတွင်း အပြုအမူတွေ အပေါ် သဘောမကျကြောင်း နဲ့ သူကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး ပွဲထွက်ခွင့် အတွက် ကြိုးစားပြဖို့ လိုအပ်ကြောင်း ဝေဖန် ထောက်ပြ လိုက်ပါတယ် ။

ကီယွန် က ” သူ့ပုံစံ က အသင်းဖော်တွေ အပေါ် လေးစားမှု မရှိတဲ့ ပုံပေါက်နေပြီး သူ လိုချင်သလို ဘောလုံး မပေးနိုင်တာနဲ့ စိတ်ပျက်လက်ပျက် အမူအရာ ပြတော့တာပါပဲ ၊ အရိုးရှင်းဆုံး ပြောရရင်တော့ဗျာ ၊ ကျနော်တို့တုန်းကသာဆိုရင် အဲ့လို စိတ်ပျက်လက်ပျက် ပုံလုပ်နေရင် အဲ့ကစားသမားက အဝတ်လဲခန်းအတွင်းမှာ ကစားသမား အချို့ရဲ့ ပြဿနာ ရှာခြင်းကို ခံရတော့မှာပါ ။ ”

” သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားကိုလည်း အရမ်း စိုးရိမ်မိပါတယ် ၊ မကြာခဏ ဖျားလိုက် ၊ နောက်ကျော ဒဏ်ရာ ရလိုက် ဖြစ်နေတာကြောင့် ပွဲတော်တော်များများလည်း လွဲချော် ခဲ့ပါတယ်။ အခုအချိန်မှာ နည်းပြက သူ့ကို ပွဲထွက်ခွင့်အတွက် ပြန်ကြိုးစားဖို့ အခွင့်အရေး ပြန်ပေးထားပါတယ် ။ ”

” အရင်တုန်းက သူက အသင်းမှာ ပစားပေး အလိုလိုက် ခံခဲ့ရတဲ့ ပုံပါပဲ ၊ သူ့အနေအထားက အသင်းအတွက် ရှက်ဖို့ ကောင်းနေပါတယ် ၊ နည်းပြက အသင်းမှာ ပွဲထွက်ခွင့် ပြန်ပေးတာတောင် သူက အရင်လို ပုံစံပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ဖို့ လိုအပ်နေပါပြီ ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

SPORTS MYANMAR