မာတင် ကီအွန်က လီဗာပူ းအသင်းဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ အဝေးကွင်း တစ်ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာ ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ကြောင်း သက်သေ ပြခဲ့တယ်လို့ ထောက်ခံ သွားပါတယ်။ မားကပ်ရပ်ဖို့ဒ်ဟာ ယူနိုက်တက် အတွက် ပထမပိုင်း မှာ ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပေမယ့်လည်း လူစားဝင် ကစားသမား ဖြစ်သူ အဒမ်လယ်လာနာ ဟာ ပွဲပြီး ခါနီး ငါးမိနစ် အလိုမှာ လီဗာပူး အတွက် ချေပဂိုးကို သွင်းယူ ပေးခဲ့ ပါတယ်။

အဲလက်စ် အောက်စလိတ် ချိန်ဘာလိန် နဲ့ ရပ်ဖို့ဒ် တို့ရဲ့ ဂိုးကန်သွင်းမှုတွေဟာ နှစ်ဘက် စလုံး အတွက် ပွဲကို အဆုံးအဖြတ် ဖြစ်သွား စေဖို့ နီးစပ် ခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်း အရ ဆိုရင် အိုးထရပ်ဖို့ဒ်က သရေ ရလဒ်ဟာ နှစ်သင်းစလုံး အတွက် မျှတမှု ရှိတယ်လို့ ဆိုနိုင် ပါတယ်။

ဒီရလဒ်ကြောင့် လီဗာပူး ရဲ့ ၁၇ ပွဲဆက် နိုင်ပွဲ မှတ်တမ်းနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရာနှုန်းပြည့် နိုင်ပွဲတွေ ရပ်တန့် သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မန်စီးတီးကို အီတီဟတ် မှာ ၂-၁ နဲ့ ရှုံးခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် မှာ ရှံုးပွဲ မရှိသေးဘဲ အာဆင်နယ် ဂန္တဝင် မာတင်ကီအွန် ကတော့ လီဗာပူး တို့ ပြသ ခဲ့တဲ့ စွမ်းအင် တွေဟာ အမှတ်ပေးဖလား နဲ့ ဝေးကွာ နေမှုကို အဆုံးသတ် စေနိုင်တယ်လို့ ယုံကြည် နေပါတယ်။

ကီအွန်က “ကျွန်တော်တို့ အနေနဲ့ ပထမဦးဆုံး အိုလီဂန်နာ ဆိုးရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချီးကျူး သွားရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းစနစ်ဟာ လီဗာပူး အသင်းကို စိတ်ရှုပ်ထွေး စေခဲ့တဲ့ အပြင် အံ့သြ သွားစေ ခဲ့ပါတယ်။ ဆိုးရှားဟာ နောက်တန်း ၃ ယောက် ထားကစား သွားခဲ့ပြီး သူ့ရဲ့ Wing backs တွေကို ရှေ့တက် ကစား စေခဲ့ ပါတယ်။

ယူနိုက်တက်ရဲ့ ကစားကွက်ဟာ တစ်ကွင်းလုံး လီဗာပူး အသင်းကို ဖိအား ပေးလို့ ရသွား ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး ဟာ ဒီပွဲ ကနေ တစ်စုံတစ်ရာ ပြန်လည် ရယူ နိုင်ခဲ့ ပါတယ်။ ဒါဟာ သူတို့ ချန်ပီယံ ဖြစ်နိုင်တယ် ဆိုတာ ပြသ လိုက်တာ ပါပဲ။” လို့ ဆိုသွား ပါတယ်။

ယူနိုက်တက်ဟာ ပွဲမတိုင်မီ သွေးပူ လေ့ကျင့်ခန်း မှာ အေဇယ် တွမ်ဇန်ဘီ ဒဏ်ရာ ရခဲ့တာကြောင့် မာကိုရိုဟို ကို ထည့်သွင်း သွားခဲ့ပြီး ဆိုးရှား ထုတ်သုံး သွားခဲ့တဲ့ ၃-၄-၁-၂ ကစားကွက်ဟာ လီဗာပူး အသင်း အပါအဝင် အားလုံးကို အံ့အား သင့်စေ ခဲ့ပါတယ်။ ယာဂန်ကလော့ ဟာ ပထမပိုင်းမှာ ကစားပုံ မကောင်းခဲ့တဲ့ သူ့အသင်းကို ခြေစွမ်း တက်လာ စေရန် အတွက် ဒုတိယပိုင်း မှာ နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ အိုးထရပ်ဖို့ဒ်မှာ လာကစားတဲ့ အခါတိုင်း ရုန်းကန် ရလေ့ ရှိတဲ့ အစဉ်အလာကို မချေဖျက် နိုင်ခဲ့ဘဲ နည်းပြ ယာဂန်ကလော့ ရဲ့ လက်အောက်မှာ ယူနိုက်တက်ကို လာရင်ဆိုင်တဲ့ အဝေးကွင်း ငါးပွဲစလုံး မှာ အနိုင် ရထားခြင်း မရှိသေး ပါဘူး။ ကီအွန် ကတော့ ကစားပုံ မကောင်း ခဲ့ပေမယ့် ရမှတ် တစ်မှတ် ရယူ နိုင်တာဟာ အရေးပါလှတယ်လို့ ယူဆ နေပြီး ဒီလို ပုံမှန် ခြေစွမ်းအောက် ရောက်နေခြင်းဟာ နည်းစနစ်ပိုင်း ထက်စာရင် စိတ်ပိုင်းဆိုင်ရာ အပေါ်မှာ ပိုမို မူတည် နေတယ်လို့ ယုံကြည် နေပါတယ်။

ကီအွန် က “လီဗာပူး အသင်း အနေနဲ့ သူတို့ ကြံုတွေ့ ခဲ့ရတဲ့ ဒီအခြေအနေ ကနေ လေ့လာ သင်ယူ သွားဖို့ လိုအပ် ပါတယ်။ အမှန်ပါပဲ။ သူတို့ကို ဒီရာသီ အမှတ်ပေးဖလား ဆွတ်ခူး နိုင်မယ်လို့ လူတော်တော်များများ တစ်ပေးထား ခဲ့ကြ ပေမယ့်လည်း သူတို့ သက်သေပြ သွားဖို့ အတွက် အများကြီး လုပ်သွား ရအုံး မှာပါ။ သူတို့ဟာ တနင်္ဂနွေနေ့မှာ စိတ်ဓာတ်ပိုင်း လိုအပ်ချက် ရှိခဲ့ ပါတယ်။

သူတို့ဟာ အိုးထရပ်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ၁၇ ပွဲဆက် အနိုင် ရထားတဲ့ အသင်းလို မကစား ပြနိုင် ခဲ့ပါဘူး။ သူတို့ဟာ ချန်ပီယံဆု ကို ရည်မှန်း နေတဲ့ အသင်း တစ်သင်းလို ဝံ့ကြွား မနေပါဘူး။” လို့ ဆိုသွား ပါတယ်။

SM