အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ တန်းတက် ရှက်ဖီးယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဆိုကရက်တစ် ပြစ်ဒဏ် ကျူးလွန် ခံခဲ့ရပေမယ့် ပင်နယ်တီ သတ်မှတ်ပေးခဲ့ခြင်း မရှိတဲ့ အပေါ် ဒိုင်လူကြီး မိုက်ဒင်း ကို ပြစ်တင် ဝေဖန် သွားခဲ့ပါတယ် ။

ဘရာမောလ်လိန်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၉) နောက်ဆုံးပွဲမှာ အာဆင်နယ် အသင်းဟာ ရှက်ဖီးယူနိုက်တက် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ ရှက်ဖီးယူနိုက်တက် အသင်းကို အနိုင်ရရင် အဆင့် ၃နေရာကို ပြန်လည် တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့် သွားတာကြောင့် အဆင့် ၅ နေရာမှာသာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ်။

ယနေ့နံနက် က ကစားခဲ့တဲ့ ပွဲမှာ ပွဲအစ ၆ မိနစ်မှာရှက်ဖီးယူနိုက်တက် နောက်ခံလူ ဂျွန်အာဂန် ဟာ အာဆင်နယ် နောက်ခံလူ ဆိုကရက်တစ် ကို ဂိုးဧရိယာအတွင်းမှာ နောက်ကနေ အကင်္ျီ သိသိသာသာ ဆွဲထားခဲ့ပေမယ့် ဒိုင်လူကြီး မိုက်ဒင်း ဟာ ပင်နယ်တီ အဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိသလို VAR လည်း ပြန်ကြည့်ခဲ့ခြင်း မရှိပါဘူး။

ဒိုင်လူကြီး မိုက်ဒင်းဟာ အာဆင်နယ် အသင်းပွဲတွေမှာ အမြဲလိုလို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို ချမှတ်လေ့ရှိသူပါ ။ ယနေ့ နံနက်ပွဲမှာလည်းဒိုင်လူကြီး မိုက်ဒင်း ဟာ အာဆင်နယ် အသင်း လူငယ် ကြယ်ပွင့် ဆာကာ ကို ဂိုးဧရိယာထဲမှာ ဟန်ဆောင် လဲချတယ်ဆိုပြီး အဝါကဒ် ပြသ သတိပေးခဲ့ပြီး ကွင်းဘေးကနေ စောဒက တက်ခဲ့တဲ့ လက်ထောက် နည်းပြ ယွန်းဘတ်လည်း အဝါကဒ် ပြသခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ အူနိုင်း အမ်မရီ က ဒိုင်လူကြီး မိုက်ဒင်းရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန် ပြစ်တင်လိုက်ပြီး ပင်နယ်တီ ပေးရမယ့် အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။” ဆိုကရက်တစ် ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တာကတော့ ပင်နယ်တီ ပေးရမယ့် အနေအထားဆိုတာ လုံးဝ အရှင်းကြီးပါပဲ၊အရှင်းကြီးပါ ၊ ကျနော် သေချာ မြင်လိုက်တာပါ ။ ”

” VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ချက် ချရမယ့် အနေအထား ပါပဲ ၊ ပွဲပြီး ရလဒ်ကိုတော့ အတော်လေး စိတ်ပျက်မိပါတယ် ၊ ကျနော်တို့ အခွင့်အ​ရေး တွေ ဖန်တီး နိုင်ခဲ့သလို အကောင်းဆုံး အခွင့်အရေးတွေလည်း ရခဲ့ပါတယ် ။ ကျနော်တို့ အသုံးမချ နိုင်ခဲ့တာကြောင့် အနိုင် မရခဲ့တာပါ ၊ ဒါပေမယ့် ကျနော်တို့ အရှုံး ရလဒ်နဲ့လည်း မထိုက်တန်ပါဘူး။”

” ပထမပိုင်းမှာလည်း ကျနော်တို့ ပြိုင်ဘက်ကို ထောင့်ကန်ဘောတွေ အများကြီး ခွင့်ပြု ခဲ့ရပြီး တစ်ကြိမ်မှာတော့ ဂိုးပေးလိုက်ရပါတယ်။ ကျနော်တို့ အနေနဲ့ ထောင့်ကန်ဘောတွေ အများကြီး မပေးရအောင် လုပ်ဆောင် ရပါမယ် ။ ”

” ကျနော်တို့ အနေနဲ့ လူငယ် ကစားသမားတွေ ပွဲထွက်ခွင့် ပေးတာက သူတို့ အတွေ့အကြုံတွေ ရအောင်လို့ပါ ၊ ဒါပေမယ့် အရေးကြီးဆုံးကတော့ အနိုင်ရဖို့ပါပဲ ၊ ဒီပွဲကို ပြန်ကြည့်ပြီး ကျနော်တို့ သေချာ လေ့လာ ဆန်းစစ် ရပါဦးမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR