ချန်ပီယံလိဂ် အုပ်စု အဆင့် တတိယမြောက်ပွဲစဉ် တွေကို မနေ့က ညက ဆက်လက် ယှဉ်ပြိုင် ကစား ခဲ့ရာ ချယ်လ်ဆီး အသင်း ဟာ လူစားဝင် တိုက်စစ်မှူး မစ်ချီ ဘတ်ရှူဝါရီ ရဲ့ တလုံးတည်း သော သွင်းဂိုး နဲ့ အတူ ခြေကြွ နေတဲ့ အေဂျက်ဇ် အသင်း ကို ၄င်းတို့ရဲ့ အိမ်ကွင်း ရှေ့မှောက် မှာ အနိုင်ယူ ပြခဲ့ပါတယ် ။

ဒါဟာ လူစားလဲ မြန်ဆန်မှု နဲဲ့ မှန်ကန်မှု ရှိခဲ့တဲ့ ဖရန့် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် ကို ချီးကျူး ရမှာ ဖြစ်ပါတယ် ။ တဖက်မှာ လည်း အေဂျက်ဇ် အသင်း ဖက်က ကြည့်ရင် ပထမပိုင်း အတွင်း တောင်ပံ ကစားသမား ပရိုမက်စ် ရဲ့ သွင်းဂိုး ကို VAR မှ ပယ်ဖျက်လိုက်တဲ့ အတွက် အတော်လေး နစ်နာ ခဲ့ရတယ် လို့ ဆိုရမှာပါ ။

၂သင်းလုံး က လူငယ် ကစားသမား အများစု နဲ့ စုဖွဲ့ ထားသလို ၊ တိုက်စစ် အားသန် နည်းပြ ၂ဦး ကိုင်တွယ် နေတဲ့ အသင်း တွေ ဖြစ်ကြတာကြောင့် ပွဲ အစ အဆုံး တိုက်စစ်ပိုင်း ဖျော်ဖြေမှု များစွာ ပေးသွားတဲ့ ပွဲစဉ် တပွဲ ဖြစ်ခဲ့ ရပါတယ် ။ အထူးသဖြင့် အေဂျက်ဇ် အသင်း ဟာ ပထမပိုင်း ကို စိုးမိုး ခဲ့သလို ၊ ချယ်လ်ဆီး အသင်း ကတော့ ဒုတိယပိုင်း မှာ ပြိုင်ဖက် ကို ခြေအသာ နဲ့ ကစားပြ သွားခဲ့ပါတယ် ။

၂သင်း စလုံး ဂိုးရနိုင်မယ့် အခွင့်အရေး ကိုယ်စီ ရှိခဲ့ကာ ချယ်လ်ဆီး အသင်း က အခွင့်အရေး ဖန်တီးမှု အပိုင်း မှာ ပိုပြီး အသာ ရခဲ့ပါတယ် ။ ပထမပိုင်း မှာ အိုဒွိုင်း နဲ့ တွဲ ကစား နေရာ က မေဆင်မောင့် ပင်နယ်တီ ဧရိယာ ထဲကို ဆွဲဝင် ကန်သွင်းချက် ဂိုးသမား အိုနာနာ ပုတ်ထုတ် ကာကွယ် သွားခဲ့လို့ ချယ်လ်ဆီး တို့ စောစောစီးစီး ဦးဆောင်ဂိုး မရခဲ့ပါဘူး ။

ဒါ့အပြင် ပထမပိုင်း အတွင်း မှာ အိုဒွိုင်း ရဲ့ တကိုယ်တော် ထိုးဖောက်မှု တွေ ၊ အပိုင် ကန်သွင်းခွင့် တချို့ ရှိခဲ့ပေမယ့် ဂိုးပေါက် နဲ့ တက်တက်စင် လွဲချော် နေခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ အေဂျက်ဇ် အသင်း ကတော့ ဇိုင်းယက်ချ် ၊ ဗန်ဒီဘိခ် တို့ရဲ့ အဝေး ကန်ချက် တွေကို အားပြု ကစား ခဲ့ကာ ပရိုမက်စ် ရဲ့ တောင်ပံ ကနေ မြန်နှုန်းမြင့် ထိုးဖောက် ခဲ့ပါတယ် ။ ပထမပိုင်း အတွင်း မှာတော့ အေဂျက်ဇ် ဖက်က VAR က ပယ်ဖျက် လိုက်တဲ့ ဂိုး က လွဲရင် ကျန်တဲ့ အခွင့်အရေး များများစားစား မရခဲ့ပါဘူး ။

ဒုတိယပိုင်း ပြန်အစ မှာ ချယ်လ်ဆီး အသင်း အထလေး ခဲ့ပြီး ဒါကို အေဂျက်ဇ် တို့ အကောင်းဆုံး အသုံးချဖို့ ကြိုးစား ခဲ့ရာ ထောင့်ကန်ဘော ကနေ တဆင့် ကွင်းလယ်လူ အဲလ်ဗာရက်ဇ် ရဲ့ ခေါင်းတိုက်ချက် တိုင်ထိ ထွက်ခဲ့လို့ ချယ်လ်ဆီး တို့ သက်သာရာ ရခဲ့ ပြန်ပါတယ် ။ အဲ့ဒီနောက် မှာတော့ တပွဲလုံး ချယ်လ်ဆီး အသင်း ကို တိုက်ကစား လာခဲ့တာကြောင့် အေဂျက်ဇ် တို့ အာရုံစိုက်မှု အတော်လေး လျော့ကျ ခဲ့ရပါတယ် ။

၂သင်းလုံး ဟာ လူငယ် အသင်း တွေ ဖြစ်ကြပေမယ့် တိုက်စစ် ကစားသမား တွေရဲ့ pressing တွေက လက်ဖျား ခါရလောက် အောင် ကောင်းမွန် ခဲ့ပါတယ် ။ တဖက်မှှာလည်း နောက်ခံလူ တွေရဲ့ ဘောလုံး အပျက်များမှု တွေကို ၂ဖက် အသင်း မှာ မြင်တွေ့ ခဲ့ရပါတယ် ။ ဒီ ပွဲစဉ် ကို အဓိက ကွာခြား သွားစေတာ ကတော့ ပူလီဆစ် – ဘတ်ရှူဝါရီ တွဲလုံး ပါပဲ ။

တောင်ပံ တိုက်စစ် နေရာ မှာ အလုပ် မဖြစ်တဲ့ ဝီလီယံ နဲဲ့ ပြိုင်ဖက် ခံစစ်မှူး တွေရဲ့ တိတိကျကျ လူကပ် ကစားခြင်း ကို ခံနေခဲ့ရတဲ့ အေဘရာဟမ် တို့ကို ထုတ်ကာ ပူလီဆစ် နဲ့ ဘတ်ရှူဝါရီ တို့ကို ထည့်သွင်းလိုက်ခြင်း က ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် ကို ပိုမို သွက်လက် စေခဲ့ပါတယ် ။ ဘတ်ရှူဝါရီ သာ အဆုံးသတ် တိကျမယ် ဆိုရင် ဟက်ထရစ် တောင် ရနိုင်တဲ့ အထိ ချယ်လ်ဆီး တို့ အခွင့်အရေး ရခဲ့ပါတယ် ။

ဒီ ပွဲရဲ့ တလုံးတည်းသော သွင်းဂိုး ကတော့ ပူလီဆစ် ရဲ့ ပညာသား ပါပါ ပေးပို့မှု ကို နောက်က တက်လာတဲ့ အလွန်ဆို အသာအယာ ဟပေးပြီး ဘတ်ရှူဝါရီ က အားပါ ပြင်းထန်တဲ့ ကန်သွင်းချက် နဲ့ အတူ အဆုံးသတ် ခဲ့တာ ဖြစ်ပါတယ် ။ လက်ကျန် ပွဲချိန် တွေမှာ အေဂျက်ဇ် ဖက်က ဟန်တယ်လာ ၊ ဆီယန် ဒီဂျောင် တို့ကို ထည့်သွင်း ခဲ့ပေမယ့် ဘယ်လိုမှ အလုပ် မဖြစ် ခဲ့တာကြောင့် ချယ်လ်ဆီး တို့ အဝေးကွင်း မှာ အဖိုးတန် အနိုင် ၃မှတ် ရခဲ့ပါတယ် ။

အေဂျက်ဇ် ( ၄ – ၃ – ၃ )

ဂိုးသမား – အိုနာနာ ။
နောက်တန်း – ဒတ်စ် ၊ ဗက်မန်း ၊ ဘလင်း ၊ တာဂလီယာဖီကို ။
ကွင်းလယ် – လီဆန်ဒရို မာတီနက်ဇ် ၊ အဒ်ဆင် အဲလ်ဗာရက်ဇ် ၊ ဗန်ဒီဘိခ် ။
တိုက်စစ် – ဇိုင်းယက်ချ် ၊ တာဒစ် ၊ ပရိုမက်စ် ။

ချယ်လ်ဆီး ( ၄ – ၃ – ၃ )

ဂိုးသမား – ကီပါ ။
နောက်တန်း – အက်ဇ်ပီလီကွီတာ ၊ ဇူးမား ၊ တိုမိုရီ ၊ အလွန်ဆို ။
ကွင်းလယ် – ဂျော်ဂျင်ဟို ၊ ကိုဗာဆစ် ၊ မေဆင်မောင့် ။
တိုက်စစ် – အိုဒွိုင်း ၊ အေဘရာဟမ် ၊ ဝီလီယံ ။

SPORTS MYANMAR