ဆာဒီယိုမာနေး နဲ့ ရော်ဘတ်တိုဖာမီနို တို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပွဲစဉ်မှာ ပုံမှန် ခြေစွမ်းအောက် ရောက်နေ ခဲ့တယ်လို့ လီဗာပူး ဂန္တဝင် စတိနစ်ကိုး က ဆိုလိုက်ပြီး ၎င်းတို့ နှစ်ဦးဟာ မိုဟာမက်ဆာလား နဲ့ အတူ တွဲမကစား ရတဲ့ အချိန်မှာ တူညီတဲ့ ပေါက်ကွဲမှု စွမ်းအင်တွေ ပျောက်သွား ခဲ့တယ်လို့ သုံးသပ် သွားပါတယ်။

လီဗာပူး ရဲ့ သုံးဦးတွဲ တိုက်စစ်ဟာ ပြိုင်ဘက် ခံစစ်ပေါင်း များစွာ ကို တားဆီးလို့ မရနိုင်အောင် စွမ်းဆောင်ပြ ခဲ့မှုတွေ အများကြီး ရှိခဲ့ပြီး မန်ယူနိုက်တက်နဲ့ ပွဲမှာတော့ မိုဟာမက်ဆာလား ကြံ့ခိုင်မှု မပြည့်ဝ တာကြောင့် ကလော့ ရဲ့ ပွဲအစီအစဉ်တွေ ထိခိုက်မှုတွေ ရှိခဲ့ကာ အိုရီဂီ ကို အစားဝင် ကစား ခဲ့ပေမယ့်လည်း အီဂျစ်စတားရဲ့ နေရာကို အစား မဝင် နိုင်ခဲ့ဘဲ ခြေစွမ်းက တဆင့် နိမ့်နေ ခဲ့ပါတယ်။

ဒါကို အိုးထရပ်ဖို့ဒ်မှာ ကစားတဲ့ အခါမှာ သိသိသာသာ မြင်တွေ့ ခဲ့ရပြီး လီဗာပူး ရဲ့ တိုက်စစ် တွဲလုံးတွေ ပျောက်ဆုံး နေခဲ့ကာ ထိုးဖောက် ကစားဟန်တွေ ရိုးရှင်း နေခဲ့တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ နည်းပါး ခဲ့ပါတယ်။ မာနေးရဲ့ သွင်းဂိုး VAR နဲ့ ပယ်ဖျက်ခြင်း ခံခဲ့ ရပြီး ဖာမီနို ကလည်း အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့် တစ်ပွဲလုံး ခြုံပြီး စဉ်းစား ကြည့်မယ် ဆိုရင်တော့ လီဗာပူး ရဲ့ တိုက်စစ်ဟာ ပရီးမီးယားလိဂ် မှာ ၁၇ ပွဲဆက် နိုင်ခဲ့တဲ့ တောက်ပမှုမျိုး မရှိ ခဲ့ပါဘူး။

မားကပ်ရပ်ဖို့ဒ်ရဲ့ ဦးဆောင်ဂိုးကို လယ်လာနာ ချေပပေး ခဲ့လို့သာ လီဗာပူး တို့ သရေ တစ်မှတ်နဲ့ အိမ်ပြန် နိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါ ပွဲမှာ ဆာလား မပါဝင်မှုက သိသာ ထင်ရှား ခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်း စတိနစ်ကိုး က “အမှန် ပါပဲ။ သူတို့ ဆာလားကို သေချာပေါက် လွမ်းနေ ခဲ့ရပါတယ်။ ဘာအကြောင်း နဲ့ပဲ ဖြစ်ဖြစ် ဆာလား မကစား နိုင်တဲ့ အခါတိုင်း ဒီဗို့ အိုရီဂီ ဝင်ကစား ခဲ့ပေမယ့် လီဗာပူး ရဲ့ တိုက်စစ် စွမ်းရည်ဟာ ကြီးကြီးမားမား ကို နိမ့်ကျ သွားခဲ့ ပါတယ်။ တစ်ခါတစ်ရံ မှာတော့ ဖာမီနို နဲ့ မာနေး တို့ အကောင်းဆုံး ပုံစံ ရနေတဲ့ အခါ ခင်ဗျားတို့ ဒါကို သတိမထား မိပဲ ရှိနေ မှာပါ။ ဒါပေမယ့် ဖာမီနို နဲ့ မာနေး တို့ဟာ မနေ့ညက ပွဲမှာတော့ ပုံမှန် ခြေစွမ်းအောက်ကို ရောက်နေ ခဲ့ပါတယ်။

ကျွန်တော်တို့ ဖာမီနို ရဲ့ အကြောင်းကို အများကြီး ပြောဖြစ် ခဲ့ကြပြီး အရာအားလုံးကို သူ့ရဲ့ ချိတ်ဆက် ပေးမှု တွေကို ကျွန်တော်တို့ ချီးကျူး ခဲ့ကြ ပါတယ်။ ဒါပေမယ့် မနေ့ညက ပွဲမှာတော့ ဘောလုံး သူ့အနားကို ရောက်သွားတဲ့ အခါတိုင်း အရာအားလုံး ပျက်စီး သွားခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ကောင်းမွန်တဲ့ နေ့တစ်ခု မဟုတ် ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ ဆာလားကို လွမ်းနေ ရတာ ကတော့ သေချာပါတယ်။” လို့ ဆိုသွား ပါတယ်။

ဆာလား ဟာ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ လက်စတာ ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး ကြံ့ခိုင်မှု မပြည့်ဝ ခဲ့တာကြောင့် ဒီပွဲကို လွဲချော် ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၇ နှစ် အရွယ် ကစားသမား အနေနဲ့ လာမည့် ကြားရက်မှာ ဂျန့်နဲ့ ကစား ရမယ့် ချန်ပီယံလိဂ် ပွဲမှာတော့ ပါဝင် နိုင်ဖို့ ရှိနေပါတယ်။

ဆာလား မပါဝင် နိုင်ခဲ့တာနဲ့ ပက်သက်ပြီး ကလော့ က “မိုဟာ ဒီပွဲ အတွက် အဆင်သင့် မဖြစ် ခဲ့ပါဘူး။ ဒါ့ကြောင့်ပါ။ သူ အသင်းနဲ့ လေ့ကျင့်ခန်း မဆင်း နိုင်ခဲ့ ပါဘူး။ သူကစား နိုင်မယ် ဆိုတဲ့ သတင်း ဘယ်ကနေ ထွက်လာ သလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ အခွင့်အရေး မရှိ သလောက် ဖြစ်ခဲ့ပါတယ်။ လာမည့် ဗုဒ္ဓဟူးနေ့တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့် ရမှာပါ။” လို့ ဆိုသွား ပါတယ်။

လီဗာပူးဟာ လာမည့် တစ်ပတ်မှာလည်း ပရီးမီးယားလိဂ် ပွဲကျပ် ကစား ရဖို့ ရှိနေပြီး အန်ဖီးမှာ ဒီရာသီ ရုန်းကန် နေရတဲ့ တော့တင်ဟမ်ကို လက်ခံ ကစား သွားရမှာ ဖြစ်ပါတယ်။

SM