ပရီးမီးယားလိဂ် ပွဲစဉ် (၉) ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲမှာ အိမ်ရှင် ရှက်ဖီးယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး မော့ဆက် ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ် အသင်းကို အနိုင် ရသွားခဲ့ပါတယ် ။

ဒီနေ့ပွဲမှာ အာဆင်နယ် အသင်း ဟာ နည်းပြ အူနိုင်း အမ်မရီ ရဲ့ လူထုတ်ပုံဟာ အတော်လေး စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး ရှက်ဖီးယူနိုက်တက် အသင်းကို ခြေစွမ်းပိုင်း အသာစီး ရအောင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး ။ အာဆင်နယ် အသင်း ကွင်းလယ်ဟာ ဂိုးဖန်တီးမှု ပိုင်း အားနည်းသလို ဂိုးရဖို့ အတွက်လည်း တိုက်စစ်မှူး အူဘာမီယန်း အပေါ် မှီခိုလွန်း အားကြီး နေတာကို တွေ့ရပါတယ် ။

အိမ်ရှင် ရှက်ဖီးယူနိုက်တက် အသင်းကတော့ အာဆင်နယ် အသင်းကို အကောင်းဆုံး တုန့်ပြန် ကစားကာ အိမ်ကွင်းမှာ အနိုင်သုံးမှတ် ရှာဖွေ နိုင်ခဲ့ပြီး အဆင့် ၉ နေရာ အထိ တက်လှမ်း လာနိုင် ခဲ့ပါတယ် ။

(ရှက်ဖီးယူနိုက်တက် ၁ – ၀ အာဆင်နယ် )ပွဲမှ အာဆင်နယ် ကစားသမားများရဲ့ rating ကို Sports Myanmar ပရိသတ်ကြီးအတွက် ဖော်ပြ ပေးလိုက်ပါတယ် ။

လီနို ( ၅ ) – ရှက်ဖီးယူနိုက်တက် ရဲ့ ဦးဆောင်ဂိုးကို ကာကွယ် ဟန့်တား နိုင်ခဲ့ခြင်း မရှိသလို နောက်တန်း ကစားသမားတွေနဲ့ ချိတ်ဆက် ကစားရမှာလည်း တုန့်ဆိုင်း နေခဲ့ပါတယ် ။ သေချာတာကတော့ လီနို ဟာ နောက်တန်း ကစားသမားတွေအပေါ် ဩဇာ အာဏာ ညောင်းတဲ့ ဂိုးသမားတော့ မဟုတ်ပါဘူး ။

ချိန်ဘာ ( ၅ ) – နောက်တန်းမှာ ခြေစွမ်းပိုင်း မဆိုးရွားခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ် ။ ခံစစ်ကို ပိုအားသန်တဲ့ ချိန်ဘာ အတွက်တော့ တိုက်စစ် လိုက်ပါရာမှာ ခက်ခဲမှုတွေ ရှိခဲ့ပြီး သူ့ရဲ့ ဖြတ်တင်ဘောတွေဟာ ထိရောက်မှု အားနည်းခဲ့ပါတယ် ။

ဒေးဗစ်လူးဝဇ် ၊ ဆိုကရက်တစ် ( ၄ ) – အာဆင်နယ် အသင်း ဗဟို နောက်ခံ အတွဲဟာ တစ်ဖက် အသင်း တိုက်စစ်ဆင်လာတိုင်း အသည်းအသန် ရှင်းထုတ် နေရကာ မော့ဆက် ကိုလည်း ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။

ကိုလာစီနက် (၄) – သူ့ရဲ့ ဖြတ်တင် ပေးပို့မှု တစ်ကြိမ် ကောင်းမွန်ခဲ့ပေမယ့် နီကိုလပ်စ် ပေပေ အသုံးမချ နိုင်ခဲ့တာကြောင့် အာဆင်နယ် အသင်း နစ်နာ ခဲ့ရပါတယ် ။ ဒီနေ့ပွဲမှာ ရှက်ဖီးယူနိုက်တက် ဟာ တိုက်စစ် လိုက်ပါလွန်းတဲ့ ကိုလာစီနက် ရဲ့ ဘယ်ခြမ်းကနေ ဖိအားပေး ကစားသွားခဲ့ပါတယ်။

ရှာကာ(၄) -ကျနော်တို့ မြင်တွေ့နေကြ ရှာကာ ကိုပဲ ထပ်မံ မြင်တွေ့ ရလိုက်သလို ပါပဲ ။ ပထမပိုင်း ပြီးခါနီးမှာ သူ့ရဲ့ အဝေး ကန်ချက် တစ်ကြိမ် ကောင်းမွန် ခဲ့ပေမယ့် ပြီးစလွယ် ပေးပို့မှုတွေ ၊ ပေါ့ဆမှုတွေကတော့ စိတ်ပျက် စရာပါပဲ ။

ဂွမ်ဒူဇီ ( ၅ ) – Golden Boy ဆန်ကာတင် စာရင်းဝင် ဂွမ်ဒူဇီ ဟာ ဒီနေ့ပွဲမှာတော့ ခြေစွမ်းပြ ကစားဖို့ ရုန်းကန် ခဲ့ရပြီး လူပေးတာမှားတာမျိုးတွေကိုလည်း တွေ့ မြင် ခဲ့ ရပါတယ် ။

ဝီးလောခ့် ( ၄ ) – No 10 role နေရာမှာ ပွဲထွက် လာခဲ့တဲ့ ဝီးလောခ့် ဟာ ပထမပိုင်း တစ်ပိုင်းလုံး ပျောက်ချင်း မလှ ပျောက်နေခဲ့ပြီး ကွင်းလယ် နဲ့လည်း မချိတ်ဆက် နိုင်သလို တိုက်စစ်ကိုလည်း မပံ့ပိုး နိုင်ခဲ့တာကြောင့် ဒုတိယပိုင်း စစချင်းမှာပဲ လူစားလဲ ခံခဲ့ရပါတယ် ။

နီကိုလပ်စ် ပေပေ ( ၆ ) -ဒီနေ့ပွဲမှာ အာဆင်နယ် အသင်းရဲ့ အကောင်းဆုံး ကစားသမားလို့ ဆိုရနိုင်သူပါ ။ အပိုင်အခွင့်အရေး တစ်ကြိမ် ဖြုန်းတီး ခဲ့ပေမယ့် ရှက်ဖီးယူနိုက်တက် နောက်တန်းကို အကောင်းဆုံး ဖိအား ပေးနိုင်ခဲ့ပြီး သူ ထွက်ခွာ သွားတဲ့ အချိန်မှာ အာဆင်နယ် တိုက်စစ်ဟာ အသက်မဲ့သွားခဲ့ပါတယ် ။

အူဘာမီယန်း ( ၄ ) – ဘော်လွန်းဒီအော် ဆန်ကာတင် စာရင်းဝင် အူဘာမီယန်း အတွက်တော့ အာဆင်နယ် ကစားသမား ဘဝ သွင်းဂိုး ၅၀ ပြည့်မြောက်ဖို့ နောက်ထပ် တစ်ပွဲ စောင့်ဆိုင်း ရပါတော့မယ် ။

ဆာကာ ( ၅ ) – ဆာကာ ဟာ ဒီနေ့ပွဲမှာ ဟန်ဆောင်လဲချတယ်ဆိုပြီး ဒိုင်လူကြီး မိုက်ဒင်းရဲ့ အဝါကဒ် ပြသ သတိပေးခြင်း ခံခဲ့ရပါတယ် ။ ဆာကာ လဲကျသွားတဲ့ အနေအထားဟာ ဟန်ဆောင် ဒိုင်ဗင်ပစ်တာမျိုး မဟုတ်သလို ပင်နယ်တီ ပေးရလောက်တဲ့ အနေအထားမျိုးလည်း မဟုတ်ပါဘူး ။ ဆာကာဟာ ဒီနေ့ပွဲမှာ ပွဲချိန်ပြည့် ကစားခွင့် ရခဲ့ပြီး အသင်းဖော်တွေ အတွက် အခွင့်အရေးတွေလည်း ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ -စီဘယ်လောစ့် (၄)၊လာကာဇက် (၅)၊ မာတီနယ်လီ (၅) ။

SPORTS MYANMAR