ဘေးကြပ်နံကြပ်အခြေအနေမျိုးမှာ ချဲဆီးလ်အသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးနေပြီးတိုးတက်အောင် လုပ်ပေးနေတဲ့ လမ်းပတ်ကြောင့် အာဆင်နယ်နည်းပြကြီး အမ်မရီအတွက် ဖိအားတွေအပုံလိုက်တိုးလာနေခဲ့ပြီ ဖြစ်တယ် လို့ ဂန္တဝင် ကစားသမားကြီးတဦးဖြစ်တဲ့ အလန် စမစ် က ဆိုလိုက်ပါတယ်။

လမ်းပတ်ရဲ့ ချဲဆီးလ် အသင်းဟာ လူငယ်တွေရဲ့ ခြေစွမ်းနဲ့ အတူ အကောင်းဆုံးပုံစံကို ရနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ ရှုံးပွဲမရှိကစားထားပြီးသွင်းဂိုးစုစုပေါင်း ၁၅ဂိုးအထိရ ရှိထားတာဖြစ်ပါတယ်။သူတို့ဟာ ပရီးမီးယားလိဂ်အဖွင့်မှာ အနည်းငယ်ရုန်းကန်ခဲ့ရသေးပေမယ့် အခုတော့ တတိယနေရာအထိတက်လှမ်းထားနိုင် ခဲ့တာဖြစ်ပါတယ်။

ချဲဆီးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ နည်းပြ ကြီးဆာရီရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေးနည်းစနစ်မှာ ယူရိုပါလိဂ်ဖလားအပါအဝင် အောင်မြင်မှု အချို့ရရှိခဲ့သလို လမ်းပတ်ရဲ့ နည်းစနစ်ပိုင်း လိုအပ်ချက်တွေအတိုင်း လူငယ်လေးတွေက အံဝင်အောင်ကစားပြနေတာဖြစ်ပါတယ်။

အမ်မရီကတော့ အာဆင်နယ်ကို ရောက်နေတာ ၁၈ ကာလကြာနေပြီဖြစ်ပေမယ့် သူ့ရဲ့ အတွေးအခေါ်အတိုင်း အသင်းကို တည်ဆောက်ပေးဖို့ အခုထိရုန်းကန်နေရသေးတာဖြစ်ပါတယ်။အခုအပတ် အတွင်းမှာ တန်းတက် ရှက်ဖီးလ်ကိုတောင် အရေးနိမ့်ခဲ့တဲ့ပွဲက ဒီအခြေအနေကို မီးမောင်းထိုးပြနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းမှာ ဆယ်စုနှစ် တခု နီးပါး ကစားပေးခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း အလန်စမစ်ကတော့အမ်မရီရဲ့ အာဆင်နယ်အသင်း ဒီရာသီမှာ Top 4တောင် မဝင်နိုင်ခဲ့ရင် မေးစရာမေးခွန်းတွေ အများကြီး ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာဗျူးတခုမှာ အလန်စမစ်က -” အမှတ်ပေးဇယားကို ကြည့်လိုက်မယ်ဆိုရင် အာဆင်နယ် အသင်းက နေရာကောင်မှာရှိနေသေးတယ်ဆိုတာကို ြမင်ရမှာဖြစ်ပါတယ်။စပါးနဲ့ ယူနိုက်တက်တို့ကြံုနေရတဲ့ အခြေအနေတွေ ကြောင့်လည်း အာဆင်နယ်အသင်းက Top 4ဝင်ခွင့်အတွက် ကြီးမားတဲ့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်နေပါတယ်။

သူတို့သာ ဝင်အောင် မလုပ်နိုင်ခဲ့ဖူးဆိုရင်တော့ အဖြေပေးစရာမေးခွန်းတွေအများကြီးရှိလာပါလိမ့်မယ်။ဒါ့အပြင် နောက်ထပ်ရာသီ အာဆင်နယ်အသင်းမှာ သူ ( အမ်မရီ ) ရှိတော့မှာ တောင်မဟုတ်ဘူးဆိုတာကိုခင်ဗျားတို့ တွေးမိပါလိမ့်မယ်။

အာဆင်နယ် အသင်းအနေနဲ့ သူတို့ရဲ့ အခြေအနေသူတို့ကိုယ်တိုင်ကောင်းမွန်အောင်လုပ်ဆောင်ရမှာဖြစ်ပြီး ရလဒ်ကောင်းတွေရဖို့လည်းလိုပါတယ်။ဘာကြောင့်လည်းဆိုတော့ အပေါက်ကအဲ့ဒီနေရာမှာ ရှိနေလို့ဖြစ်ပါတယ်။ချဲဆီးလ်အသင်းကတော့ လမ်းပတ်ရဲ့ဦးဆောင်မှုနဲ့ အကောင်းဆုံးလုပ်ဆောင်ထားနိုင်နေပါပြီ။

ဒါ ဟာမတူညီတဲ့ အခြေအနေ တရပ်ဆိုတာကိုတော့ ကျွန်တော်နားလည်ပါတယ်။ဒါပေမယ့်လည်း ကိုယ်လိုချင်တဲ့ ကစားကွက် စတိုင်အတိုင်းလုပ်ခွင့်ရနေတဲ့ နည်းပြတယောက်ကို ရထားပါလျက် နဲ့ သူ့ရဲ့ နည်းစနစ် ကစားကွက်ကို မမြင်နိုင်သေးတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းသားတွေဟာ ဘောလုံး ဆုံးရှံုးချိန်တွေမှာဆိုရင် ခြောက်နှစ်သား၊ ခုနှစ်နှစ်သားအရွယ်လေးတွေလိုပါပဲ။ သူတို့အနေနဲ့ ပြိုင်ဘက် အသင်းသားတွေကို အားပေးအားမြောက် ပြုသလို လုပ်မိနေတာတွေကို ရပ်တန့်နိုင် ပြီး အကျပ်အတည်းတွေကနေ ရုန်းထွက် နိုင်စွမ်းရှိမယ့်သူတွေဖြစ်ဖို့ တော့ မျှော်လင့်မိပါတယ်။

ဒါဟာ ပြောရမယ်ဆိုရင် တော့ ပွဲကိုအစပြုဖို့ကြိုးစားနေခဲ့တဲ့ ပြိုင်ဘက်အသင်းကို ဘာမှမလုပ်နိုင်တော့အောင်ပိတ်ပစ်လိုက်နိုင်မယ့်စွမ်းရည်မျိုးဖြစ်ပါတယ်။အသင်းတသင်းဟာအမြဲတမ်းကစားသမားကောင်းတွေလိုအပ်တာဖြစ်ပြီး အာဆင်နယ်အနေနဲ့ ဆောင်းရာသီစျေးကွက်မှာကွင်းလယ်လူတဦးကိုရှာဖွေဖို့လိုပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ လေ့ကျင့်ရေးကွင်းမှာ ဖြစ်နေတဲ့ အရာတွေကို ပြေပြေလည်လည်ဖြစ်အောင်စွမ်းဆောင်ထားနိုင်နေခဲ့တဲ့အဖွဲ့အစည်းဖြစ်လာနေပါပြီ။ဒါမျိုးမဖြစ်ခဲ့တာအတော်လေးကြာပြီဖြစ်လို့လည်း အမ်မရီအနေနဲ့ ဒါကိုဆက်ပြီး အာရုံစိုက်ဖို့ လိုပါတယ်” လို့ပြောခဲ့တာဖြစ်ပါတယ်။