ရော်ဘတ်တိုဖာမီနို ဟာ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး အသင်းတို့ရဲ့ တနင်္ဂနွေနေ့ည ပွဲစဥ် မတိုင်မီ ပွဲကြို သုံးသပ်မှုမှာ ရွိုင်ကိန်းရဲ့ အငြင်းပွားဖွယ် မှတ်ချက်စကားကို ပြန်လည် တုန့်ပြန် သွားခဲ့ပါတယ်။ အိုးထရပ်ဖို့ဒ်မှာ တစ်ဂိုးစီ သရေကျ ခဲ့တဲ့ မန်ယူနိုက်တက် နဲ့ လီဗာပူး တို့ရဲ့ ပွဲစဥ် မတိုင်မီ နှစ်ဘက် ကစားသမား တွေရဲ့ အပြုအမူကို ရွိုင်ကိန်းဟာ ဒေါသထွက် နေခဲ့ပါတယ်။

မန်ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းက ပွဲစဥ် မစတင်မီ ဥမင်အတွင်းမှာ နှစ်ဘက် ကစားသမား တွေရဲ့ ဖက်လှဲတကင်း ရှိနေမှု ၊ ရင်းရင်းနှီးနှီး စကား ပြောနေမှု တွေကို ဒေါသထွက်ပြီး ဝေဖန်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်ဒီဂီယာ ဟာ လီဗာပူး ဂိုးသမား အလီဆွန် နဲ့ လက်ဆွဲ နှုတ်ဆက် ခဲ့ပြီး ဘရာဇီး ကစားသမားတွေ ဖြစ်ကြတဲ့ ဖရက်နဲ့ ပါရဲရား တို့ကလည်း ဖာမီနို ၊ ဖာဘင်ညို တို့နဲ့ ရယ်ရယ်မောမော စကား ပြောနေ ကြတာကို ရည်ရွယ်ပြီး ကိန်းက တုန့်ပြန် ခဲ့တာ ဖြစ်ပါတယ်။

ကိန်းက နှစ်ဘက်ကစားသမားတွေ အနေနဲ့ အဲဒီအချိန်မှာ ချစ်ကြည်ရေး လုပ်နေတာ ထက်စာရင် တိုက်ပွဲအတွက် ပြင်ဆင် နေသင့်တယ်လို့ ဆိုခဲ့ပါတယ်။

ကိန်းက “ဥမင်ထဲမှာ ကျွန်တော် မြင်ခဲ့ရတဲ့ မြင်ကွင်းတွေ အပေါ် အတော့်ကို စိတ်ပျက်လက်ပျက် ဖြစ်မိပါတယ် ။ သူတို့ဟာ စစ်ပွဲထဲ ဝင်ရတော့ မှာပါ။ ဒါပေမယ့် သူတို့ဟာ ပွေ့ဖက် နမ်းရှုံ့ နေကြပါတယ်။ ပြိုင်ဘက် ကို ကြည့်စရာတောင် မလိုပါဘူး ။ ကိုယ်ဟာ သူတို့နဲ့ တိုက်ပွဲ ဆင်နွှဲ သွားရမှာပါ။ ပွဲကတော့ အပြောင်းအလဲ မရှိ ခဲ့ပါဘူး။ ကစားသမား တွေကသာ ပြောင်းလဲ သွားခဲ့တာပါ။ ကိုယ်ဟာ ဒီကစားသမား တွေနဲ့ ရင်ဆိုင် တိုက်ပွဲ ဝင်သွား ရမှာပါ။ ဒါပေမယ့် သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး ဖက်လှဲတကင်း ဖြစ်နေ ကြပါတယ်။ ပွဲပြီးမှ စကား ပြောရင်ပြော ဒါမှမဟုတ် ပွဲပြီးတဲ့ အခါလည်း စကား မပြော ပါနဲ့။” လို့ ဆိုခဲ့ပါတယ်။

 

အဆိုပါ ပရီးမီးယားလိဂ် ပွဲစဥ် မတိုင်မီ မန်ယူနိုက်တက် ရဲ့ ဘရာဇီး လူမျိုးတွေ ဖြစ်ကြတဲ့ ဖရက်နဲ့ အန်ဒရီရက် ပါရဲရား တို့နဲ့ နှုတ်ဆက် စကားပြော ခဲ့တဲ့ လီဗာပူး တိုက်စစ်မှုး ရော်ဘတ်တိုဖာမီနို က ကိန်းရဲ့ မှတ်ချက်ကို ပြန်လည် တုန့်ပြန် ခဲ့ပါတယ်။

ဘရာဇီး တိုက်စစ်မှုးက “ကျွန်တော့် အနေနဲ့ ဘယ်သူ နဲ့မှ အငြင်းပွားဖွယ် ကိစ္စတွေ မဖန်တီး ချင်ပါဘူး။ ပွဲမတိုင်မီ တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်ပြီး မင်းတို့ အဆင်ပြေ ကြလား ဆိုပြီး မေးမြန်း တာဟာ သာမန် ကိစ္စ လို့ပဲ ကျွန်တော့် ဘက်က ခံစား မိပါတယ်။ ဒီလောက် ပါပဲ။ ဒီထက်လည်း ဘာမှ မပိုပါဘူး။ ဒါပေမယ့် ကွင်းထဲမှာတော့ သူတို့ဟာ ကျွန်တော့်ရဲ့ မိတ်ဆွေတွေ မဟုတ် ကြပါဘူး။ တစ်ဦးချင်းစီဟာ ကိုယ့်ရဲ့ ကလပ်ကို အကောင်းဆုံး အရည်အသွေး တွေနဲ့ ပေးဆပ်ပြီး ကာကွယ် သွားရမှာပါ။ အဲဒီနောက် ပြိုင်ဆိုင်မှုက ကွင်းထဲမှာပဲ တိုးလာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM