လီဗာပူး ရဲ့ ၁၀၀% နိုင်ပွဲ က တော့ ရပ်တန့် သွားခဲ့ ပါပြီ ။ ဒါပေမယ့် လီဗာပူး တို့ ရှုံးပွဲ မရှိသေး သလို အဆင့် ၁ နေရာ မှာ လည်း ဆက်လက် ရပ်တည်နေ ကာ မန်စီးတီး နဲ့ လည်း ၆ မှတ် ကွာနေဆဲ ဖြစ်လို့ အေးအေး ဆေးဆေး ပါပဲ ။ ယူနိုက်တက် က တော့ ပွဲထွက် အခင်း အကျင်း မှန်ကန်မှု ကြောင့် လီဗာပူး ကို အနိုင် ရလု အထိ ဖြစ်ခဲ့ ပေမယ့် နောက်ဆုံးမှာတော့ လီဗာပူး တို့က သူတို့ နဲ့ ထိုက်တန်တဲ့ ချေပဂိုး ကို ပြန်လည် သွင်းယူ သွားနိုင် ခဲ့ ပါတယ် ။

အိမ်ရှင် ယူနိုက်တက် ဟာ ၃-၅-၂ နဲ့ ပွဲထွက် ခဲ့ ပါတယ် ။ ဒီ ဗျုဟာ က လီဗာပူး တိုက်စစ် ကို ထိန်းချုပ် ရာမှာ အလုပ်ဖြစ် ခဲ့ပြီး လင်ဒီလော့+ ဘစ်ဆာကာ ၊ ယန်း + ရိုဟို တို့ အတွဲတွေ ဟာ အိုရီဂီ နဲ့ မာနေး တို့ကို ပူးပေါင်း တားဆီး နိုင်ခဲ့ကြ ပါတယ် ။

လီဗာပူး က တော့ ပုံမှန် ပွဲထွက် နေကျ ၄-၃-၃ နဲ့ ပွဲထွက် လာခဲ့ပြီး ဆာလာ နေရာမှာ အိုရီဂီ ၀င် ကစားသွားခဲ့ ပါတယ် ။ ဆာလာ နဲ့ အိုရီဂီ ရဲ့ အရည် အသွေး ကွာဟမှု ဟာ ဒီနေ့လိုပွဲမျိုး မှာ စကားပြောသွားခဲ့ ပြီး အိုရီဂီ ဟာ ယူနိုက်တက် ရဲ့ ပိတ်ဆို့ ထားမှု ကို မကျော်လွှား နိုင်ခဲ့ ပါဘူး ။

၃-၅-၂ နဲ့ ခံစစ် အားပြု ခဲ့တာ ကြောင့် ယူနိုက်တက် တို့ ကွင်းလယ် မှာ အသာ မရခဲ့ ပါဘူး ။ ဖရက် နဲ့ တော်မီနေးတို့ ဟာ ခံစစ် ကို ကူဖို့ အားပြု ခဲ့ပြီး ပါရဲရား ကတော့ ရက်ဖိုဒ့် ၊ ဂျိမ်းစ် တို့ နဲ့ ပူးပေါင်းကာ တန်ပြန် တိုက်စစ် အတွက် ပြင်ဆင် ခဲ့ ပါတယ် ။ ဒါကြောင့် ဖာမီနို ၊ ၀ိုင်နယ်ဒမ် နဲ့ ဟန်ဒါဆင် တို့ရဲ့ ကွင်းလယ် က အသာစီး ရခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု လည်း ပိုမို ခဲ့ ပါတယ် ။

ပထမပိုင်း မှာ လီဗာပူး ဘက် က ဖာမီနို အခွင့် အရေး ကောင်း တစ်ခု ရခဲ့ ပေမယ့် ကန်ချက် ပျော့သွားခဲ့ ပါတယ် ။ မာနေး ရဲ့ ချေပဂိုး ကတော့ လက်ထိ ခဲ့တာ ကြောင့် မရခဲ့ ပါဘူး ။ ယူနိုက်တက် ရဲ့ ဂိုး ကတော့ VAR မှာ ပြစ်ဒဏ် ကျုးလွန်ကြောင်း ပြသခဲ့ ပေမယ့် VAR ဒိုင် က ပြစ်ဒဏ် မြောက်တယ်လို့ မဆုံးဖြတ်ခဲ့ တာကြောင့် ဂိုး အဖြစ် သတ်မှတ်ပေး ခဲ့ ပါတယ် ။ ဒီအကြောင်း ကို လူတွေ ပြောနေကြဦးမှာ အမှန် ပါပဲ ။

လီဗာပူး ဟာ ကီတာ ၀င်မလာခင် အထိ ဖန်တီးမှု အပိုင်း မှာ အားနည်းခဲ့ ပါတယ် ။ ဒါပေမယ့် ချေပ ဂိုး ကို ကီတာ က အစပြု ခဲ့ပြီး လယ်လာနာ က ပိတ်သွင်းခဲ့တာ ကြောင့် ကလော့ ရဲ့ လူစားလဲမှု တွေ အသုံးတည့် ခဲ့တယ် လို့ ဆိုရ မှာပါ ။ အိုရီဂီ ကိုသာ ချန်ဘာလိန် နဲ့ မလဲဘဲ ကီတာ နဲ့ သာ လဲခဲ့မယ် ဆိုရင် လီဗာပူး တို့ အနိုင် ဂိုး အထိ တောင် ရချင် ရသွားနိုင် ပါတယ် ။

ယူနိုက်တက် ဟာ ပထမပိုင်း မှာ ခံစစ် အားပြုပြီး တန်ပြန် တိုက်စစ် ကနေ လီဗာပူး ကို ခြိမ်းခြောက် နိုင်ခဲ့ သလို ဒုတိယပိုင်း မှာလည်း တန်ပြန် တိုက်စစ် ဆင်ဖို့ အခွင့် အရေးတွေ ရခဲ့ ပါတယ် ။ ဂျိမ်းစ် သာ ဒီထက် ပါးနပ် ခဲ့မယ် ဆိုရင် ဗန်ဒိုက် ၊ မာတစ် တို့ရဲ့ ခံစစ် ကို ဒီထက် ပို အလုပ်ရှုပ်စေ မှာပါ ။ ရက်ဖိုဒ့် ကတော့ အိုးထရက်ဖိုဒ့် မှာ လီဗာပူး အတွက် ကံမကောင်းစေတဲ့ ကစား သမား လို့ ဆိုရမှာပါပဲ ။

ဒုတိယပိုင်း မှာ ယူနိုက်တက်တို့ ချေပဂိုး ပြန်မပေး ရရေး ကို အားစိုက် ခဲ့ပြီး တန်ပြန် တိုက်စစ် ဆင်နိုင်ခွင့် အချို့ ကိုတောင် မစွန့်စား ခဲ့တော့တာ ကို တွေ့ခဲ့ရ ပါတယ် ။ နည်းပြ ဆိုးရှား ကတော့ ပွဲထွက် ဗျုဟာ ကို ပွဲပြီးသည် အထိ သုံးသွားဖို့ စိတ်ကူး နေခဲ့ ပုံရပြီး လူစားလဲ ဖို့ တွန့်ဆုတ် နေခဲ့တာ ကို တွေ့ခဲ့ရ ပါတယ် ။

ဆိုးရှား ရဲ့ လူစားလဲမှု တွေ ဟာ အသင်း အတွက် အထောက် အကူ မဖြစ်ခဲ့ ပါဘူး ။ မာရှယ် ဟာ ဘောလုံး တောင် ကောင်းကောင်း မထိ ခဲ့ သလို ဘရန်ဒွန် ၀ီလ်ယံ ကလည်း အချိန်ဆွဲ ဖို့ သက်သက် သာ ဖြစ်ခဲ့ ပါတယ် ။ ရက်ဖိုဒ့် ကို ထုတ်ခဲ့တာ မှားခဲ့ပြီး တကယ်လဲရမှာ က ဂျိမ်းစ် ပါ ။

ဂျိ်မ်းစ် ကို မာတစ် နဲ့ လူစားလဲခဲ့ မယ် ဆိုရင် ခံစစ် နဲ့ အမြင့်ဘော ပိုင်းမှာ အားကိုးလို့ ရနိုင် ပါတယ် ။ တကယ်လို့ ဆိုးရှား နေရာမှာ သာ မော်ရင်ဟို ဖြစ်ခဲ့မယ် ဆိုရင် မိနစ် ၈၀ ကျော် မှာ လီဗာပူး တို့ ဂိုးပြန် ရဖို့ မလွယ်နိုင် ပါဘူး ။ ဒါပေမယ့် ဆိုးရှား ကတော့ သင်ယူ စရာတွေ အများကြီး ရှိနေ ပါသေးတယ် ။

ခြေစွမ်း ကို ကြည့်ရင်တော့ လီဗာပူး က နှာတစ်ဖျား သာပါတယ် ။ အပေး အယူ အချိတ် အဆက်တွေ ပိုမိ ခဲ့ သလို ယူနိုက်တက် ဧရိယာ တစ်ဝိုက် ကိုလည်း ဒုတိယပိုင်း မှာ မကြာခဏ ရောက်ခဲ့ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် ပေးပို့မှုတွေ ကို တော့ ယူနိုက်တက် ခံစစ် က တားဆီးနိုင် ခဲ့ ပြီး အဝေးဘောတွေ နဲ့ တန်ပြန် တိုက်စစ် ဗျုဟာ ကလည်း ထိရောက်ခဲ့တာ ကြောင့် အဆင့် ၁ နေရာ က အသင်းဆီကနေ ၁ မှတ်ခွဲယူနိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR