ယာဂန်ကလော့ ဟာ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုး နဲ့ ဗဟို နောက်ခံလူ ဂျိုရယ်မာတစ် တို့ ဂန့်နဲ့ ကစား ရမယ့် လီဗာပူး ရဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကို လွဲချော် ခဲ့တဲ့ အကြောင်းရင်း ကို ထုတ်ဖော် သွားခဲ့ ပါတယ်။ အဆိုပါ ကစားသမား ၂ ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာ ယူနိုက်တက် နဲ့ အိုးထရပ်ဖို့ဒ်မှာ သရေကျ ခဲ့တဲ့ ပွဲမှာ လီဗာပူး အတွက် ပွဲချိန်ပြည့် ပါဝင် ကစား ပေးခဲ့ ကြပါတယ်။

အလက်ဇန်းဒါးအာနိုး ဟာ အဖျား ဝေဒနာ ရှိနေပြီး မာတစ်က ဒူးရောင် နေတာကြောင့် မနေ့ညက ဘယ်ဂျီယံ ကို ရောက်လာ ခဲ့တဲ့ လီဗာပူး ရဲ့ ၁၉ ဦး လူစာရင်း မှာ မပါဝင် ခဲ့ပါဘူး။

ကလော့ က “ထရန့်ဟာ ဖျားနေ ပါတယ်။ ဂျိုရယ် ကတော့ ဒီပွဲ အတွက် အဆင်သင့် မဖြစ် ခဲ့ပါဘူး။ မာတစ် ရခဲ့တဲ့ ဒဏ်ရာဟာ သေးသေးလေး ဖြစ်ပြီး ပုံမှန် အားဖြင့် ၂ ပတ် ဆိုရင် အားလုံး ပြီးသွား ပါတယ်။ ဒါပေမယ့် ဒဏ်ရာက ယူနိုက်တက်နဲ့ ပွဲစဉ် ပြီးနောက် ပြန်ပေါ် လာပါတယ်။ ဒ့ါကြောင့် အခု ကျွန်တော်တို့ အနေနဲ့ ဒီတစ်ကြိမ်မှာ ဒဏ်ရာ လုံးဝ ကင်းရှင်း သွားအောင် လုပ်သွား ရမှာပါ။ ဒါပါပဲ။

ဒါဟာ ဒဏ်ရာ ကြီးကြီးမားမား မဟုတ်ပါဘူး။ သူ့အတွက် ကတော့ ဒါဟာ အနည်းငယ် စိတ်ပျက် စရာပါ။ သူ့အနေနဲ့ ဂန့်နဲ့ ရင်ဆိုင် ကစားဖို့ အခြေအနေ မပေး ခဲ့ပါဘူး။ ထရန်ဟာ တစ်ညလုံး ဖျားနေ ခဲ့ပါတယ်။ မနက်ကျတော့ မက်ဆေ့ တိုလေး ရခဲ့ပြီး သူမကစား နိုင်ကြောင်း ပြောထား တာပါ။ သူဒီလို ပြောတယ် ဆိုရင် လုံးဝ မကစား နိုင်တာ သေချာပါတယ်။ သူ အမြန်ဆုံး ပြန်လည် သက်သာ လာဖို့ မျှော်လင့် ထားပါတယ်။ ဒါပေမယ့် ဂန့်နဲ့ ပွဲအတွက် လုံးဝ အခွင့်အရေး မရှိပါဘူး။” လို့ ဆိုခဲ့ ပါတယ်။

ဒါပေမယ့်လည်း လီဗာပူး အတွက် သတင်း ကောင်းကတော့ လက်စတာ နဲ့ ပွဲက ခြေကျင်းဝတ် ဒဏ်ရာကြောင့် မန်ယူနိုက်တက် နဲ့ သရေကျ ခဲ့တဲ့ ပွဲကို လွဲချော် ခဲ့တဲ့ အဓိက တိုက်စစ်မှုး မိုဟာမက်ဆာလား ဟာ ဘယ်ဂျီယံ ကို လိုက်ပါ လာခဲ့ပြီး ဂန့်နဲ့ ပွဲမှာ ပွဲထွက် လာဖို့ ရှိနေပါတယ်။

ကလော့ က “သူ့ကို ပြန်လည် ရလိုက်တာဟာ လုံးဝကို ကောင်းလွန်းပါတယ်။ လူစာရင်း က မိုက်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လူစာရင်းပါ။ အရာအားလုံး အိုကေ ပါတယ်။ ဒါပေမယ့် ပြောချင်တာ ဒါပါပဲ။” လို့ ဆိုသွား ပါတယ်။

ကလော့ က နောက်ထပ် ကစားသမား တစ်ဦး ဖြစ်တဲ့ ရှကီရီ အနေနဲ့ အသင်း နဲ့ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ဖို့ နီးစပ် နေပြီလို့ ဆိုသွား ပါတယ်။ ဆွစ်လက်ရွေးစင်ဟာ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ လကတည်းက နားနေ ရတာ ဖြစ်ပါတယ်။

ကလော့ က “သူ့ရဲ့ ဒဏ်ရာဟာ ထင်ထားတာထက် ပိုကြာ သွားခဲ့ ပါတယ်။ ကျွန်တော်တို့ ဒီတစ်ပတ်မှာ သူပြန်လာမယ်လို့ မျှော်လင့် ထားခဲ့ပါတယ်။ ဒါပေမယ့် အခု သူဒီကို ပါမလာ ခဲ့ပါဘူး။ ကျွန်တော်တို့ ပြန်လာတဲ့ အချိန် မှာတော့ အခြေအနေ ဘယ်လိုလဲ ဆိုတာ ကြည့်ရမှာပါ။ သူ့အတွက် ကတော့ ထူးခြားတဲ့ အရာ ဖြစ်နေပါတယ်။ ဒဏ်ရာက မကြီးပေမယ့် ကျွန်တော်တို့ မျှော်လင့် ထားတာထက် သက်သာတာ ကြာနေပါတယ်။ ဒီလိုမျိုးပါ။’ လို့ ဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်နဲ့ ပွဲမှာ လူစားဝင်လာ ပြီးနောက် ခြေစွမ်းပြ ခဲ့တဲ့ နာဘီကီတာ အနေနဲ့ ပွဲထွက်စာရင်း မှာ ပါဝင် လာနိုင်သလား ဆိုတဲ့ မေးခွန်းကို ကလော့ က “မကြာမီပေါ့။ သူဘယ်အချိန်မှာ ပွဲထွက်ခွင့် ရမလဲ ကျွန်တော် မသိသေးပါဘူး။ ဒါပေမယ့် နာဘီဟာ တစ်ပတ်ခွဲလောက် လေ့ကျင့်ခန်း အပြည့် ဆင်းနိုင်ခဲ့ပါတယ်။ ဒါဟာ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ လေ့ကျင့်ရေး အစီအစဉ်မှာ ပုံစံကောင်း ရှိနေ ခဲ့ပါတယ်။ တကယ်ကောင်း ပါတယ်။ သူတို့တစ်တွေ လေ့ကျင့်ရေး အစီအစဉ်မှာ ကောင်းနေပါတယ်။ ဒ့ါကြောင့်လည်း သူတို့ သက်ရောက်မှု တစ်ခုခု လုပ်နိုင်မယ် ဆိုတာ သိနေလို့ အိုးထရပ်ဖို့ဒ်မှာ သူတို့ကို လူစားဝင် စေခဲ့တာပါ။

အဲဒီနေ့ရဲ့ အကောင်းဆုံး သတင်း ဖြစ်ခဲ့လို့ ကျွန်တော် တကယ် ပျော်မိ ပါတယ်။ ရလဒ်နဲ့ သွင်းဂိုးကိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီသုံးဦး (ကီတာ ၊ လယ်လာနာ ၊ ချိန်ဘာလိန်) ဟာ ကျွန်တော်တို့ အတွက် အရမ်း အရေးပါတဲ့ သူတွေပါ။ ဒီအချိန် မှာတော့ သူတို့ ရစ်သမ်မှန် ပြန်ရဖို့နဲ့ ပွဲတစ်ပွဲမှာ ဒီလိုမျိုး တောက်လျှောက် ကစားပြဖို့ မလွယ်ကူ သေးပါဘူး။ လေ့ကျင့်ရေး အစီအစဉ် မှာတော့ ကျွန်တော် အများကြီး မြင်နေ ရပါတယ်။ ဒါ့ကြောင့် ဒါဟာ သတင်းကောင်းပါ။ ကီတာ ဘယ်အချိန် ပွဲထွက် ရမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သိပ်တော့ ကြာတော့မှ မဟုတ်ပါဘူး။” လို့ ဆိုသွား ပါတယ်။

SM