လီဗာပူး ကွင်းလယ်လူ ဖာဘင်ညို ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒီရာသီ ပရီးမီးယားလိဂ် မှာ သူ့ရဲ့ ၄ ကြိမ်မြောက် အဝါကတ် ကို ပြသ ခံခဲ့ ရတာကြောင့် အရေးကြီးတဲ့ ပွဲစဉ်ကို မလွဲချော် စေဖို့ အတွက် သတိထား ကစား သွားရတော့မှာ ဖြစ်ပါတယ်။ ဘရာဇီး လက်ရွေးစင်ဟာ မန်ယူနိုက်တက်နဲ့ အိုးထရပ်ဖို့ဒ်မှာ ၁ ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ကွင်းလယ်လူ ဒန်နီရယ်ဂျိမ်းကို နောက်ကနေ ဖျက်ထုတ်ပုံ ကြမ်းတမ်း ခဲ့တာကြောင့် အဝါကတ်ပြ သတိပေး ခံခဲ့ ရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရဲ့ စည်းမျဉ်းအရ ပွဲစဉ် ၁၉ မတိုင်မီ အဝါကတ် ၅ ကြိမ် ပြသ ခံခဲ့ရတဲ့ ဘယ်ကစားသမား မဆို တစ်ပွဲပယ် ပြစ်ဒဏ် ကျခံ ရမှာ ဖြစ်ပါတယ်။ ဖာဘင်ညိုဟာ လက်ရှိ အချိန်မှာ အဝါကတ် ၄ ကြိမ် ထိထား ခဲ့ပြီ ဖြစ်တာကြောင့် နောက်တစ်ကြိမ် အဝါကတ် ပြသ ခံခဲ့ ရမယ် ဆိုရင် တစ်ပွဲပယ် ပြစ်ဒဏ် ကျခံ ရတော့မှာ ဖြစ်ပါတယ်။

ဒ့ါကြောင့် အသက် ၂၅ နှစ် အရွယ် ကွင်းလယ်လူ အနေနဲ့ ပရီးမီးယားလိဂ် မှာ ပွဲပယ် ပြစ်ဒဏ် ကနေ ရှောင်လွဲ နိုင်ဖို့ အတွက် ဆိုရင် နောက်ထပ် ၁၀ ပွဲမှာ အဝါကတ် မထိဖို့ လိုအပ် နေပါတယ်။ လီဗာပူး ဟာ လာမည့် ပွဲစဉ် မှာတော့ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဒုတိယ ဆုရှင် တော့တင်ဟမ်ကို အန်ဖီးမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပါတယ်။

အကယ်၍ လီဗာပူး ရဲ့ ကွင်းလယ် ခံစစ် ကစားသမားသာ အဆိုပါ ပွဲမှာ အဝါကတ် ထိခဲ့မယ် ဆိုရင် အက်စတွန်ဗီလာ နဲ့ လာမည့် အဝေးကွင်း ပွဲစဉ်ကို လွဲချော် သွားမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဖလား ပြိုင်ဘက် မန်ချက်စတာ စီးတီး ဟာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ အန်ဖီးကို လာရောက် ယှဉ်ပြိုင် သွားမှာ ဖြစ်ပြီး ဒီပွဲဟာ အမှတ်ပေး ချန်ပီယံ ဆု အတွက် အဓိက အရေးပါတဲ့ ပွဲစဉ် ဖြစ်နေတာကြောင့် ယာဂန်ကလော့ နဲ့ လီဗာပူး ပရိတ်သတ်တွေ ကတော့ အထူး သဖြင့် ဒီပွဲစဉ်မှာ ပွဲပယ် ပြစ်ဒဏ်ကြောင့် ဖာဘင်ညို မပါနိုင် မှာကို စိုးရိမ် ပူပန် နေကြ ပါတယ်။

ဖာဘင်ညို အနေနဲ့ တစ်ပွဲပယ် ပွဲပယ် ပြစ်ဒဏ် ကို ကျော်လွှား နိုင်ဖို့ အတွက် ဆိုရင် လက်စတာ နဲ့ ကင်းပါဝါ မှာ ကစားရမယ့် ဘောက်ဆင်ဒေး ပွဲစဉ် အထိ အဝါကတ် အထိခံလို့ မဖြစ်တဲ့ အခြေအနေပါ။ အကယ်၍ ကစားသမား တစ်ဦး အနေနဲ့ ပရီးမီးယားလိဂ် ပွဲဏဉ် ၃၂ မတိုင်မီ အဝါကတ် ၁၀ ကတ် ထိခဲ့မယ် ဆိုရင် ၂ ပွဲပယ် ပြစ်ဒဏ် ကျခံ သွားရမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်း မှာပဲ ၃၈ ပွဲ ကစား ရတဲ့ ဘောလုံး ရာသီ မှာ အဝါကတ် ၁၅ ကြိမ် ထိခဲ့မယ် ဆိုရင် ၃ ပွဲပယ် ပြစ်ဒဏ် ကျခံ ရမှာ ဖြစ်ပါတယ်။ မိုနာကို ကစားသမားဟောင်း ဖြစ်သူ ဖာဘင်ညို ဟာ လီဗာပူး ကစားသမား ပထမဦးဆုံး ရာသီ ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီ တစ်ခုလုံး မှာ စုစုပေါင်း အဝါကတ် ၆ ကြိမ်သာ ပြသ ခံခဲ့ ရပါတယ်။

ဖာဘင်ညို အနေနဲ့ ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး ဖြစ်တာကြောင့် နောက်ထပ် ၁၀ ပွဲမှာ အဝါကတ် မထိအောင် ကစားဖို့ ဆိုတာ အတော် ခက်ခဲမှု ရှိနိုင်ပြီး ဘယ်လိုပဲ ဖြစ်ဖြစ် ဘရာဇီး စတား အနေနဲ့ မန်စီးတီး နဲ့ ကစား ရမယ့် အရေးကြီး ပွဲစဉ်ကို မလွဲချော် ဖို့ကိုတော့ ဂရုစိုက်ပြီး ကစား သွားဖို့ လိုအပ် ပါတယ်။

SM