အာဆင်နယ် အသင်းဟာ ရာသီကုန်ရင် ကစားသမား ဘဝက အနားယူတော့မယ့် ဂိုးသမား ပီတာဆက်ခ်ျ နေရာ အစားထိုးဖို့ ဂိုးသမား တစ်ဦး လိုအပ် နေတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းမှာ ယခုလက်ရှိ ပွဲထွက် ဂိုးသမား အဖြစ် လီနို ရှိနေပြီး အရန် ဂိုးသမား တစ်ဦး လိုအပ် နေတာပါ ။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ပီတာဆက်ခ်ျ နေရာ အစားထိုးဖို့ အင်တာမီလန် ဂိုးသမား အိုင်ယွန်နက် ရာဒူ ( Ionut Radu ) ကို ပစ်မှတ်ထား နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာပါတယ် ။ ဒါ့အပြင် ရာဒူရဲ့ အေးဂျင့် ဖြစ်သူ ကလည်း အာဆင်နယ် အသင်းဘက်က ဆက်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ အတည်ပြု ပြောကြား ထားပါတယ် ။

ရာဒူ ရဲ့ အေးဂျင့် ဖြစ်သူ ခရီဇန်ဇို စီစီရီ က အာဆင်နယ် အသင်းဟာ ရာဒူ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း နဲ့ လိုင်ယွန် အသင်းကလည်း ချိတ်ဆက်မှုတွေ ပြုလုပ် နေကြောင်း ထုတ်ဖော် ပြောကြား ထားပါတယ် ။

ခရီဇန်ဇို စီစီရီ က အင်တာဗျူး တစ်ခုမှာ ” သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေကြတဲ့ အသင်းတွေကတော့ အများကြီး ပါပဲ ။ လိုင်ယွန် အသင်းလည်း ပါပါတယ် ။ လက်တစ်လော အတွင်းမှာတင် အာဆင်နယ် အသင်းကလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို လာရောက် အကဲခတ် ခဲ့ပါတယ် ။ သူက အဘက်ဘက်ကနေ တိုးတက်ကောင်းမွန်လာနေတဲ့ ကစားသမား တစ်ဦးပါ ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းရဲ့ ဂိုးသမားတွေ ဖြစ်တဲ့ ပီတာဆက်ခ်ျ ဟာ ကစားသမား ဘဝက အနားယူတော့မှာ ဖြစ်သလို အော့စ်ပင်နာ ဟာလည်း နာပိုလီ အသင်းကို အပြီးသတ် ပြောင်းရွှေ့ ဖွယ် ရှိနေတာကြောင့် အရန် ဂိုးသမား တစ်ဦး ခေါ်ယူဖို့ လိုအပ်နေပါတယ် ။

အာဆင်နယ် အသင်း ပစ်မှတ်ထားနေတဲ့ ဂိုးသမား ရာဒူ ဟာ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးပြီး ၂၀၁၃ ခုနှစ်တုန်းက အင်တာမီလန် လူငယ် အသင်းကို ရောက်ရှိ လာတာလည်း ဖြစ်ပါတယ် ။ ရိုမေးနီးယား ယူ-၂၁ လက်ရွေးစင်ဟောင်း ရာဒူ ဟာ အင်တာမီလန် အသင်းကြီး အတွက် တစ်ပွဲသာ ပါဝင် ကစားခွင့် ရထားပါတယ် ။

ဒီရာသီမှာ ရာဒူ ဟာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက် ဂျီနိုအာ အသင်းကို အငှား ထွက်ကစားခဲ့ပြီး ၃၃ ပွဲ ကစားထားပြီး Clean-Sheet ခြောက်ပွဲ ရယူ ထားနိုင်ပါတယ် ။ အင်တာမီလန် အသင်း နည်းပြသစ် ကွန်တီ လက်အောက်မှာ ရာဒူ ဟာ ပွဲထွက်ခွင့် ထပ်မံ ပျောက်ဆုံးဖွယ် ရှိနေတာကြောင့် အာဆင်နယ် အသင်းကသာ ကမ်းလှမ်းလာပါက လန်ဒန်ကို ပြောင်းရွှေ့ ဖွယ် ရှိနေပါတယ် ။

ရာဒူ ကတော့ သူ့ရဲ့ လက်စွမ်းပိုင်း ပိုမို တိုးတက် ကောင်းမွန်လာဖို့ အတွက် ဂျီနိုအာ အသင်းမှာာပဲ နောက်ထပ် တစ်ရာသီ အငှားထွက် ကစားချင်ကြောင်း ထုတ်ဖော် ပြောကြား ထားဖူးပါတယ် ။

SPORTS MYANMAR