လီဗာပူး အသင်း ရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ဂျင်မီ ကာရေဂါ ဟာ နည်းပြ အူနိုင်း အမ်မရီ လက်ထက် အာဆင်နယ် အသင်းရဲ့အဝေးကွင်း ခံစစ်ပိုင်း စွမ်းဆောင်ရည် မှတ်တမ်းဆိုးဟာ သူ့ကို အံ့အားသင့်စေခဲ့ကြောင်း လှောင်ပြောင် သရော် သွားခဲ့ပါတယ် ။

ယနေ့ နံနက် အစောပိုင်းက ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ နောက်ဆုံး သုံးပွဲဆက် ဂိုးသွင်းယူ ထားနိုင်ခြင်း မရှိတဲ့ ရှက်ဖီး ယူနိုက်တက် အသင်းကို ဂိုးပေး ခဲ့ရပြီး ဒီရာသီ ပရီးမီးယားလိဂ် ဒုတိယမြောက် ရှုံးပွဲကို ကြုံတွေ့ သွား ခဲ့ ရ ပါ တယ် ။

ရှက်ဖီး ယူနိုက်တက် အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၃၀ မှာ ထောင့်ကန်ဘောကနေ တစ်ဆင့် ကော်နယ် ရဲ့ ခေါင်းတိုက်ချက်ကို တိုက်စစ်မှူး မော့ဆက် က ထပ်ဆင့် ပိတ်သွင်း သွားခဲ့တာလည်း ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ ကာရေဂါ ဟာ အာဆင်နယ် အသင်း ရဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၂၄ ပွဲမှာ Clean-Sheet နှစ်ပွဲသာ ရယူထားနိုင်တဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည် မှတ်တမ်းကို လှောင်ပြောင် သရော် သွားခဲ့ပြီး အာဆင်း လက်ထက်တုန်းက အာဆင်နယ် ထက်တောင် ပိုဆိုးနေကြောင်း ဆိုပါတယ် ။

ကာရေဂါ က Sky Sports မှာ ” တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းတဲ့ မှတ်တမ်း ပါပဲဗျာ ၊ အာဆင်နယ် အသင်း အနေနဲ့ ဒီလိုမျိုး Clean-Sheet နှစ်ပွဲပဲ ရအောင် ယူဖို့ ဆိုတာက တကယ့်ကို ခက်ခဲ လွန်းပါတယ် ၊ သူတို့ အတွက် အဝေးကွင်းမှာ ကစားရတဲ့ပွဲတွေမှာ ၀-၀ ဖြစ်ရင်တောင် ကံကောင်းပြီလို့ ဆိုရမလားပဲဗျာ ။ ”

” ဘယ်လောက်ပဲ ခံစစ် စုတ်ပြတ်သတ်နေပါစေဗျာ ၊ ၂၄ ပွဲမှာ Clean-Sheet သုံး၊လေးပွဲထက်တော့ ပိုရသင့်ပါတယ် ။ အဝေးကွင်း ၂၄ ပွဲမှာ Clean-Sheet နှစ်ပွဲပဲ ရအောင် ယူနိုင်ဖို့ ဆိုတာက အရမ်းကို ခဲယှဉ်းပါတယ်ဗျာ ။ ” လို့ လှောင်ပြောင် သရော် သွားခဲ့ပါတယ် ။

ဆက်လက်ပြီး ကာရေဂါ က ” အာဆင်း ထားခဲ့တဲ့ အာဆင်နယ် အသင်း နဲ့ အခု အမ်မရီ လက်ထက် အာဆင်နယ် အသင်း ကွာခြားမှု ဘာမှ မရှိပါဘူး။အချက်အလက်တွေ အရဆို ပိုတောင် ဆိုးလာ သလိုပါပဲ ၊ အမ်မရီ ရဲ့ ပထမရာသီတုန်းက သူ ဒီလိဂ်ရဲ့ အထာမသိသေးလို့ ဆိုပြီး အားလုံးက နားလည် ပေးခဲ့ကြပါတယ် ။ ”

” ဒါပေမယ့် သူ့ရဲ့ ဒုတိယရာသီ ရောက်လာတဲ့ အချိန်မှာ သူ အာဆင်နယ် အသင်းမှာ နောက်တစ်ရာသီ နည်းပြ အဖြစ် ဆက်ရှိမှာလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ ။ အာဆင်နယ် အသင်း ပရိသတ်တွေ အနေနဲ့ အသင်းကို အခုရောက်နေတဲ့ အဆင့်မှာ မြင်တွေ့ချင်ကြမှာ မဟုတ်ပါဘူး ၊ ကျနော်ကိုယ်တိုင်လည်း အရင်တုန်းကနဲ့ အတူတူလို ဖြစ်နေတဲ့ အသင်းကို လုံးဝ သဘောမကျပါဘူးဗျာ ။ ” လို့ ဝေဖန် ပြစ်တင် သွားခဲ့ပါတယ် ။

SPORTS MYANMAR