ယနေ့ နံနက်ပိုင်းမှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှာ စပါး အသင်းက ရတ်စတား ဘဲဂရိတ် အသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပြီးခဲ့တဲ့ အုပ်စုအဖွင့် ၂ပွဲမှာနိုငိပွဲပျောက်ခဲ့တဲ့ စပါးတို့ မဖြစ်မနေ အနိုင်လိုအပ်တဲ့ ပွဲမှာ ပေါက်ကွဲပြလိုက်တာလည်းဖြစ်ပါတယ်။

စပါးတို့ဟာ ပွဲချိန် ပထမပိုင်း မှာကတည်းက ၃ဂိုးပြတ် ဦးဆောင်ထားနိုင် ခဲ့တာဖြစ်ပြီး ဟယ်ရီကိန်းက တဂိုး ဆွန်ယောင်မင်က ၂ဂိုးသွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းစတင်ပြီး မကြာခင်မှာ လာမယ်လာ နဲ့ ပွဲချိန် ရ၂ မိနစ် မှာဟယ်ရီကိန်းကထပ်သွင်းပေးဂိုးလို့ အခုလို ဂိုးပြတ်နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

စပါးတို့ဟာ နောက်ဆုံးကစားထားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန် အသင်းကို ၂-၇ ဂိုးနဲ့ ဆိုးဆိုးရွားရွားအရေးနိမ့်ထားခဲ့ပြီး အဲ့ဒီနောက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက် တိုက်လည်း အရှုံးနဲ့ သရေ ရလဒ်တွေသာ ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် နည်းပြပိုချက်တီနို ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးကော လာဟလတွေ အတော်လေးအသံကျယ်ခဲ့သေးတာဖြစ်ပါတယ်။

ဒီပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့လို့ ပိုချက်တီနို ကို ဖိအားတချို့ ကနေသက်သာရာ ရစေခဲ့ပေမယ့် ကံအားလျော်စွာပဲ လာမယ့် ပွဲစဉ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးကို အန်ဖီးလ်မှာ ပွဲကျပ်သွားရောက်ရင်ဆိုင်ရဖို့ ရှိနေပြန်တာဖြစ်ပါတယ်။ပိုချက်တီနိုကတော့ ဒီပွဲကို ကောင်းမွန်တဲ့ခံစားချက်တွေနဲ့သွားကစားနိုင်ဖိုု့အတွက် အာရုံစိုက်ထားဖို့ အသင်းသားတွေကိုတိုက်တွန်းလိုက်ပါတယ်။

ရတ်စတားနဲ့ ပွဲအပြီး အင်တာဗျူးတခုမှာ ပိုချက်တီနိုက – ” ဒီအချိန်မှာ အရေးအကြီးဆုံးကတော့ စိတ်ကိုလျှော့ပြီး အေးအေးဆေးဆေးနေဖို့ပဲဖြစ်ပါတယ်။ဒီအချိန်ဟာအတော်လေးကိုကြီးမားတဲ့ အတွေ့အကြံုမျိုးဖြစ်ပြီးကျွန်တော်တို့ အရင်က ဒါမျိုးမဖြစ်ခဲ့ပါဘူး။

ကျွန်တော်တို့အတွက် အတွေ့အကြံအသစ်ဖြစ်သလို ရင့်ကျက်တည်ငြိမ်ရမယ့် အခိုက်အတန့်မျိုးလည်းဖြစ်ပါတယ်။ဒီညပွဲရလဒ်ဟာ ကျွန်တော်တို့ကို ပိုကောင်းတဲ့ ခံစားချက်မျိုးဖြစ်စေပြီး ယုံကြည်မှုအတွက်လည်း အရေးပါခဲ့ပါတယ်။၃ မှတ်ပြည့်ရခဲ့တာကလည်း အုပ်စုတွင်းရပ်တည်မှုအတွက် အရေးပါခဲ့ပါတယ်။

ဒါဟာ ဒီနေ့ ညပွဲမှာ ကျွန်တော်တို့ အတွက် အတော်လေးကို အရေးကြီးခဲ့တာဖြစ်ပါတယ်။အခုတော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ခံစားချက်တွေကိုအချိန်ယူပြီး ပြန်ရှာဖွေသွားတော့မှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂိုးပြတ်နိုင်ပွဲဖော်ဆောင်ပေးခဲ့တဲ့ အသင်းသားတွေကို ဆုအဖြစ် ယနေ့ ကို အားလက်ရက်အဖြစ်ပေးသွားမှာဖြစ်တယ်လို့လည်းပိုချက်တီနိုက အတည်ပြုခဲ့ပါတယ်။စပါး အသင်းသားတွေ ဟာနိုဝင်ဘာ ၁၅ရက်နေ့ နောက်ပိုင်းကနေ အခုထိ အားလပ်ရက် တရက်သာရရှိထားသေးတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက -” မနက်ဖြန်ဟာ အားလပ်ရက် ဖြစ်တယ် လို့ အသင်းသားတွေကို ကျွန်တော်ပြောခဲ့ပါတယ်။သူတို့ကို နားရက်လိုချင်လားလို့ မေးမြန်းခဲ့ အပြီးမှာ ကျွန်တော်က ‘ အိုကေလေ၊ မနက်ဖြန်က အားလပ်ရက်ပါပဲ ‘ လို့ပြောခဲ့တာပါ ” လို့ပြောပြသွားခဲ့ပါတယ်။

စပါး အသင်းခေါင်းဆောင်ဖြစ်သူ ဟယ်ရီကိန်းကလည်း ဒုက္ခတွေနဲ့ ရုန်းကန်နေရတဲ့ ရာသီ အဖွင့်ကာလတွေကိုထားခဲ့နိုင်ခဲ့ပြီ လို့ ကြံုးဝါးသွားခဲ့ပါတယ်။ပွဲအပြီး အင်တာဗျူး တခုမှာ ဟယ်ရီကိန်းက –

” တကယ်ကို ကြီးကျယ်ကောင်းမွန်တဲ့ ရလဒ်မျိုးဖြစ်ပြီး ကျွန်တော်တို့ လုံးဝလိုအပ်နေတဲ့ အရာလည်းဖြစ်ပါတယ်။ဆိုးရွား ခက်ခဲတဲ့ ရလဒ်တွေကြံုခဲ့ရအပြီးမှာ ဒီလို လုပ်နိုင်ခဲ့တာဟာအကောင်းဆုံးတုန့်ပြန် မှုလို့ ကျွန်တော်တို့နားလည်ပါတယ်။ဒီလိုတည်ဆောက်နိုင်မယ်လို့လည်း မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ ရှေ့ဆက်ရမယ့် ခရီး အရှည်ကြီး ကျန်နေသေးတာကိုနားလည်ပါတယ်။ဒီနေ့ ပွဲက ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို လီဗာပူးနဲ့ ပွဲမှာ ပါ လုပ်ပြနိုင်ဖို့က ကျွန်တော်တို့ အပေါ်ကို ပဲ မူတည်တာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM