ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ခံစစ်မှူး ဖီကာယို တိုမိုရီ ဟာ မနေ့ည က ကစား သွားခဲ့တဲ့ အေဂျက်ဇ် အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲမှာ အထူး ခြေစွမ်း ပြသ ခဲ့ကာ ၊ အေဂျက်ဇ် အသင်း ရဲ့ False 9 တိုက်စစ်မှူး ဒူဆန် တာဒစ် ကို အကောင်းဆုံး လူကပ် ကစား သွားခဲ့ပါတယ် ။ တိုမိုရီ ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ လမ်းပတ် ရဲ့ နေရာ ပေးမှုကြောင့် ထွန်းတောက် လာတဲ့ လူငယ် ကစားသမား တဦး ဖြစ်ပါတယ် ။

ဒါ့အပြင် ဝါရင့် ခံစစ်မှူး ဒေးဗစ် လူးဝဇ် အာဆင်နယ် အသင်း ထံသို့ ပေါင် ၈သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့တဲ့ တချက် ၊ အဓိက ခံစစ်မှူး ရူဒီဂါ ဒဏ်ရာကြောင့် အခု အချိန် ထိ မကစား ပေးနိုင်သေးတဲ့ တချက် တို့ကြောင့် တိုမိုရီ ဟာ ချယ်လ်ဆီး အသင်း ရဲ့ အဓိက ခံစစ်မှူး တဦး အနေနဲ့ပါ ရပ်တည် လာနိုင် ခဲ့ပါတယ် ။

မနေ့ည က ပွဲမှာ တိုမိုရီ ရဲ့ အခန်း ကဏ္ဍ အရမ်း အရေးပါ ခဲ့ပြီး ချယ်လ်ဆီး အသင်း ရဲ့ ခံစစ်ကြောင်း ကို အကောင်းဆုံး နဲ့ တည်တည်ငြိမ်ငြိမ် ဦးဆောင် သွားခဲ့ပါတယ် ။ အရေးပါတဲ့ ဘောလုံး ဖျက်ထုတ်မှု ၊ လျင်မြန်မှု ကို အသုံးချပြီး ပြိုင်ဖက် အသင်း ရဲ့ တိုက်စစ် ကစားသမား တွေကို တားဆီး ပြနိုင်မှု တွေက ၎င်းရဲ့ အားသာချက် တွေ ဖြစ်ခဲ့ပါတယ် ။

ထို ပွဲစဉ် အပြီး BT Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာတော့ ချယ်လ်ဆီး ကွင်းလယ်လူ ဟောင်း ဂျိုကိုးလ် က တိုမိုရီ ဟာ သူ့ကို အရင် က ချယ်လ်ဆီး မှာ အတူတူ တွဲဖက် ကစားခဲ့ဖူးတဲ့ ပြင်သစ် ခံစစ်မှူးဟောင်း ဝီလီယံ ဂါးလက်စ် ကို ပြန်ပြီး အမှတ်ရ စေခဲ့ကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

ဂျိုကိုးလ် က ” ဖီကာယို ဟာ ကျွန်တော့ ကို ကစားသမား ဘဝ အကောင်းဆုံး အချိန် က ဝီလီယံ ဂါးလက်စ် ကို ပြန်ပြီး အမှတ်ရ စေပါတယ် ။ ကျွန်တော့ အတွက် ကတော့ သူ့ရဲ့ ခြေစွမ်းပိုင်း တိုးတက်မှု က ပြီးပြည့်စုံမှု ရှိပါတယ် ။ သူဟာ ဒီလို ခြေစွမ်းမျိုး ကို အကယ်ဒမီ မှာ ကစား ကတည်းက ပိုင်ဆိုင် ခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက် သူ အငှား ထွက်ကစား ခဲ့ရပါတယ် ။ ပထမ ၆လ ကတော့ လမ်းပတ် ရဲ့ လက်အောက် မှာ သူ ကစား ခဲ့ရတယ် ။ ”

” ဒုတိယ ရာသီဝက် မှာတော့ အက်ရှ်လေကိုးလ် နဲ့ အတူတူ တွဲကစားခွင့် ရခဲ့ပါတယ် ။ အက်ရှ်လေ သူ့ကို မကြာခဏ စကား ပြောခဲ့ဖူးပါတယ် ။ သူ့ကို ထိပ်တန်း ခံစစ်မှူး တဦး ဖြစ်လာစေဖို့ ဘာ တခုမှ သင်ကြားပေးဖို့ မလိုခဲဘူး လို့ ပြောခဲ့ပါတယ် ။ ခင်ဗျား အနေနဲ့ ဒီလို လူငယ် ခံစစ်မှူးကောင်း တဦး အနေနဲ့ လာမယ့် ဘောလုံး ရာသီ ၂ခုလောက် ပုံမှန် ကစားခွင့် တွေ ရလာမယ် ဆိုရင် သူဟာ အခု ထက် ပိုကောင်းလာဖို့ပဲ ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း နည်းပြဟောင်း ဂလင်း ဟော်ဒယ် ကလည်း ” ဒီ ချာတိတ် ဟာ လျင်မြန်မှု ကို ပိုင်ဆိုင် ထားတယ် ။ ငယ်ရွယ် နုပျိုတဲ့ တိုက်ပွဲဝင် စိတ်ဓာတ် လည်း ရှိနေတယ် ။ နောက်ပြီး လွယ်လွယ် နဲ့ အလျှော့ မပေးတတ်ဘူး ။ ဒီ အချက် တွေဟာ လူငယ် ကစားသမား အများစု မှာ မြင်တွေ့ ရတတ်တဲ့ အချက် တွေ ဖြစ်ပါတယ် ။ ပြင်းပြတဲ့ စိတ်ဆန္ဒ နဲ့ ကြိုးစားချင်စိတ် တွေပေါ့ ။ ဒီလို ကြိုးစားမှုမျိုး ဒေးဗစ် လူးဝဇ် ဆီက ရနိုင်ပါ့မလား ? ”

” ဒီ အကြောင်း ဟာ ကျွန်တော့ ဖက်က ဒေးဗစ် လူးဝဇ် ကို မလေးစား တာ မဟုတ်ပါဘူး ။ သူဟာ မတူညီတဲ့ ခြေစွမ်း အဆင့်အတန်း နဲ့ မြင့်မားတဲ့ အတွေ့အကြုံ ကို ပိုင်ဆိုင် နေပြီ ဆိုပေမယ့် တိုမိုရီ လိုမျိုး စိတ်ဓာတ် နဲ့ ကြိုးစားမှုမျိုး ကိုတော့ သူ စွမ်းဆောင် နိုင်မှာ မဟုတ်ပါဘူး ။ ကျွန်တော့ အထင်တော့ တိုမိုရီ ဟာ လာမယ့် ၂နှစ် ၊ ၃နှစ် အတွင်း မှာ ဥရောပ ရဲ့ ထိပ်တန်း အဆင့် ခံစစ်မှူး ဖြစ်လာပါလိမ့်မယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR