ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် အထိ လီဗာပူး အသင်းရဲ့ နည်းပြ ကလော့ပ်ကို မြန်မာပြည် က ပရိသတ်တွေ သာမက ၊ ကမ္ဘာတစ်ဝန်းက မီဒီယာတွေကပါ အကောင်းဆုံး အရှုံးသမား အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

သူတို့ ပြောမယ် ဆိုရင်လဲ ပြောချင်လောက်ပါပေတယ်။ ကလော့ပ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဗိုလ်လုပွဲ 7 ကြိမ် မှာ 1 ကြိမ်သာ ဗိုလ်စွဲထားခဲ့တာ ဖြစ်ပြီး ၊ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတောင် သမိုင်းကြောင်း တစ်လျှောက် တတိယ အမှတ်အများဆုံး ရယူနိုင်ခဲ့ပေမယ့် ဒုတိယ နဲ ကျေနပ် ခဲ့ရတာလေ။

အဲဒီလို ချန်ပီယံဆုတွေ နဲ့ ခဏခဏ လွဲချော်နေလွန်းလို့ ၊ ကိုယ့်ကို ကိုယ် အကောင်းဆုံး အရှုံးသမားလို့ သတ်မှတ်နေမိပြီလား လို့ မေးမြန်းခံရချိန်မှာတော့ ကလော့ပ်က လဲ “ ကျနော့် နည်းပြဘ၀ဟာ သိပ်ပြီး ကံမကောင်းခဲ့ဘူးလို့ ဆိုလိုချင်ကြတာလား………..ဟုတ်တော့လဲ ဟုတ်ပါတယ်။ ကျနော်ဟာ ဗိုလ်လုပွဲတွေ ရောက်ရင် ကံကို မစပ်ခဲ့ပါဘူး။

ဒါပေမယ့် အဲဒီလိုတွေ ခဏခဏ ကြုံနေရလို့ ၊ စိတ်ပျက်နေရင်တော့ တကယ့်ကို အရှုံးသမား စစ်စစ် ဖြစ်သွားပါပြီ။ ခင်ဗျားတို့ ပရိသတ်တွေ ၊ မီဒီယာတွေကတော့ အပြင်ကနေ ကိုယ့် အမြင်နဲ့ကို ပြောလို့ ရတာပေါ့။ ဒါပေမယ့် အဲဒါက ကျနော့် အပေါ် လွှမ်းမိုးလို့ မရဘူးလေ။ ကျနော် ကိုယ်တိုင်က အဲဒီလိုမျိုး ခံစားမိနေတာ မဟုတ်ပါဘူး။

ဒီတစ်ကြိမ် မအောင်မြင်ပေမယ့် ၊ ကိုယ့်ရဲ့ ရယူနိုင်ခဲ့တဲ့ သင်ခန်းစာတွေ ကို အသုံးချရင်း ပြန်ပြီး ကြိုးစားလို့ ရသေးတယ်ဆိုတာ လုံးဝကို ယုံကြည်ထားခဲ့တာပါ။ အဲဒီ ယုံကြည်မှုတွေကြောင့်လဲ အခုလို ဗိုလ်လုပွဲကို နောက်တစ်ကြိမ် တက်ရောက် နိုင်ခဲ့တာပေါ့ဗျာ။

တစ်ဖက်ကနေ စဉ်းစားကြည့်မယ် ဆိုရင်လဲ အခြေအနေ အချိန်အခါကြောင့် ကွာဟမှုတွေလဲ ရှိခဲ့ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျနော့်ရဲ့ နည်းပြ ဘ၀ လက်ကျန် အချိန်တွေမှာ ဆုဖလားတွေ သိမ်းပိုက်ဖို့ အခွင့်အရေးတွေ ရှိနေသေးတော့ ၊ ရသလောက် ယူနိုင်ဖို့ ကြိုးစားသွားဦးမှာပါ” ဆိုပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ မကစားခင် တုန့်ပြန် ပြောဆိုသွားခဲ့ ဖူးပါတယ်။

ဟုတ်တော့လဲ ဟုတ်ပါတယ်။ အကောင်းဆုံး အရှုံးသမားလို့ သတ်မှတ်ခံရချင်လောက်အောင် ကလော့ပ် ရဲ့ ဖလား မိုးခေါင်မှုတွေက ဆက်တိုက် ဖြစ်နေခဲ့တာပါ။ သို့သော် အဲဒီလို ဖြစ်လာဖို့ အဓိက တရားခံကလဲ ကလော့ပ် ပါပဲ။

ပြိုင်ဘက် ကလပ်တွေက ဆုဖလားတွေ အများကြီး သိမ်းပိုက်နိုင်ဖို့ ငွေအင်အားတွေ သုံးပြီး တည်ဆောက်နေတဲ့ အချိန်မှာ ၊ ကလော့ပ်ကတော့ သူ့ယုံကြည်ချက်နဲ့ သူ အသင်းကို တည်ဆောက်ပါတယ်။ ရှိပြီးသား ကစားသမားတိုင်းဟာ သူ့အတွက် ကိုယ်စားပြုပြီး ကစားပေးဖို့ ထိုက်တန်တယ် ဆိုတာ ပြသဖို့ အချိန်ပေးပြီး ၊ သက်သေပြစေတယ် ၊ မထင်မရှား အလယ်အလတ်တန်းစား ဘောလုံးသမားတွေ ရှာဖွေရင်း ပေါင်းထည့်တယ်။ ပြီးရင် စုစည်းမှု အားကောင်းကောင်း နဲ့ တိုက်ပွဲဝင် စိတ်ဓါတ် အပြည့်ရှိတဲ့ အသင်း ဖြစ်လာဖို့ ပုံဖော်တယ်။

သူဟာ အဲဒီ ပုံစံမျိုးတွေ နဲ့ ချီတက်ခဲ့ပေမယ့် …………နောက်ဆုံး ဗိုလ်လုပွဲတွေ ကစားရချိန်မှာတော့ အင်အားချင်း ဘယ်လိုမှ မယှဉ်နိုင်ပဲ ၊ အရှုံးပေးရဖန်တွေ များလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကလော့ပ်ဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ကို ဖြေရှင်းရဖို့ အကြောင်းဖန်လာခဲ့ ပြန်ပါတယ်။ အဲဒါကတော့ လီဗာပူး မှာ သူ အားအထားရဆုံး ကစားသမားတစ်ဦး ဖြစ်တဲ့ ကော်တင်ဟို ဟာ အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆို လာတာပါပဲ။

ယိမ်းယိုင်နေတဲ့ အသင်းတစ်သင်းကို ကြိုးစားတည်ဆောက်နေတဲ့ အချိန်မျိုးမှာ ၊ အသင်းရဲ့ အကောင်းဆုံး ဘောလုံးသမားက ထွက်သွားတော့မယ် ဆိုတော့ ၊ ကလော့ပ် တစ်ယောက် တော်တော်ခေါင်းခဲရပါပြီ။

ပိုင်ရှင်တွေကလဲ လီဗာပူးရဲ့ အနာဂတ်မှာ တည်ဆောင်မယ့် ပုံစံကို ရှင်းပြတယ်။ ကလော့ပ်ကလဲ ကော်တင်ဟို စိတ်ပြောင်းလေမလား ဆိုပြီး အသင်းခေါင်းဆာင် ရာထူးပေးကာ ၊ ဇန်န၀ါရီ ကာလ အထိ အချိန်ဆွဲကြည့်ပါတယ်။ သို့သော် အခြေအနေတွေကတော့ ထူးပြီး မလာခဲ့ ပါဘူး။

အဲဒီ အခိုက်အတန့်မှာတော့ ကလော့ပ် အနေနဲ့ သူလိုချင်တဲ့ အသင်းပုံစံကို တည်ဆောက်ဖို့ အချိန်တွေ အများကြီး ယူမယ် ဆိုပါက လက်ရှိ အသင်းက ကစားသမားကောင်းတွေ ရှုံးဆုံး သွားနိုင်ကြောင်း ကောင်းကောင်းကြီး သဘောပေါက် သွားခဲ့ပါပြီ။ ဒါကြောင့် သူဟာ သူ့ရဲ့ ဗျူဟာ အချို့ကို ပြောင်းလဲ လိုက်ပါတယ်။

လီဗာပူးကို ရောက်လာခါစက “ ချန်ပီယံလိဂ်ဝင်ခွင့် ရမှ ကစားချင်တဲ့ ဘောလုံးသမားမျိုးကို သူက ခေါ်ချင်တာ မဟုတ်ပါဘူး ၊ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ အတူတူ တိုက်ပွဲဝင်ရဲတဲ့ စိတ်ဓါတ်မျိုးရှိတဲ့ ကစားသမားကိုပဲ ခေါ်ချင်တာပါ” ဆိုပြီး ကြွေးကြော်ခဲ့တဲ့ ကလော့ပ်ဟာ ကော်တင်ဟိုကို ဆုံးရှုံးလိုက်ရချိန်မှာတော့

“ ချန်ပီယံလိဂ် ဖလားကို အရယူဖို့ အတူတူ တိုက်ပွဲဝင် ကစားသမားမျိုးတွေကိုပဲ ရွေးခေါ်တော့မယ်” ဆိုတဲ့ ဗျူဟာသစ်နဲ့ ခြေလှမ်း စတင်ခဲ့ပါတယ်။

ကော်တင်ဟို ရဲ့ အပြောင်းအရွှေ့ ကနေ ရတဲ့ ငွေတွေကနေ ချက်ခြင်းပဲ ဆောက်သမ်တန်လို အသင်းမျိုးက နောက်တန်း ကစားသမား တစ်ယောက်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူလိုက်ပါတယ်။ သာမန် အားဖြင့်တော့ ကမ္ဘာ့စံချိန်တင် ကြေးတွေ ပေးရတဲ့ကစားသမား အများစုဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမျိုးမှာ ခြေစွာလေ့ရှိတဲ့ ကစားသမားသော်လည်းကောင်း ၊ အလားအလာကောင်းလွန်းတဲ့ လူငယ် ကစားသမား တစ်ယောက်သော်လည်းကောင်း ဖြစ်တတ်ပေမယ့် ၊ ကလော့ပ် ကတော့ ဆောက်သမ်တန်လို အသင်းက ကစားသမားကို စံချိန်တင် ပြောင်းရွှေ့ ပေးလိုက်တာပါ။

ဗန်ဒိုက်ကလဲ ကလော့ပ်ရဲ့ ဆုံးဖြတ်တွေ ဘယ်လောက်အထိ မှန်ကန်ခဲ့သလဲ ဆိုတာ ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမား ဆု ၊ PFA အကောင်းဆုံး ကစားသမားဆု တွေ ဆွတ်ခူးရင်း သက်သေ ပြနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကလော့ပ်ဟာ ရီးရဲ နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကနေ ရတဲ့ သင်ခန်းစာကြောင့် ရိုးမား ဂိုးသမား အလီဆွန်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေးပြီး ထပ်ခေါ်ယူခဲ့သလို ၊ ဖာဘင်ဟို ၊ ရှာကွီရီ ၊ ကီတာ တို့ ကိုလဲ ထပ်မံ အားဖြည့်ခဲ့တာပါ။

အဲဒီလို ကစားသမား အင်အားတွေ ဖြည့်တင်းလိုက်ချိန်မှာတော့ သူ့အသင်းရဲ့ စွမ်းဆောင်ရည်တွေဟာ တည်ငြိမ် ကောင်းမွန်လာခဲ့တဲ့ အပြင် ပရီးမီးယားလိဂ် ဖလားကြီးကိုပါ နီးစပ်ဆုံး စိန်ခေါ် နိုင်ခဲ့ပြီး၊ ချန်ပီယံလိဂ် ဖလားကြီးကိုလဲ 6 ကြိမ်မြောက် သိမ်းပိုက် သွားနိုင်ခဲ့ ပါတယ်။

လီဗာပူး နည်းပြ ရာထူးကို ရယူခါစ က “ ကျနော့် အနေနဲ့ လက်ရှိ အနေအထားတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ စွမ်းအားတွေရှိလား ဆိုတော့ No ပါ။ ကျနော်ဟာ သာမန် လူတစ်ယောက် (Normal One) သာ ဖြစ်ပါတယ်။

အဲဒီတော့ အသင်းကို စိတ်ရှည်ရှည်ထားပြီး တည်ဆောက်ခွင့်ပေးပါ။ လာမယ့် 3 နှစ် အတွင်း လီဗာပူးဟာ ဥရောပ ရဲ့ အနိုင်ယူဖို့ အခက်ခဲဆုံး အသင်း တစ်သင်းဖြစ်အောင် ကျနော် တည်ဆောက် ပြနိုင်ပါတယ်။

ဆုဖလားအတွက်လား ……….4 နှစ်အတွင်းတော့ အနည်းဆုံး 1 လုံး ရအောင် ယူပေးပါ့မယ်ဗျာ” လို့ ပြောဆိုခဲ့တဲ့ ကတိ စကားတွေဟာ မနေ့ညက အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။

လီဗာပူး အသင်း ဗိုလ်လုပွဲမှာ အသုံးပြုသွားတဲ့ ကစားသမား စာရင်း ရဲ့ ပျမ်းမျှ အသက်ဟာ 26 နှစ်ကျော်သာ ရှိပြီး ၊ ကစားသမား အားလုံး နီးပါးရဲ့ စာချုပ် သက်တမ်းဟာလဲ 2022 ခုနှစ် အနည်းဆုံးဖြစ်နေတာကြောင့် ၊ သူတို့အုပ်စု လာမယ့် ဘောလုံးရာသီတွေမှာ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ထပ်မံ ပြသနိုင်ဦးမလား ဆိုတာ မျှော်လင့်ချင်စရာ ကောင်းလှပါတယ်…………

အပြင်လောကမှာတော့ သူဌေးသား တစ်ယောက် စီးပွားရေး လုပ်ငန်း တစ်ခု အောင်မြင်တယ် ဆိုရင် …….မိဘ ရဲ့ ငွေကြေး နောက်ခံ အားကောင်းလို့ ဆိုပြီး လူတွေ မှတ်ချက်ပေးလေ့ရှိကြပေမယ့် ၊ သာမန်လူ တစ်ယောက် အောင်မြင်သွားတယ် ဆိုရင်တော့ ကိုယ်ဒူးကိုယ်ချွှန်သမား ဆိုပြီး ၀ိုင်းဝန်း ဂုဏ်ပြု ချီးကျူးလေ့ ရှိပါတယ်။

ကလော့ပ်ဟာ အလယ်အလတ်တန်းစား ဘ၀ကနေ လီဗာပူးကို ငွေသုံးနိုင်တဲ့ ကလပ် ဖြစ်အောင် သူပဲ တည်ဆောက်ခဲ့တာပါ။

ငွေသုံးနိုင်တဲ့ အချိန်မျိုးမှာ အင်အားတောင့်တင်းတဲ့ အသင်းဖြစ်အောင် သူပဲ တည်ဆောက်ခဲ့တာပါ။

ကော်တင်ဟို လို ကစားသမားမျိုး ရှုံးဆုံးသွားတာတောင် ယိုင်နဲ့မသွားအောင် သူပဲ စီမံကိန်းတွေ ချမှတ်ခဲ့တာပါ။

အခုတော့ ဥရောပ ရဲ့ အမြင်ဆုံး အောင်မြင်မှု ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကြီးကို သူ ကိုင်မြှောက်သွားခဲ့ပါပြီ။

နည်းပြ တစ်ယောက်ရဲ့ အရည်အသွေးတွေကို ဆုဖလားတွေ နဲ့ တိုင်းတာမယ် ဆိုရင်တော့ ကလော့ပ်ဟာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေမယ့် နည်းပြမျိးတော့ မဖြစ်နိုင် ပါဘူး။

သူ ကိုယ်တိုင်လဲ ဆုဖလားတွေ ရယူနိုင်ဖို့ အတွက် အသင်းကို နေ့ချင်း ညချင်း တောင့်တင်းအောင် တည်ဆောက် ရယူလေ့ရှိတဲ့ နည်းပြမျိုးလဲ မဟုတ်ပါဘူး။

သို့သော် ….အဆောက်အဦး တစ်ခုလို အခြေခံကျကျ အုတ်မြစ်တွေ ချရင်း ၊ အောင်မြင်မှုကို တည်ဆောက် ရယူတဲ့ အရည်အချင်းဟာ နည်းပြတစ်ယောက်ရဲ့ အရည်အသွေးလို့ သတ်မှတ်ကြမယ် ဆိုရင်တော့ ကလော့ပ်ဟာ ကမ္ဘာ့အဆုံးဆုံး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်မှု အပြည့်ရှိပါတယ်။

ကျရှုံးမှုတွေ ဘယ်လောက်အထိ များပါစေ…………..စိတ်ဓါတ်မကျပါနဲ့

ပတ်ဝန်းကျင်က ဘယ်လောက်အထိ …….အရှုံးသမားလို့ ပြောပါစေ စိတ်ဓါတ်မကျပါနဲ့

ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတယ် ၊ ကြိုးစားမှုကလဲ ရပ်တန့် မသွားဘူး ဆိုရင် အောင်မြင်မှုက တစ်နေ့ ကိုယ့်ရှေ့ကို ရောက်လာမှာပါ…

ငွေကြေး အရင်းအနှီးတွေ ဆိုတာ ဒုတိယ နေရာမှာ ပဲရှိပါတယ်…………..ခင်ဗျားရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကိုတော့ ဘယ်သူမှ လာပြီး တိုက်ခိုက်လို့ မရပါဘူး။

အဲဒါ ကလော့ပ်က ပေးသွားတဲ့ သင်ခန်း စာပါ……