ဂန်းနား ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က အာဆင်ဝင်းဂါး ထွက်ခွာ သွားတဲ့ အချိန်မှာ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အမ်မရီ ဟာ အာဆင်နယ် အသင်းကို ကိုင်တွယ်လာတာ ဒုတိယမြောက် ရာသီ ရှိပြီ ဖြစ်ပေမယ့် ဘယ်နေရာမှ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင် နိုင်စွမ်း မရှိသေးကြောင်း ဝေဖန် သုံးသပ် လိုက်ပါတယ် ။

ဒါ့အပြင် ပေါလ်မာဆင် က အာဆင်နယ် အသင်းမှာတိုက်စစ် လမ်းကြောင်းကို ဖွင့်ပေးနိုင်မယ့် ဘောလုံး အမြင်ရှိပြီး ဂိုးဖန်တီးမှု အားကောင်းတဲ့ ကွင်းလယ်လူ လိုအပ် နေကြောင်း ဝေဖန် ထောက်ပြ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ နှစ်နှစ်ဆက် လွဲချော်ပြီးနောက် နည်းပြကြီး အာဆင်ဝင်းဂါး နဲ့ လမ်းခွဲခဲ့ပြီး ပီအက်စ်ဂျီ နည်းပြဟောင်း အမ်မရီကို အစားထိုး ခန့်အပ် ခဲ့တာလည်း ဖြစ်ပါတယ်။ အမ်မရီ ရဲ့ ပထမဆုံးရာသီမှာ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ အလွန်နီးစပ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာလည်း ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ် ။

အမ်မရီ ရဲ့ ဒုတိယမြောက် ရာသီမှာတော့ အာဆင်နယ် အသင်း ကြုံတွေ့ ရင်ဆိုင်နေကြ ပြဿနာတွေနဲ့ ပြန်လည် ရင်ဆိုင်နေရပြီး တနင်္လာနေ့တုန်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၉) မှာလည်း အာဆင်နယ် အသင်းဟာ ရှက်ဖီးယူနိုက်တက် အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့် သွားခဲ့ပါတယ် ။

Sky Sports ရဲ့ ဘောလုံး ဝေဖန် သုံးသပ်သူ တစ်ယောက် ဖြစ်တဲ့ ပေါလ်မာဆင် ကတော့ ရှက်ဖီးယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ” ဒါ ပုံမှန် ပြန်ဖြစ်သွားတာပဲ မဟုတ်ဘူးလား ၊ လူတွေက ဘာတွေ မျှော်လင့်နေကြသလဲတော့ ကျနော်လည်း မသိပါဘူး ၊ အခု လက်ရှိ အာဆင်နယ် အသင်း ကစားတာက အားကြိုးမာန်တက် မရှိဘဲ ပေါ့ပျက်ပျက် ကစားနေတဲ့ပုံပါပဲ ။ ,”

” လက်ရှိ အသင်းက ဝင်ဂါး ကိုင်တဲ့ အသင်းလား မှတ်နေရတယ် လို့ ပရိသတ် တွေက ပြောနေကြတယ် ၊ အဲ့ဒါတော့ ကျွန်တော် လည်း မပြောတက် ပါဘူး ၊ ဒါပေမယ့် သူတို့ ခံစစ် ပိုင်းမှာ သက်သောင့် သက်သာ ကစား နိုင်ခဲ့ကြတယ်လေ ။ ဒေးဗစ်လူးဝဇ် ကတော့ အသင်းနဲ့ အံဝင်ဖို့ အချိန် လိုအပ်နေပါသေးတယ် ။ ”

“အာဆင်နယ် အသင်း ရဲ့ တိုက်စစ်ဆင် ကစားပုံကလည်း ဘာ ပရိယာယ်မှ မရှိတာကို သွားတွေ့ရပါတယ် ။ ခရစ်ဝိုင်ဒါ က သူ့အသင်းအနေနဲ့ အာဆင်နယ် အသင်းကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ၊ အမ်မရီ ရဲ့ အာဆင်နယ် ကတော့ ‘ ပထမပိုင်းပြီးတဲ့ချိန် နဲ့ ပွဲပြီးတဲ့ချိန်ကျမှာ ပြောကြတာပေါ့ ‘ ဆိုတဲ့ပုံမျိုး ဖြစ်နေပါတယ် ။ ”

” ခရစ်ဝိုင်ဒါ သာ အာဆင်နယ် ကို ကိုင်ရင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာ ကျနော် စဉ်းစား ကြည့်မိပါတယ် ။ အာဆင်နယ် အသင်း ရှက်ဖီး ကို ရှုံးနိမ့်တာကို ဘယ်သူမှ တအံ့တဩ ဖြစ်ပြီး မပြောတော့ကြပါဘူး ၊ အခု အခြေအနေကို ပရိသတ်တွေကော ၊ နည်းပြကော အသင်းကော အားလုံး လက်ခံ ရမှာပါ ။ ”

” ရှက်ဖီးယူနိုက်တက် ကလည်း အာဆင်နယ် လို ကစားနေနိုင်ပါပြီ ၊ အာဆင်နယ် အသင်းက အရင်ကထက် ဘာတွေ တိုးတက်လာသလဲလို့ မေးရင်တော့ ဘာမှ ထွေထွေထူးထူး မတွေ့မိပါဘူး ၊ ကွင်းလယ်မှာ တိုက်စစ် လမ်းကြောင်း ဖွင့်ပေးမယ့်သူမျိုး ရှိမနေပါဘူး ။ ”

” အာဆင်နယ် အသင်း ဘယ်လောက်ပဲ စုတ်ပြတ်သတ်နေပါစေ ၊ အသင်းတိုင်းက သူတို့နဲ့ ရင်ဆိုင်ရတိုင်း ဘောလုံးနောက်မှာ ၁၀ ယောက်လောက်ထားပြီး တိုက်စစ်မှူး နှစ်ဦးကို ကပ်ထားလိုက်ရုံပါပဲ ၊ ဒါကြောင့် တိုက်စစ် ကစားသမားတွေကို ပံ့ပိုးပေးနိုင်မယ့် ကွင်းလယ် ကစားသမား လိုအပ်ပါတယ် ။ ဘောလုံးအမြင် ရှိပြီး ဖန်တီးပေးနိုင်မယ့်သူမျိုးပါ ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR