တန်းတက်ရှက်ဖီးလ်ယူနိုင်တက် အသင်းကိုတောင် အရေးနိမ့်ခဲ့တဲ့ အတွက် အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ရဲ့ ကစားသမားဟောင်းတဦးဖြစ်တဲ့ အီဗရာကထိုးနှက်ပြောဆိုသွားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အနိုင်ခဲ့ပါက အမှတ်ပေးဇယား တတိယနေရာအထိ တက်လှမ်းနိုင်မှာဖြစ်ပေမယ့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

 

အီဗရာကတော့ အာဆင်နယ်အသင်းဟာ ယူနိုက်တက် အသင်းသားဘဝမှာအမြဲတမ်းငယ်နိုင်လိုဖြစ်ခဲ့တဲ့ ကလေး ကလားအသင်းပဲလို့ ဆိုပါတယ်။အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီကို ခေါ်ယူအပြီးမှာလည်း ‘ လူကြီးလူကောင်းတွေရဲ့ အသင်းကနေကြိုဆိုပါတယ် ‘ လို့ပြောဆိုထားခဲ့ဖူးကြောင်း အီဗရာက ထုတ်ပြောလိုက်ပါတယ်။

အာဆင်နယ် နည်းပြအမ်မရီဟာ ဒီပွဲမှာ လူငယ်တွေကို နေရာပေးခဲ့ပြီး ဂွမ်ဒူဇီ၊ ရှာကာ တို့လိုကစားသမားတွေကို မြင်ရတာဟာ နည်းပြဟောင်း အာဆင်ဝင်းဂါးရဲ့ နှောင်းပိုင်းနေ့တွေနဲ့ ဘာမှ မကွာဘူးလို့ အီဗရာဆိုပါတယ်။Sky Sports ရဲ့ အစီအစဉ်တခုမှာ အီဗရာက –

” ပထမဆုံး ပြောချင်တာကတော့ ရှက်ဖီးလ် အသင်းအတွက် ကျွန်တော်ပျော်ရွှင် ဝမ်းမြောက်မိတယ်ဆိုတာပါပဲ။သူတို့ဟာအနိုင်ရဖို့ ထိုက်တန် ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အာဆင်နယ် အသင်းနဲ့ ပတ်သက်ပြီးတော့ လည်း ကျွန်တော် လုံးဝမအံ့သြမိပါဘူး။

သူတို့ကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက ကျွန်တော့်ကလေးတွေ အသင်းလို့ တောင်ခေါ်နေကျဖြစ်ပါတယ်။အခုအချိန် သူတို့ကိုကျွန်တော်ကြည့်လိုက်တော့လည်း ကလေးကလားအဆင့်ပဲရှိနေပါသေးတယ်။ဒါဟာအမှန်တရားပဲဖြစ်ပါတယ်။

ဒီလိုပြောဆိုတာဟာ လေးစားသမှု မရှိပဲ ပြောနေတာမဟုတ်ပါဘူး။ဒီအသင်းနဲ့ ပတ်သက်ပြီး ခံစားမိတာကိုပြောဆိုတာသာဖြစ်ပါတယ်။သူတို့ကို မြင်ရတာအသင်းကောင်းတသင်းဆိုပေမယ့် ဆုဖလားတွေရယူနိုင်မယ့် အသင်းပုံစံမျိုးတော့ မဟုတ်ပါဘူး။

သူတို့ဟာ ဘောလုံးကို ကောင်းကောင်း ကစားနေရုံ ပဲရှိတာဖြစ်ပါတယ်။အာဆင်နယ် အသင်းနဲ့ရင်ဆိုင်ရမယ် လို့သိလိုက်တိုင်းမှာကျွန်တော်စိတ်ချမ်းသာပါတယ်။ဘာကြောင့်လည်းဆိုတော့ကျွန်တော်တို့ နိုင်တော့မယ်ဆိုတာသိလို့ပါပဲ။

ဗန်ပါစီ ယူနိုက်တက် ကိုရောက်လာပြီးကျွန်တော်နဲ့ ပထမဆုံး လက်ဆွဲနှုတ်ဆက်တုန်းကတောင် ‘ လူကြီးလူကောင်းတွေနဲ့ အသင်းကနေ ကြိုဆိုပါတယ် ‘ ဆိုပြီးသူ့ကိုကျွန်တော်ပြောခဲ့ပါသေးတယ်။အစပိုင်းမှာ သူစိတ်ပျက်ခဲ့ပေမယ့် တလလောက်ကြာတော့ ‘ မင်းပြောတာလုံးဝမှန်တယ်အီဗရာရေ၊ ငါအခုအဲ့လိုခံစားနေရပါပြီ ‘ လို့သူကပြန်ပြောခဲ့ပါတယ်။

လက်ရှိအာဆင်နယ်ကွင်းလယ်မှာ အကောင်းဆုံးကစားနေတာက ဂွမ်ဒူဇီဖြစ်ပါတယ်။ဒါပေမယ့်လည်းသူဟာ ပြင်သစ် ဒုတိယတန်း မှာ ပုံမှန်ကစားခွင့်တောင် မရခဲ့တဲ့ ကစားသမားတဦးဖြစ်ပြီး ဒီလိုကစားသမားမျိုးက သူတို့ရဲ့အကောင်းဆုံးဖြစ်နေတာပါ။

သူတို့ရဲ့ ဂန္တဝင် အချို့ကို ကျွန်တော်သိပါတယ်။ရှာကာ လို ကစားသမားမျိုးကို ကပ္ပတိန်အဖြစ်မြင်နေရလို့ သူတို့လည်းပေါက်ကွဲနေကြပါတယ်။သူတို့ကိုကျွန်တော်လေးစားမှုရှိပါတယ်။ဒါပေမယ့်လည်း အာဆင်နယ်ဆိုတာ အူဘာမီယန်နဲ့ လာကာဇက်ဂိုးမသွင်းရင် ဒုက္ခရောက်နေတတ်တဲ့ အသင်းမျိုးဖြစ်ပါတယ်။

ကျွန်တော်အခု ဖြစ်နေတာကတော့ အာဆင်ဝင်း ဂါး အခုဘယ်နေရာကိုရောက်နေသလဲ ဆိုတာပါပဲ။ဘာလို့လည်းဆိုတော့ အခုအသင်းက သူ့ရဲ့ လက်ထက် ကနဲ့ ဘာမှ မပြောင်းလဲ သေးလို့ ဖြစ်ပါတယ် “လို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းကို ကလေး အသင်းလို့ ဘာကြောင့် ခေါ်ဆို သမုခ်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး အီဗရာက –
” သူတို့အသင်းမှာ ဘယ်လို ဦးဆောင်မှု ကောင်းမျိုးကိုမှ မမြင်တွေ့ရပါဘူး။ကိုယ်ရည်ကိုယ်သွေး ၊ စရိုက်လက္ခဏာကောင်းတွေလည်း မတွေ့ရပါဘူး။သူတို့ဟာ စိတ်ပိုင်းဆိုင်ရာလည်း အားနည်းနေပုံပါပဲ။ ဂိုးမသွင်းနိုင်ဘူးဆိုတာနဲ့ အဲ့ဒီပွဲကို သူတို့ ရှုံးနိမ့်တော့တာပါပဲ။ခံစစ်လေးယောက်ကိုပဲ အပြစ်မတင်ချင်ပါဘူး။တသင်းလုံးကြောင့်ဖြစ်ပျက်နေတဲ့ ကိစ္စဖြစ်ပါတယ်။

သူတို့ဟာ ဒေးဗစ်လုဇ်၊ အူဘာမီယန်၊ လာကာဇက်တို့လို နာမည်ကြီးတွေရှိပေမယ့် အခုလို အနေအထားတွေဖြစ်နေတာနှစ်နည်းနည်းလောက်တောင်ကြာနေပါပြီ။သူတို့ကို ကျွန်တော့ရဲ့ ကလေးတွေလို့ပြောတော့ လေးစားမှုမရှိိဘူးလို့ ခင်ဗျားတို့ကတွေးမိကြပါလိမ့်မယ်။ဒါပေမယ့် ဒီနေ့ညပွဲရလဒ်ကကျွန်တော့်ခံစားချက် မှန်ကန်တဲ့ဆိုတာကို အတည်ပြုပေးလိုက်သလိုပါပဲ ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR