ယနေ့ နံနက်ပိုင်းမှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ရီးရဲလ် အသင်းက ဂါလာတာဆာရေး အသင်းကိုတူရကီမြေမှာ ၀-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ ရီးရဲလ်တို့ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် ဟာဇက်က အသုံးမချနိုင် ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲချိန် ၁၈မိနစ်မှာ ဒီဘယ်ဂျီယံသားရဲ့ ဖန်တီးမှုကနေရသွားတဲ့ ဘောလုံးကို တိုနီကရူးစ်ကအနိုင်ဂိုးအဖြစ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။တိုနီကရူးစ်အတွက်တော့ ကစားသမားဘဝ ရာပြည့် ချန်ပီယံ လိဂ်ပွဲစဉ်အဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး အမှတ်တရဂိုးကို ပါသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ် အသင်းဟာ နွေရာသီစျေးကွက်အတွင်းမှာ ငွေကြေးအမြောက် အများသုံးစွဲပြီး အသင်းကို အင်အားဖြည့်ထားပေမယ့် ဆိုးရွားတဲ့ ရာသီအစကို ကြုံတွေ့ထားခဲ့ လို့ ဝေဖန်ပြစ်တင်မှုတွေကို အတော်လေးခံထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာတော့ ရလဒ်ကောင်းတွေပြန်ရနေပြီး လာလီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းလည်းဖြစ်တဲ့ ရီးရဲလ်တို့ဟာ အုပ်စုအဖွင့် ၂ပွဲမှာနိုင်ပွဲပျောက်ထားခဲ့ပေမယ့် အခုပွဲမှာ အနိုင်ရခဲ့လို့ အခြေအနေကောင်းတချို့ကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ဒါကြောင့်လည်းဂါလာတာဆာရေးနဲ့ ပွဲအပြီး အင်တာဗျူးမှာတိုနီကရူးစ်က –

” ကျွန်တော်တို့ အနေနဲ့ ဒီရာသီကို အတော်လေးဆိုးရွားတဲ့ ပုံစံမျိုးနဲ့ စတင်ခဲ့ ကြတာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လည်း အတူူတူပဲဖြစ်ပါတယ်။အခုနိုင် ပွဲဟာ ၁၆သင်းအဆင့်အကြောင်းကို စဉ်းစားနိုင်ဖို့ အတွက် အရေးပါတဲ့ နိုင်ပွဲလည်းဖြစ်ပါတယ်။

ကျွန်တော်တို့ တသင်းလုံးဟာ နည်းပြ ကြီးနဲ့ အတူ အားလုံးအတူ တကွ ရှိနေကြတာဖြစ်ပါတယ်။ရှံုးရင်လည်းအတူ နိုင်လည်းအတူူတူပဲဖြစ်ပါတယ်။ကျွန်တော်တို့ ဟာဇီဒန်း တဦးတည်းအတွက် ကစားနေတာမဟုတ်ပါဘူး။တဦးတယောက်အတွက်ကစားပေးနေတာမဟုတ်ပဲအားလုံး အတူတကွ ကစားနေကြတာဖြစ်ပါတယ်။မာယော့ကာနဲ့ ပွဲမှာ ဖြစ်ပျက်ခဲ့တာတွေကြည့်ပြီး ကျွန်တော်တို့ တိုးတက်ဖို့ လုပ်ရဦးမယ်ဆိုတာကို သိနားလည်ပါတယ်။

အစ္စတန်ဘူရ် မှာ ကစားခဲ့တဲ့ ပွဲမှာ ကျွန်တော်တို့ တိုးတက် ကောင်းမွန်အောင် လုပ်နိုင်ခဲ့ပေမယ့် ပိုကောင်းအောင် လုပ်လို့ ရပါသေးတယ်။ကျွန်တော်တို့ နောက်ထပ် ၂ဂိုးလောက်ပိုသွင်းနိုင်ခဲ့သင့်တာဖြစ်ပါတယ်။တခါတလေမှာခင်ဗျားတို့ အမြင်ကလောက် ကျွန်တော့်အသင်းက ဆိုးရွားနေတာတော့မဟုတ်ပါဘူး ” လို့ပြောသွားခဲ့ပါတယ်။

ရီးရဲလ် အသင်းဟာပြီးခဲ့တဲ့ နွေမှာ ကစားသမားတွေအားဖြည့်ထားခဲ့ပေမယ့့်ကွင်းလယ်လူမိုဒရစ်ကခြေမမှန်တော့သလို ကေ့စ်မီယိုကလည်း အစားထိုးနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ဒါကြောင့်လည်းကွင်းလယ်လူတဦးကိုအနှေးနဲ့အမြန်ဆိုသလိုခေါ်ဖို့လိုနေတာဖြစ်ပါတယ်။ဒါပေမယ့် လည်း တိုနီကရူးစ်ကတော့ သူ့ရဲ့ခြေစွမ်းကို အားရကျေနပ်နေပြီး တတ်နိုင်သလောက် ရေရှည်ကစားသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။နွေရာသီမှာ ကစားသမားသစ်တွေထပ်ခေါ်ဖို့ လိုလာလို့မေးမြန်းရာမှာ ကရူးစ်က –

” ကျွန်တော်မသိပါဘူး။ကျွန်တော်လည်းဆုံးဖြတ်လို့ မရပါဘူး။ကျွန်တော်ကိုယ့်အကြောင်းကိုယ်ပဲ ပြောလို့ ရပါတယ်။ကျွန်တော် ဒီရာသီကို ကောင်းကောင်းစထားနိုင်ခဲ့သလို ရုပ်ပိုင်းဆိုင်ရာအရ လည်း ကောင်းမွန်နဲ့ ခံစားချက်မျိုး ရရှိနေပါတယ်။

ကျွန်တော့်အတွက် အရာရာဟာ အဆင်ပြေနေပါတယ်။ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အတော်ဆိုးရွားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းအဲ့ဒီအရင် ကျွန်တော်တို့ ဘာတွေ လုပ်ထားနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ကျွန်တော်ဟာခံစားချက်ကောင်းကိုရနေပြီးဒီအတိုင်းရှေ့ဆက်ချင်ပါတယ် ” လို့ပြောခဲ့ပါတယ်။