အောက်တိုဘာလ ဟာ မြန်မာ့ အားကစား လောက အတွက် (ဘောလုံး မပါ) အောင်မြင်မှုတွေ ဆက်တိုက် ရယူပေးလိုက်တဲ့ အချိန် ကာလ တစ်ခုလို့ မှတ်ချက်ပေးရတော့မှာပါ။

မကြာသေးခင်ကပဲ မြန်မာ့ ဖိုက်တာကြီး အောင်လ အန်ဆန်းဟာ ဂျပန်မှာ သူ့ရဲ့ လိုက် ဟဲဗီးဝိတ်တန်း ချန်ပီယံ ရွှေခါးပတ် အတွက် စိန်ခေါ်လာသူ ဖီလစ်ပိုင် နိုင်ငံသား ဗီရာကို အနိုင်ယူ ပြလိုက်သလိုပဲ ၊ အီဂျစ်မှာလဲ သက်ထားသူဇာ က သူမ ရဲ့ ချန်ပီယံဆု ကို ကာကွယ်ကာ အောင်ပွဲခံလိုက်ပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ International Series ပြိုင်ပွဲ ဖြစ်တာကြောင့် ၊ ကမ္ဘာ့ ထိပ်တန်း ကြက်တောင် ကစားသမားတွေ လာရောက် ယှဉ်ပြိုင်ခြင်း မရှိပေမယ့် ၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်ဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာ အတွက်တော့ နောက်ထပ် အဆင့်တွေ ထပ်မံ မြင့်တက်လာဖို့ အထောက်အကူတွေ အများကြီး ပြုသွားခဲ့ပါပြီ။

သက်ထားသူဇာဟာ ဒီကနေ့မှာ နိုင်ချေ အဆင့် 2 သတ်မှတ်ခံထားရတဲ့ ဝေးလ် နိုင်ငံသူ ဂျော်ဒန် ဟတ် နဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားခဲ့ရတာဖြစ်ပြီး 2 ပွဲ ပြတ်နဲ့ အနိုင်ယူ ပြရင်း ချန်ပီယံဆု ကို ကာကွယ်သွားခဲ့တာပါ။

ဒီအောင်မြင်မှုကြောင့် သက်ထားသူဇာဟာ ဇူလိုင်လ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံ ဆု ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်သလို ၊ အီဂျစ် International Series ပြိုင်ပွဲမှာ 2 နှစ် ဆက်တိုက် ဗိုလ်စွဲသွားခဲ့တာပါ။

ထူးခြားတာက သက်ထားသူဇာဟာ ဒီပြိုင်ပွဲ တစ်လျှောက်မှာ ပြိုင်ဘက်ပေါင်း 5 ယောက် အထိ ရင်ဆိုင် ဖြတ်ကျော်ခဲ့ရပြီး ၊ 5 ယောက် စလုံးကို 2 ပွဲ ပြတ်တွေ နဲ့ အနိုင် ရလာဒ်တွေနဲ့ ပြတ်ပြတ်သားသား ဖြတ်ကျော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ရတာလို့ မှတ်ချက် ပေးရမှာ ဖြစ်ပြီး ၊ ယခင် ပြိုင်ပွဲတွေ နဲ့ မတူပဲ ၊ နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ဝင်ရောက် ကစားခြင်း မရှိခဲ့တာ ကလဲ အားသာချက် တစ်ခုလို့ မှတ်ယူရမှာပါ။

သက်ထားသူဇာဟာ မော်လ်ဒိုက် Future Series ပြိုင်ပွဲ တုန်းက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မရသေးတဲ့ အိန္ဒိယသူ ဘန်ဆော့ ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ၊ သူမ ရဲ့ စွမ်းဆောင်ရည်တွေ ပေါက်ကွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပွဲ ကတည်းက သူမဟာ ကိုယ့်ထက် အဆင့် သတ်မှတ်ချက် နိမ့်တဲ့ ပြိုင်ဘက် ဆိုရင် ဘယ်တော့မှ မရှုံးတော့သလို ၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေမှာ ကျင်လည်နေတဲ့ ပြိုင်ဘက်ကောင်းတွေကိုတောင် အနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။

ဒီအောင်မြင်မှု အတွက် ဂုဏ်ယူပါတယ် ညီမ ………ဆက်ပြီးတော့ စိန်ခေါ်မှုတွေကို ရဲရဲကြီး ရင်ဆိုင် ကစားပြစေချင်ပါတယ်။ ဒီထက် အဆင့်အတန်း မြင့်တဲ့ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရအောင် ယူရင်း ၊ နိုင်ငံ့ရဲ့ ပုံရိပ်ကို မြင့်သထက် မြင့်အောင် ဆက်လက် မြှင့်တင်နိုင်ပါစေလို့ ဆန္ဒပြုရင်း…………မြန်မာ့ အားကစား ပရိသတ်တွေ ရဲ့ ကိုယ်စား………………Congratulatons ပါ…..