တူရကီနိုင်ငံ အစ္စတန်ဘူရ်မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ် အသင်းက အိမ်ရှင် ဂါလာတာဆာရေး အသင်းကို ၀-၁ ဂိုးနဲ့ အနိုင် ရခဲ့ပါတယ်။ရီးရဲလ်အတွက် တလုံးတည်းသောဂိုးကိုသွင်းယူပေးခဲ့တာကတော့ကွင်းလယ်လူ တိုနီကရူးစ် ဖြစ်ပါတယ်။

နာမည်ကြီး ရီးရဲလ် အသင်းဟာ ပြီးခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ တန်းတက်မာယော့ ကာ အသင်းကို မထင်မှတ်ပဲ အရေးနိမ့် ထားခဲ့ပေမယ့် အခုပွဲမှာတော့ ဂိုးပေါက်ကန်သွင်းမှု အပြတ်အသတ်အသာ စီးနဲ့ ကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ကရူးစ်ရဲ့ဂိုးကိုဖန်တီးပေးခဲ့တဲ့ ဟာဇက်က အဖြုန်းများနေခဲ့ လို့ ဂိုးတွေ ထပ်မရခဲ့တာ ဖြစ်ပါတယ်။

ဘယ်ဂျီယံစတား ဟာဇက် ဟာ အခုနွေမှာ ချဲဆီးလ် အသင်းကနေ ရောက်လာခဲ့တာဖြစ်ပြီး လန်ဒန်မြို့ခံအသင်းမှာတောက်ပခဲ့သလို အနေအထားမျိုးကို ရီးရဲလ်နဲ့ အတူအခုထိပြသနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။နည်းပြကြီး ဇီဒန်း ကတော့ ဟာဇက်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးစိုးရိမ်နေတာ မျိုး မရှိဘူး လို့ အခိုင်အမာ ဆိုပါတယ်။

ဟာဇက်ဟာ ဘာနေဗျူးကို ရောက်လာ အပြီး မှာ ကြံ့ခိုင်မှု ပြသနာ၊ ဒဏ်ရာပြသနာ တွေကြောင့် ပုံစံကောင်းပြသဖို့ ရုန်းကန်နေခဲ့ရပြီးပြိုင်ပွဲစုံမှာ သွင်းဂိုးတဂိုးသာ သွင်းယူထားနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။သူဟာ အခုပွဲစဉ်မှာလည်း အနည်းဆုံးသွင်းဂိုးတဂိုးလောက်ရခဲ့သင့်ပေမယ့် ဆိုးဆိုးရွားရွား လွဲချော်နေခဲ့တာဖြစ်ပါတယ်။

သူဖန်တီးပေးခဲ့တဲ့ သွင်းဂိုးကလည်း အမှန်တကယ် တမ်းမှာ ဘန်ဇီမာဆီကို ရည်ရွယ်ပြီးပေးခဲ့ပုံရပေမယ့် တိုနီကရူးစ်က ရယူပြီးဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။ဟာဇက်ရဲ့ အခုပွဲစဉ်က ခြေစွမ်းနဲ့ အဆုံးသတ်ပိုင်းအပေါ် ဇီဒန်းက –

” ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျွန်တော့် ကို စိုးရိမ် ပူပန်စေတာမျိုးတော့ မရှိပါဘူး။သူဟာပိုကောင်းလာနေပြီး ထပ်ပြီးလည်း တိုးတက်နေဦး မှာဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ အခွင့်အရေးတွေကိုဆက်ရနေဖို့ပါပဲ။ဘာကြောင့်လည်းဆိုတော့ သူက အဲ့ဒီအရာတွေကိုဂိုးအဖြစ်ပြောင်းလဲပေးသွားတော့မှာဖြစ်လို့ပါပဲ ” လို့ဖြေသွားခဲ့ပါတယ်။

ရီးရဲလ် အသင်းကိုချဲဆီးလ်ကနေ ပြောင်းလာအပြီး ဝေဖန်ခံနေရတဲ့ နောက်ထပ် ကစားသမားကတော့ ကော်တွိုက်စ်ပဲဖြစ်ပါတယ်။ဒီဘယ်ဂျီယံသားဟာ ပွဲအရေအတွက်ထက်ပေးဂိုးများနေခဲ့တဲ့ ဂိုးသမားဖြစ်ပြီး အခုပွဲမှာတော့ အကောင်းဆုံး လက်စွမ်းတကြိမ် ပြသခဲ့ပါတယ်။

ကော်တွိုက်စ်နဲ့ ပတ်သက်ပြီး ဇီဒန်းက –
” ပွဲချိန်ပထမပိုင်းမှာ သူက ကျွန်တော်တို့ကို ကယ်တင်ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါလိမ့်မယ်။သူအပါအဝင် တသင်းလုံးအတွက် ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်မိပါတယ်။သူဟာဒီလိုပွဲမျိုးတွေအများကြီးလိုနေခဲ့တာဖြစ်ပါတယ်။သူက ကျွန်တော်တို့ကို ၃မှတ်ပြည့်ရစေခဲ့တာဖြစ်ပါတယ်။

ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရချိန်မှာ ဝေဖန်ပြစ်တင်မှုတွေ ကတော့ အများကြီးရှိတန်ပါတယ်။ဒီနေ့မှာတော့အားလုံးက ကိုယ်ရည်ကိုယ်သွေးကောင်းတွေနဲ့ကစားသွားခဲ့ပြီး အနိုင်ရလဒ်ကို ထိုက်ထိုက်တန်တန် ရခဲ့တာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဥရောပရဲ့ အထင်ကရ အသင်းတသင်းဖြစ်တဲ့ ရီးရဲလ်တို့ဟာ အခုနှစ် ချန်ပီယံ လိဂ် အုပ်စု အဆင့်မှာ တော့ရုန်းကန်နေရပြီး ဒီပွဲမှာမှ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။၃ပွဲကစား ၄မှတ်သာရထားသေးလို့ အုပ်စုထိပ်ဆုံးက PSG အသင်းနဲ့ ၅မှတ်အထိကွာဟနေပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရီးရဲလ် အသင်းဟာ လာလီဂါ အမှတ်ပေးဇယားမှာလည်း မဟာပြိုင်ဘက် ဘာစီလိုနာရဲ့ အောက်ဒုတိယနေရာမှာရပ်တည်နေပါတယ်။သူတို့နှစ်သင်းဟာ လာမယ့်ပွဲစဉ်မှာ အယ်ကလက်စ်ကိုပွဲစဉ်အဖြစ် တွေ့ဆုံဖို့ရှိနေပေမယ့် လုံခြုံရေးအကြောင်းပြချက်တွေကြောင့်ပွဲကိုဒီဇင်ဘာလအထိ ရွှေ့ဆိုင်းလိုက်ပြီလို့သိရပါတယ်။

SPORTS MYANMAR