ဥရောပ ရဲ့ အမြင့်ဆုံး ဘောလုံး ပြိုင်ပွဲ ဖြစ်တဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီး ပြီးဆုံးသွားတာ နဲ့ပဲ ၊ ဒီရာသီရဲ့ ကလပ် ဘောလုံး ပွဲစဉ်တွေ အားလုံးဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ် ရဲ့ လီဗာပူး အသင်းကတော့ ဥရောပ ချန်ပီယံဆုကို သိမ်းပိုက် သွားခဲ့တဲ့ အပြင် ၊ ဆုကြေးငွေပေါင်း ယူရို သန်း 300 ကျော် ရှာဖွေ သွားနိုင်ခဲ့ပါတယ်။

သူတို့ အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယ နေရာနဲ့သာ ကျေနပ်ခဲ့ရပေမယ့် ၊ ၀င်ငွေအားဖြင့်တော့ အများဆုံး ကလပ်အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ အထူးသဖြင့် ရုပ်သံ ထုတ်လွှင့်တဲ့ Company တွေဟာ လီဗာပူး အသင်းရဲ့ ပွဲစဉ်တွေကို အများဆုံး ပြသခဲ့တာကြောင့် ၊ ပရီးမီးယားလိဂ် ရဲ့ ၀င်ငွေ အကောင်းဆုံး ကလပ် အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ကာ ၊ စုစုပေါင်း ဆုကြေးက ပေါင် 152.425 သန်း (ယူရို 172.011 သန်း) အထိ ရှိခဲ့ပါတယ်။

ဒါတင် မကသေးပါဘူး သူတို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလဲ ၀င်ငွေ အကောင်းဆုံး ကလပ် အဖြစ် ရပ်တည်နိုင်ခဲ့ ပြန်ပါတယ်။ ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူး အပြီးမှာတော့ ဥရောပ ဘောလုံး အဖွဲ့ချုပ်ရဲ့ ဆုကြေး စည်းမျဉ်းတွေ အတိုင်း တွက်ချက်ကြည့်ရာ ၊ လီဗာပူး တို့ ရယူနိုင်ခဲ့တဲ့ ဆုကြေး ပမာဏဟာ ယူရို 132.92 သန်း ၀န်းကျင် အထိ ရှိနေခဲ့ပါတယ်။

လီဗာပူး ရဲ့ ချန်ပီယံလိဂ် ၀င်ငွေ
———————————

ယူရို 74.35 သန်း – ချန်ပီယံလိဂ် စွမ်းဆောင်ရည် ဆုကြေး
ယူရို 35.3 သန်း – ရုပ်သံ ထုတ်လွှင့်ခကြေး
ယူရို 23.27 သန်း – UEFA Coefficient ခွဲတမ်း
စုစုပေါင်း ချန်ပီယံလိဂ် ဆုကြေးငွေ – ယူရို 132.92 သန်း

ဒါကြောင့် လီဗာပူး အသင်းရဲ့ ဒီရာသီ အဓိက ပြိုင်ပွဲကြီး 2 ခုက ဆုကြေးတွေကို ပေါင်း လိုက်မယ် ဆိုရင် ယူရို သန်း 300 ကျော် အထိ ရှိနေခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အသင်းပိုင်ရှင် ဟင်နရီက လာမယ့်ရာသီ ပရီးမီးယားလိဂ် ဖလား ရယူဖို့ အတွက် ငွေကြေးရင်းနှီး မြုပ်နှံမှုတွေ ထပ်မံပြုလုပ် သွားမှာ ဖြစ်တယ်လို့ ကတိပေးထားသလို ၊ ရေရှည် တည်တံ့တဲ့ အောင်မြင်မှုမျိုး တွေ ထွက်ပေါ်လာဖို့ အတွက် လူငယ် ကစားသမားတွေကို ထပ်မံ အားဖြည့်နိုင်ဖို့ ကြိုးစားသွားမယ့် အကြောင်း ထုတ်ဖော် ပြောဆိုထားခဲ့တာကြောင့် လီဗာပူး ပရိသတ်တွေ အတွက် မျှော်လင့်ချက်တွေ ပိုမို တောက်ပလာခဲ့ ပါတယ်။

ဒါ့အပြင် လီဗာပူး နည်းပြ ကလော့ပ်ကလဲ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယ နဲ့ ကျေနပ်လိုက်ရတဲ့ အချိန်က ၊ အခုမှ အစပဲရှိသေးတယ် (This is beginning) လို့ ပြောဆိုသွားခဲ့တာ က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူဆိုလိုချင်တာက အခုမှ သူ့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို စိန်ခေါ်နိုင်ဖို့ အတွက် ငွေကြေး ပိုင်းအရရော ၊ ကစားသမား အင်အားပိုင်းမှာပဲ တောင့်တင်းမှု အပြည့် ရှိလာတော့မယ်လို့ ဆိုလိုခဲ့ချင်ဟန် ရှိခဲ့ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဆွာရက်ထွက်သွားပြီးနောက်ပိုင်း ဥရောပ စစ်မျက်နှာတွေမှာ အခြေမလှပဲ ဖြစ်နေတဲ့ လီဗာပူး အသင်းကို ဥရောပ ကလပ် အသင်းတိုင်းက လေးစားမှု ရှိလာအောင် တည်ဆောက်ပြသွားခဲ့တဲ့ ကလော့ပ်ရဲ့ စွမ်းဆောင်ရည်တွေကိုတော့ ချီးကျူး ရတော့မှာပါ။ သူဟာ ထိပ်သီးကလပ် အသင်း တစ်သင်းကို ငွေနည်းနည်း နဲ့ ဘယ်လို တည်ဆောက်ရသလဲ ဆိုတာ ကျနော့် မျက်စိရှေ့မှာပဲ သက်သေ ပြသွားခဲ့တာပါ။

ယူနိုက်တက် ၊ အာဆင်နယ် တို့လို အသင်းတွေ ဆိုရင်လဲ ကလော့ပ်ရဲ့ လီဗာပူးကို အတုယူပြီး အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

SM