မန်ချက် စတာ ယူနိုက်တက် အသင်း နောက် ခံလူ ဟောင်း ရီယို ဖာဒီနန် က မြို့ခံ ပြိုင်ဘက် အသင်းသား ရာဟင်း စတာလင် ဟာ ကမ္ဘာ့ အကောင်းဆုံး ၅ ဦး စာရင်း ကို ၀င်ရောက် နိုင်တဲ့ အရည် အသွေးတွေ ပိုင်ဆိုင် ထား ပါပြီ လို့ ယမန်နေ့ ညက ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် တွေ အပြီး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့ အပြင် စတာလင် ဟာ ဟာဇက် ၊ နေမာ တို့ရဲ့ အဆင့် မျိုးကို လည်း ရောက်ရှိ နေပါပြီလို့ ဖာဒီနန် က ဆိုသွား ခဲ့ ပါတယ် ။

စတာလင် ဟာ အစ်တီဟတ် ကွင်း မှာ ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် မှာ အတ္တလန်တာ အသင်း ဘက်ကို ဟက်ထရစ် သွင်းယူ ပြီး စီးတီး အတွက် သက်တောင့် သက်သာ နိုင်ပွဲ ကို ရှာဖွေ ပေးခဲ့ ပါတယ် ။ စတာလင် ဟာ ဒုတိယပိုင်း ၅၈ ၊ ၆၄ နဲ့ ၆၉ မိနစ် တွေ မှာ ၃ ဂိုး ဆက်တိုက် သွင်းယူ ခဲ့တာ ဖြစ်ပြီး ပထမ ပိုင်း အပြီး မှာ ၂ – ၀ နဲ့ ဦးဆောင် နေတဲ့ စီးတီး ကို ၅ – ၁ ရလဒ် ဖြစ်စေခဲ့ ပါတယ် ။

စတာလင် ဟာ ပြီးခဲ့တဲ့ စနေနေ့ က ပွဲစဉ် မှာ လည်း သွင်းဂိုး ၁ ဂိုး ကို ဖန်တီးပေး ထားခဲ့ပြီး ယခု ရာသီ မှာ ပုံစံ ကောင်းတွေ ဆက်တိုက် ပြသ နေခဲ့ ပါတယ် ။ BT Sport ရဲ့ အစီအစဉ် သုံးသပ် တင်ဆက်သူ အဖြစ် လုပ်ကိုင် ခဲ့တဲ့ ဖာဒီနန် ကတော့ စတာလင် ရဲ့ အရည် အသွေးကို ချီးမွမ်း ပြောဆို ခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ဖြစ်နေပြီ လို့ ဆိုသွား ခဲ့ ပါတယ် ။

“လက်ရှိ မှာတော့ စတာလင် ဟာ ကမ္ဘာ့ အကောင်းဆုံး ၅ ဦး စာရင်းဝင် ဖြစ်နေ ပါပြီ ။ ဒါ အသေ အချာ ပါပဲ ။ ကျန်တဲ့ သူတွေ ဘယ်သူဆိုတာ တော့ ကျွန်တော် မဆွေးနွေး ချင် ပါဘူး ။ ဒါပေမယ့် အကောင်းဆုံး ၅ ယောက် ဆိုရင်တော့ စတာလင် လည်း တစ် ယောက် အပါ အဝင် ဖြစ်နေ မှာပါ”

“စတာလင် ဟာ ရှေ့ နှစ်တွေ တုန်းကလည်း ခြေစွမ်း ကောင်းတွေ ပြသ ခဲ့ ပါတယ် ။ ဒါပေမယ့် အကောင်း ဆုံး စာရင်းဝင် ဖို့ သွင်းဂိုးတွေ လိုအပ် ခဲ့ ပါတယ် ။ အခု သူ ဂိုးတွေ လည်း သွင်းပြ နေပါပြီ ။ ကမ္ဘာ့ အကောင်းဆုံး ကစား သမား တစ်ဦး ဖြစ်ဖို့ ဆိုတာ ခြေစွမ်း တစ်ခုတည်း နဲ့ မလုံလောက် ပါဘူး ။ ဂိုးတွေ သွင်းပြ နိုင်ဖို့ လိုအပ် ပါတယ်” လို့ ဖာဒီနန် က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့ အပြင် စတာလင် ဟာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစား သမား ဖြစ်လာ ပြီလား ဆိုတဲ့ မေးခွန်း ကိုလည်း “ဒါပေါ့ ။ သူ ကစား ရတာ ကို ကြည့်ရတာ သဘောကျ ဖို့ ကောင်း ပါတယ် ။ ကော်တင်ဟို ၊ ဟာဇက် တို့လို အရေးပါ တဲ့ ကစား သမား တစ်ယောက် ဖြစ်နေ ပါပြီ” လို့ ဖြေကြား သွားခဲ့ ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာ က လည်း ဟက်ထရစ် သွင်းယူ ခဲ့တဲ့ စတာလင် အပေါ် ၀မ်းမြောက် မိကြောင်း ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။ “စတာလင် ဟာ တကယ်ကို အံ့ဖွယ် ကစား သမားပါပဲ ။ သူက မြန်တယ် ၊ သန်မာတယ် ၊ မနက်ဖြန် နောက် တစ်ပွဲ လောက် ကစား ပါဦး ဆိုရင်တောင် ကစားနိုင် သေးတဲ့ ကြံ့ခိုင်မှု မျိုး ရှိနေ ပါတယ်” လို့ ပြောဆိုသွား ခဲ့ ပါတယ် ။

မန်စီးတီး လူငယ် လေး ဖိုဒန် ဟာ ယမန်နေ့ညက ပွဲမှာ အနီကဒ် နဲ့ ထုတ်ပယ် ခံ ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဂွာဒီယိုလာ ကတော့ ဒီ အတွက် ဘာ အပြစ်ဒဏ် မှ ပေးဖို့ အစီအစဉ် မရှိဘဲ သူ ဟာ မိုက်မဲ တဲ့ သူတွေ ကို သာ အပြစ်ပေး တတ်သူ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ရာဟင်း စတာလင် ရဲ့ မန်စီးတီး နှင့် ယခုရာသီ ပြိုင်ပွဲစုံ စွမ်းဆောင်ထားမှုများ –
ပရီးမီးယားလိဂ် – ၈ ပွဲ ကစား – ၆ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီး
ချန်ပီယံလိဂ် – ၃ ပွဲ ကစား – ၄ ဂိုးသွင်း
လိဂ် ဖလား – ၁ ပွဲ ကစား – ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီး
ကွန်မြူ နတီဒိုင်း – ၁ ပွဲ ကစား – ၁ ဂိုးသွင်း

စုစုပေါင်း – ၁၃ ပွဲ ကစား – ၁၂ ဂိုးသွင်း – ၃ ဂိုး ဖန်တီး . . . . . လက်ရှိ ကမ္ဘာ့ အကောင်းဆုံးတွေ ထဲက တစ်ယောက် လို့ သတ်မှတ်နိုင်ပြီလား ?

SPORTS MYANMAR