လီဗာပူး အသင်းရဲ့ တောင်ပံ ကစားသမား ချိန်ဘာလိန် ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အသင်းဟောင်း အာဆင်နယ် အသင်းရဲ့ ခါးသီးလှတဲ့ မြို့ ခံ ပြိုင်ဘက် တော့တင်ဟမ် အသင်း ရဲ့ ချန်ပီယံ အိပ်မက်ကို ဖျက်ဆီးဖို့ စိတ်ဓတ် တက်ကြွမှု အပြည့် ရှိခဲ့ကြောင်း ဆိုပါတယ် ။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ချိန်ဘာလိန် ဟာ ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူ နေရခဲ့သလို တော့တင်ဟမ် အသင်းနဲ့ ပွဲမှာလည်း အရန် လူစာရင်းမှာသာ ပါဝင်ခဲ့ပြီး လူစားဝင် ကစားခွင့်တောင် မရခဲ့ပါဘူး ။
ဒါပေမယ့်လည်း လီဗာပူး အသင်းဟာ တော့တင်ဟမ် အသင်းကို နှစ်ဂိုးဂိုးမရှိ နဲ့ အနိုင် ရသွားခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ခြောက်ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့ပါတယ် ။

လီဗာပူး အသင်းဟာ ပွဲစစချင်းမှာပဲ တိုက်စစ်မှူး မိုဟာမက် ဆာလက်ခ်ျ ရဲ့ သွင်းဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပြီး အနိုင်သေချာ စေမယ့် ဂိုးကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ လူစားဝင် တိုက်စစ်မှူး အိုရီဂီ က လှလှပပ ကန်သွင်းယူ ခဲ့တာပါ ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ် အသင်း ရဲ့ ချန်ပီယံ အိပ်မက်ကို တားစီး သွားခဲ့တဲ့ သူတွေကတော့ လီဗာပူး ဂိုးသမား အလီဆွန် နဲ့ နောက်ခံလူ ဗန်ဒိုက် တို့ပဲ ဖြစ်ပါတယ် ။ ဘရာဇီး လက်ရွေးစင် ဂိုးသမား အလီဆွန် ဟာ တော့တင်ဟမ် အသင်းရဲ့ အပိုင်ကန်သွင်းချက်တွေကို လက်စွမ်းပြ ကာကွယ် နိုင်ခဲ့သလို ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရရှိ သွားခဲ့ပါတယ် ။

ချိန်ဘာလိန် က အသင်းဟောင်း အာဆင်နယ် အသင်းက အသင်းဖော်တွေနဲ့ ပရိသတ်တွေ အတွက် တော့တင်ဟမ် အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဆုဖလားကို ရယူ ပေးနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင် ဝမ်းသာမိကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အင်္ဂလန် တောင်ပံ ကစားသမား ချိန်ဘာလိန် ဟာ အာဆင်နယ် အသင်းမှာ ခြောက်နှစ်ကျော်ကြာ ကစားခဲ့ဖူးပြီး ၂၀၁၇ ခုနှစ် တုန်းကမှ ပြောင်းရွှေ့ ကြေး ပေါင် ၃၅ သန်း နဲ့ လီဗာပူး အသင်းကို ရောက်ရှိ လာတာလည်း ဖြစ်ပါတယ် ။ ချိန်ဘာလိန် ဟာ ရိုးမား အသင်းနဲ့ ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပြီး ဧပြီလ နှောင်းပိုင်းမှ ပြန်လည် ကစားနိုင်ခဲ့ပါတယ် ။

ချိန်ဘာလိန် က ဗိုလ်လုပွဲ အပြီး မာတီဆက်ကာ နဲ့ အင်တာဗျူးမှာ ” အာဆင်နယ် အသင်းကစားသမားဟောင်း တစ်ယောက်အနေနဲ့ ဒီနိုင်ပွဲက ပရိသတ်တွေ အတွက် ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာ ကျနော် သိပါတယ် ။ လီဗာပူး အသင်း အတွက်လည်း အရမ်း အရေးကြီး ခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် ပရိသတ်တွေက ” တစ်ချိန်က ဂန်းနား ဖြစ်ခဲ့ဖူးရင် အမြဲတမ်း ဂန်းနား ဖြစ်နေမှာပါ ။ ” လို့ ပြောလေ့ ရှိပါတယ် ။ ”

” ကျနော် သိကျွမ်းခဲ့တဲ့ အာဆင်နယ် အသင်း က မိတ်ဆွေတွေ အတွက် တော့တင်ဟမ် အသင်းကို အနိုင်ယူဖို့ လိုအပ်တယ်ဆိုတာကို တွေးတောမိပါတယ် ။ သူတို့လည်း ကျနော်တို့ကို နိုင်စေချင်မှာပါ ။ ကျနော်တို့ အားလုံး လုပ်နိုင်ခဲ့တဲ့ အတွက် ဝမ်းသာ မိပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR