စပါး နဲ့ ရီးရဲ မက်ဒရစ် ကွင်းလယ် ကစားမားဟောင်းကြီး ဗန်ဒါဗတ် ကတော့ ယူနိုက်တက် အသင်းရဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူထားတဲ့ နောက်တန်း ကစားသမား မက်ဂွိုင်းယား ရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်လိုက်ပြီး ၊ အပျော်တန်း လိဂ်မှာတောင် သူ့ရဲ့ ခြေစွမ်းမျိုးနဲ့ နောက်တန်း ကစားသမားတွေ သွားရှာလို့ ရတယ်လို့ ပေါ်ပေါ်တင်တင်ကြီး ပြောဆိုသွားခဲ့ပါတယ်။

ဆိုးရှား ရဲ့ အသင်းဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 2 ပွဲသာ ပေးဂိုး မရှိအောင် စွမ်းဆောင်ထားခဲ့တာ ဖြစ်ပြီး ၊ နောက်တန်း အတွက် ပေါင် သန်း 150 နီးပါး သုံးစွဲခဲ့သည့်တိုင်အောင် ၊ ထင်ရှားတဲ့ တိုးတက်မှုတွေ ရှိမလာသေးဘူးလို့ ဟော်လန် ကစားသမားဟောင်းကြီး က ပြောဆိုသွားခဲ့တာပါ။

Ziggo Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ “ ကျနော်က တနင်္ဂနွေနေ့ ရောက်တာနဲ့ အပျော်တမ်းပွဲတွေကို သွားပြီး ကြည့်ဖြစ်ပါတယ်။ မက်ဂွိုင်းယား လို နောက်တန်း ကစားသမားမျိုးတော့ အဲဒီမှာတောင် 3 ယောက်လောက် တွေ့ခဲ့ရတယ်လေ။ တကယ်ပြောတာနော် …..ကျနော် အရွန်းဖောက်နေတာ မဟုတ်ဘူး။

အခုလို ပြောလို့ မင်း ရူးနေတာလားလို့ထင်ကောင်း ထင်ကြပါလိမ့်မယ် ၊ မင်း ဘယ်လောက် ပြောပြော ဟိုက ကြားမှာ မဟုတ်ဘူးလို့လဲ မှတ်ချက်ပေးချင် ပေးကြပါလိမ့်မယ် ။ ဒါပေမယ့် နောက်တန်း တစ်ယောက် အတွက် ယူရို သန်း 90 ဆိုတဲ့ ပမာဏကြီးကိုတော့ ၊ စကားထဲ ထည့်မပြောပဲ မနေနိုင်ပါဘူးဗျာ။ သူသာ ယူရို သန်း 90 တန်တယ် ဆိုရင် ဗန်ဒိုက် က ယူရို သန်း 300 လောက် အထိ ရှိနေလောက်ပါပြီ” လို့ ဝေဖန် သွားခဲ့ပါတယ်။

ဗန်ဒါဗတ် ဟာ မက်ဂွိုင်းယား နဲ့ ပတ်သက်ပြီး ဝေဖန်တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လ အတွင်းကလဲ တစ်ခါ ဝေဖန်ခဲ့ဖူးပြီး ၊ အင်္ဂလန် နဲ့ အတူ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တဲ့ နေးရှင်းလိဂ် အကြိုဗိုလ်လုပွဲကို မီးမောင်း ထိုးပြခဲ့တာ ဖြစ်ပါတယ်။

“ နေရှင်းလိဂ် အကြိုဗိုလ်လုပွဲ မှာတုန်းက အကြောင်းကို မမေ့သေးပါဘူး ဘာလို့လဲ ဆိုတော့ ကျနော်က ဟော်လန် ရုပ်သံထုတ်လွှင့်တဲ့ လုပ်ငန်း တစ်ခုမှာ အလုပ်လုပ် နေခဲ့တာလေ။

အဲဒီတုန်းက ကျနော်တို့ စတူဒီယို အခန်းထဲမှာ သုံးသပ်ခဲ့ကြတာက မက်ဂွိုင်းယားဟာ တစ်ပွဲလုံး ခြေစွမ်း အဖျင်းဆုံး ကစားသမားတွေထဲမှာ ပါတယ် ဆိုပြီး ပြောခဲ့တာပါ။ နောက် 2 လ ကြာတော့ သူ့ကို ယူရို သန်း 90 နဲ့ ဝယ်သွားတယ်တဲ့လေ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သို့သော် ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ သူ့ကစားသမား အပေါ် ဝေဖန်တဲ့သူတွေ အားလုံးရဲ့ ပြောဆိုမှုကို ပယ်ချသွားခဲ့ပြီး ၊ အခုလို ပြန်လည် မှတ်ချက် ပေးသွားခဲ့ပါတယ်။

“ သူဟာ သူ့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက် အထိ ရှိနေလဲ ဆိုတာ ပြသခဲ့ပြီးပါပြီ။ ဒီညလို ပွဲကြီးမျိုးမှာတော့ သူ့အတွက်လဲ ဖိအားတွေ အနည်းနဲ့ အများတော့ ရှိနေမှာပေါ့။ ဒါပေမယ့် သူဟာ တုန်လှုပ်မှု မရှိပဲ ရဲရဲရင့်ရင့် ရင်ဆိုင် ကစားသွားတယ်လေ ။ ဒါဟာ သူ့ရဲ့ အရည်အသွေးကို ကိုယ်စားပြုတာပဲ မဟုတ်လား။

ကျနော် ကတော့ မက်ဂွိုင်းယား နဲ့ ပတ်သက်လို့ တစ်စက္ကန့်လေးမှတောင် သံသယ မဖြစ်မိပါဘူး။ သူဟာ အကောင်းဆုံး ခြေစွမ်းတွေ နဲ့ ပြသ ကစားမယ်ဆိုတာ ပြောရဲပါတယ်။

ကျနော်တို့ သူ့ကို ခေါ်ယူခဲ့တာ ကလဲ ၊ သူဟာ အသင်းကို ဦးဆောင်နိုင်တဲ့ သူ တစ်ယောက်လို့ ရှုမြင်ထားခဲ့တာကြောင့်မို့ ဖြစ်လို့ ၊ အိုးထရက်ဖို့ဒ်မှာလဲ နှစ်တွေ အကြာကြီး ဆက်ရှိသွားဦးမှာပါ” လို့ ပြန်လည် တုန့်ပြန် သွားခဲ့ပါတယ်။