အာဆင်နယ် အသင်း နဲ့ ပြင်သစ် ကွင်းလယ်လူဟောင်း အီမန်နျူရယ် ပီတစ် က ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ အသင်းကို ဦးဆောင် နိုင်စွမ်း မရှိတဲ့သူ ဖြစ်ကြောင်း ဝေဖန် ထိုးနှက် သွားခဲ့ပြီး လူငယ် ကြယ်ပွင့် ဂွမ်ဒူဇီ ကတောင် ရှာကာထက် အသင်းကို ပိုမို ဦးဆောင်နိုင်စွမ်း ရှိကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ အသင်း ခေါင်းဆောင် ငါးဦးကို အသင်းသားတွေကို မဲပေး ရွေးချယ်ခိုင်းခဲ့တာဖြစ်ပြီး ရှာကာ က ပထမ အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ် ။ တိုက်စစ်မှူး အူဘာမီယန်းကတော့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဘယ်လာရင်၊လာကာဇက်၊အိုဇေးလ် တို့လည်း အသင်းခေါင်းဆောင် ငါးဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ် ။

ပီတစ် ကတော့ ရှာကာကို အမြဲတမ်း အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ် ခဲ့တဲ့ နည်းပြ အူနိုင်း အမ်မရီ ရဲ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်အောင် ဖြစ်နေပြီး ဆွစ်ဇာလန် ကွင်းလယ်လူ ရဲ့ အကောင်းဆုံး အရည်အသွေးက ဘာလဲလို့ မေးခွန်းထုတ် ဝေဖန် သွားခဲ့ပါတယ် ။

ပီတစ်က Paddy Power နဲ့ အင်တာဗျုးမှာ ” တနင်္လာနေ့တုန်းက ပွဲမှာသာ ဗီအဲရာ ကွင်းထဲမှာ ရှိနေခဲ့ရင်လို့ စိတ်ကူးယှဉ်ကြည့်လိုက်ဗျာ ၊ သူသာဆို အသင်းဖော်တွေ အားလုံးကို မင်းတို့ ဘာလို့ ​​​​ောက်တလွဲတွေ လုပ်နေကြတာလဲလို့ အော်ဟစ် ကျိန်ဆဲနေမှာ အမှန်ပါပဲ ။ ”

” ရှာကာ အဲ့လိုမျိုး လုပ်တာမျိုးတော့ ကျနော် လုံးဝ မတွေ့မိပါဘူး ၊ ဒါပေမယ့် ဂွမ်ဒူဇီ ဆီမှာတော့ တွေ့ရပါတယ် ၊ သူက ပွဲတိုင်းကို အနိုင်ရချင်ပြီး ခြင်္သေ့တစ်ကောင်လို ရဲရင့်တဲ့ အသည်းနှလုံးကို ပိုင်ဆိုင် ထားသူပါ ၊ ဒါကြောင့် အမ်မရီရဲ့ ယုံကြည်မှုကို ရနေတာ ဖြစ်မှာပါ ။ ”

” ကွင်းထဲမှာ ဂွမ်ဒူဇီ ဒေါသထွက် ပေါက်ကွဲနေတာကို မြင်ရပြီး အသင်းရှုံးမှာကို လုံးဝ မလိုလားတဲ့သူဆိုတာ မြင်တွေ့ရပါတယ် ။ နောက်ပြီး ဂွမ်ဒူဇီ က ဘောလုံး ရယူဖို့ အတွက် အမြဲလိုလို စိတ်အားထက်သန်နေတတ်သူပါ ၊ သူ့ရဲ့ခွန်အားကို ကောင်းကောင်း အသုံးချပြီး ကစားနိုင်ပါတယ် ။ ”

” ဒါနဲ့ စကားမစပ် ရှာကာ က အကောင်းဆုံး အရည်အသွေးက ဘာများလဲဗျာ ၊ သူ့ကို ဘာကြောင့် အသင်းခေါင်းဆောင် ပေးခဲ့သလဲ ဆိုတာ မသိပါဘူး ၊ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းလည်း လုံးဝ မရှိပါဘူး ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁:၃၀ မှာ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် (၃) အဖြစ် အိမ်ကွင်း အမ်းမရိတ်မှာ ပေါ်တူဂီ ကလပ် ဗစ်တိုးရီးယား အသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစား ရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR