ယနေ့ နံနက်အစောပိုင်း မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ်မှာ လီဗာပူးအသင်းက ဆာလတ် ၊ အိုရီဂီ တို့ရဲ့ဂိုးတွေ နဲ့ စပါး အသင်းကို အနိုင်ယူပြီး ချန်ပီယံ ဆုကြီးကို ကိုင်မြောက်သွားနိုင် ခဲ့ပါတယ်။နည်းပြကြီး ကလော့ပ်လက်ထက် ဆုဖလား အောင်မြင်မှု ဆိတ်သုန်းနေမှုကို အဆုံး သတ်လိုက်နိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ သမိုင်းတလျှောက် ၆ကြိမ်မြောက် ချန်ပီံယံ လိဂ် ဆုဖလားကြီးကို ပိုင်ဆိုင်သွားခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူး အသင်းဟာ ပွဲစစချင်းမှာပဲ ဆစ်ဆိုခိုရဲ့ လက်ထိဘောကြောင့် ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဆာလတ်က အဆုံးသတ်ခဲ့လို့ ပွဲကို ဦးဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်နောက်ပိုင်းမိနစ် တွေမှာ စပါး အသင်း ရဲ့ ဖိအားပေး မှု တချို့ကိုပြန်ခံခဲ့ရပေမယ့် ဂိုးသမား အယ်လီဆင် ရဲ့လက်စွမ်းကိုမကျော်နိုင်ခဲ့သလို ဗန်ဒိုက်ဦးဆောင်တဲ့ ခံစစ်ကစားသမား တွေက ခြေစွမ်းပြသနေခဲ့လို့ ချေပဂိုးပြန်မပေးခဲ့ရတာဖြစ်ပါတယ်။ပွဲပြီးခါနီးမှာတော့ လူငယ်တိုက်စစ်မှူး လေး အိုရီဂီက အနိုင်သေချာစေမယ့် သွင်းဂိုးတဂိုးကို ထပ်သွင်းယူပေးခဲ့လို့ လီဗာပူး တို့ ပေးဂိုးမဲ့နိုင်ပွဲနဲ့ ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီရာသီမှာ အကောင်းဆုံးပုံစံပြသနေပြီး လီဗာပူး အသင်းရဲ့ တိုက်စစ်နဲ့ခံစစ် ၂ခုစလုံးကို အကျိုးပြုထားခဲ့တဲ့ညာနောက်ခံလူ အာနိုးကတော့သူ့ရဲ့ အိပ်မက်တွေဖြစ်လာခဲ့ပြီလို့ကြုံးဝါးသွားခဲ့ပါတယ်။

ပွဲအပြီး မာကာ သတင်းစာနဲ့ အင်တာဗျူး မှာ အာနိုးက – – – ” ကျွန်တော်ဟာ အိပ်မက်တွေ အမှန်တကယ်ဖြစ် လာခဲ့ တဲ့ လီဗာပူးအသင်းရဲ့ နောက်ထပ် ကစားသမားလေး တဦးသာဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။လီဗာပူး အသင်းဟာ ဦးဆောင်ဂိုးကို စောစောစီးစီး ရရှိခဲ့လို့ ပွဲကို ထိန်းကစားဖို့ ရည်ရွယ်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဖိုင်နယ် နဲ့ ကိုက်ညီတဲ့ပုံစံမျိုး ပျောက်ဆုံး သွားခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ဒါပေမယ့် အာနိုးက – – – ” ဒီပွဲကိုကျွန်တော်တို့ ပြန်ကြည့်ချိန်မှာတော့ ပျင်းစရာကောင်းတယ်လို့ အမှတ် ရမိမှာမဟုတ်ပါဘူး။ချန်ပီယံလိဂ်ဆုဖလားကြီးကို ရယူနိုင်ခဲ့တယ်ဆိုတာကိုပဲသတိရနေမှာဖြစ်ပါတယ်။အဲ့ဒီ ခံစားချက်ကို စကားလုံးတွေနဲ့ ပြောပြဖို့လည်းက်ပါတယ်။

ဒီရာသီ မှာ ကျွန်တော်တို့ လုပ်ဆောင်ထားနိုင်တွေအရ ဆိုရင် ဒီဆုကြီးကို ရဖို့အခြားသူတွေအားလုံးထက် ကျွန်တော်တို့က ပိုပြီး ထိုက်တန်တာဖြစ်ပါတယ်။ကျွန်တော်တို့ဟာကောင်းမွန်တဲ့ အရာတခုကို လုပ်ဆောင်နိုင်ခဲ့ကြတာဖြစ်ပြီး ပွဲကို လည်း လွှမ်းမိုးကစားနိုင် ခဲ့ကြပါတယ် ” လို့ပြောခဲ့ပါတယ်။လီဗာပူး အသင်းဟာပြီးခဲ့တဲ့ နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ရီးရဲလ် အသင်းကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ထိုပွဲမှာလည်းပါဝင်ခွင့်ရခဲ့တဲ့ အာနိုးဟာ ဖိုင်နယ် ၂ကြိမ်ဆက် ကစားခွင့်ရထားခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူး အသင်းဟာ အခုနှစ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာ အသင်းကို နူးကမ့်မှာ ၃-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရလို့ ပြိုင်ပွဲကနေ ထွက်ရလုနီးနီးဖြစ်ခဲ့သေးတာဖြစ်ပြီး အန်ဖီးလ်မြေမှာ ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့လို့ အံ့မခန်းပြန်လာနိုင်မှု ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ လီဗာပူး အသင်းနောက်တဆင့် တက်ရောက်နိုင်ဖို့ ဂိုးတွေ လိုအပ်နေချိန်မှာ အာနိုးက ဖန်တီးမှု ၂ကြိမ် လုပ်ဆောင်ပေးနိုင် ခဲ့သလို ချေပဂိုးပြန်မပေးရအောင်လည်း အကောင်းဆုံး ခြေစွမ်းပြသွားနိုင်ခဲ့ပါတယ်။

SM